သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NDF ဦးခင်မောင်ဆွေ ရွေးကောက်ပွဲ ဝင်တော့မည် မဟုတ်


အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ ဗွီအိုအေကို ပြောပါတယ်။ ရွေးကောက်ပွဲ ဝင်ခွင့်ရဖို့အတွက် ကော်မရှင်မှာ ပထမတကြိမ် ခွင့်တောင်းလွှာ တင်ခဲ့ရပြီးနောက် အခုတခါ ထပ်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေကို လိုက်နာပါ့မယ်ဆိုတဲ့ ခံဝန်ကတိမျိုး ထပ်ပြီး တင်ခိုင်းတဲ့အတွက် ဒါကို သူ့အနေနဲ့ မတင်နိုင်တဲ့အကြောင်း ဦးခင်မောင်ဆွေက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းတဲ့အခါ ဦးခင်မောင်ဆွေက အခုလို ပြောပါတယ်။

“တင်ဖို့အကြောင်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဒီဥပဒေကို လိုက်နာပါ့မယ်ဆိုပြီး ပါတီထောင်၊ ပါတီမှတ်ပုံတင်လည်း ချပေးထားပြီး ကျူးလွန်ခဲ့တဲ့ အမှုလည်း ခံပြီးပြီ၊ လွတ်လည်း လွတ်နေပြီ၊ သာမန်ပြည်သူ တယောက်လည်း ဖြစ်နေပြီ၊ ပါတီ Founder တွေ အဖြစ်လည်း ပါနေပြီ။ အဲဒါကို ထပ်ပြီးတော့ ဟိုတုန်းက ဒီအပြစ်တွေ ရှိခဲ့တယ် ဆိုတာကို အလိုအလျောက် ပယ်ဖျက်ပေးရမယ့် အစား ကျနော်တို့ကိုလာ ကြိုးနဲ့ချီတယ်။ ခင်ဗျားတို့ တင်ပြရမယ်၊ တင်ပြမှ၊ ဒီဥပဒေကို လိုက်နာမှဆိုပြီး ပုဂ္ဂိုလ်ရေး ထပ်ပြီးတော့ ကြိုးနဲ့ချီတာ။ ဒါကြောင့် ကျနော်ကတော့ မတင်ပါဘူး။

“ဘာကြောင့်လဲဆိုတော့ ဒါဟာ မှတ်ပုံတင်တုန်းက ပါပြီးသား ကိစ္စတွေကို နောက်တခါ ဒုတိယအကြိမ် ထပ်ပြီး တောင်းတာမို့ ဥပဒေအရ ကြည့်ရင်လည်း သဘာဝရုပ်တိ မကျဘူးလို့လည်း ထင်ပါတယ်။ နိုင်ငံသား အခွင့်အရေးကိုလည်း ပိတ်ပင်တယ်လို့ ယူဆတဲ့အတွက် ကျနော်က ပြန်လည်တင်ခြင်း မရှိပါဘူး။ တခြားပုဂ္ဂိုလ်တွေတော့ ဘယ်သူတင်မယ်၊ မတင်ဘူးဆိုတာ ကျနော် မသိပါဘူး။”

တကယ်လို့ ဆရာ ပြန်မတင်တဲ့အခါမှာ ရွေးကောက်ပွဲဝင်ဖို့ ကိစ္စကို ထိခိုက်လာမယ် ဆိုရင်ရော။

“ကျနော်မှ ရွေးကောက်ပွဲ မဝင်တော့တဲ့ဟာ၊ ဘာထိခိုက်စရာအကြောင်း ရှိမလဲ။ ကျနော့်ကိစ္စပဲ၊ ပါတီကိစ္စ မဟုတ်ပါဘူး။ ကျနော်က ၁၂၂၊ ၁၂၄ ပုဒ်မနဲ့ ကျလို့ နိုင်ငံတော် သစ္စာဖောက်မှုကို ကျူးလွန်တယ် ဆိုပြီးတော့ ထောင်ဒဏ် ၁၇ နှစ် ကျနော် ကျခံခဲ့ပြီးပြီ။ ကျခံခဲ့တာ သူတို့ အပြစ်ရှိတယ်လို့ သတ်မှတ်လို့ ဒီအပြစ်ကြွေးကို ဆပ်ပြီးပြီ။

“ဆပ်ပြီးတဲ့ လူတယောက်က လွတ်လပ်တဲ့ ပြည်သူဘဝကို ရောက်သွားတာတောင်မှ လိုက်ပြီးတော့ ကန့်သတ်တာဟာ ပြည်သူလူထုရဲ့ အခွင့်အရေးကို ပိတ်ပင်ရာ ရောက်တယ်လို့ ယူဆလို့ ကျနော်က ထပ်ပြီး တင်ခြင်း မရှိပါဘူး။ အသနားခံရမယ်ဆိုလည်း မခံနိုင်ပါဘူး။ ဒါကြောင့်မို့ ကျနော် ရွေးကောက်ပွဲကိုလည်း ဝင်ဖို့ အကြောင်းမရှိပါဘူး။ ထပ်လည်း တင်ဖို့ အကြောင်းမရှိပါဘူး။ ပါတီကို ထိခိုက်စရာ မရှိပါဘူး။ ဒါ ပုဂ္ဂိုလ်ရေး ကိစ္စတွေပါ။”

ဟုတ်ကဲ့၊ ကျနော် သေချာအောင် ထပ်မေးပါရစေ၊ ဆရာ ရွေးကောက်ပွဲ မဝင်တော့ဖို့ ဆုံးဖြတ်ပြီးပြီပေါ့။

“ဟုတ်ပါတယ်။ ကျနော် မတင်ရင် ဝင်လို့မရဘူးလေ။ ကျနော် ထပ်ပြီးတော့ ဒါတွေတင်မှ ဝင်ရမှာကိုး။ ဝင်ချင်ရင် တင်ပါဆိုတာ မဝင်ချင်ရင် မတင်နဲ့ဆိုတော့ ကျနော်က မေးပါတယ်၊ ဝင်ချင်ရင် တင်ရမယ်ဆိုရင် မဝင်ချင်ရင် မတင်ရဘူးလားဆိုတော့ မဝင်ချင်ရင် မတင်လို့ရတယ်ဆိုတာ ပုဂ္ဂိုလ်ရေး ကိစ္စတွေပါ။ လူတဦးတယောက်ကို ကန့်သတ်တဲ့ ကိစ္စတွေပါ။ ပါတီနဲ့ မဆိုင်ပါဘူး။”

မနေ့က ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တယ်လို့ ဦးဉာဏ်ဝင်းကတဆင့် ကျနော်တို့ သိရပါတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်က လူထုကို တိုက်တွန်းပါတယ်တဲ့၊ ရွေးကောက်ပွဲဟာ လျစ်လျူရှုထားလို့ မရဘူး၊ စိတ်မဝင်စားလို့ မရဘူး၊ ကြည့်နေဖို့ လိုတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုအပြောအပေါ်မှာ ဆရာ ဘယ်လိုနားလည်ပါသလဲ၊ ဆရာ့သဘောထားကရော အဲဒါကို ဘယ်လိုမြင်ပါသလဲ ခင်ဗျ။

“ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ ခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာ လုပ်ခဲ့ပြီး အခုလည်း ကျနော်တို့ ခေါင်းဆောင်အဖြစ် ကျနော်တို့က သတ်မှတ်ထားတာပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ခေါင်းဆောင်ကြီးပဲလေ။ နောက်ပြီးတော့ ကမ္ဘာမှာလည်း အသိအမှတ် ပြုခံထားရတဲ့ ဒီမိုကရေစီခေါင်းဆောင် တဦးပဲလေ။

“အစကတည်းကိုက ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ဘယ်တုန်းကမှ ပြစ်မှားခြင်း မရှိခဲ့ပါဘူး။ ဒေါ်စုက ဒီမိုကရေစီ ကျင့်စဉ်တွေကို ဘယ်တော့မှ သွေဖည်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ ကျနော်တို့ ဒါမျိုးကို မစဉ်းစားခဲ့မိပါဘူး။

“ဒေါ်စုပြောတဲ့ဟာက ရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့ ဆန္ဒကို ခံယူမယ့်ပွဲ ဖြစ်တယ်။ ပြည်သူတွေ ပါဝင်ပတ်သက်မယ့် ဟာကို ဒေါ်စု လျစ်လျူမရှုဘူး ဆိုတာကို ပြောတဲ့ကိစ္စပါပဲ။ ပြည်သူ့ဆန္ဒကို ထုတ်ဖော်တဲ့ ပွဲတပွဲကို ဒီမိုကရေစီခေါင်းဆောင် တယောက် အနေနဲ့တော့ ဘယ်တော့မှ မပြစ်ပယ်ဘူးဆိုတဲ့ သဘောကို ရောက်တယ်လို့ ကျနော် ယူဆပါတယ်။”

အခုလက်ရှိ အခြေအနေမှာ ဆရာတို့ NDF ပါတီအနေနဲ့ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ်လောင်း ဘယ်လောက်ဝင်ဖို့ အခြေအနေ ရှိပါသလဲခင်ဗျ။

“ကျနော်တို့ကတော့ ၁၀၀ တော့ ကျော်လိမ့်မယ် ထင်တာပဲ။ သို့သော်လည်း အခက်အခဲတွေ ဖြတ်ကျော်တဲ့ အခါကြတော့ ၁၀၀ လောက်မှာ သွားတင်လိမ့်မယ် ထင်တယ်။ အစကတော့ ၁၂၀ လောက် ရမလား၊ ၁၃၀ လောက် ရမလား၊ မှန်းဆတာပေါ့ဗျာ။ အခက်အခဲတွေ အများကြီး ကြုံနေရတဲ့ အခါကြတော့ တင်ပြီးတာတောင် ပယ်တာ ရှိရင်ရှိဦးမယ်လေ။ အဲတော့ အောက်ခြေ ၁၀၀ လောက်ကတော့ ကျန်လိမ့်မယ်လို့ ယူဆပါတယ်။”

ဆရာက ရွေးကောက်ပွဲ မဝင်တော့ဘူးဆိုတော့ NDF ပါတီရဲ့ ခေါင်းဆောင်အနေနဲ့တော့ ဆက်ရှိနေမှာလား ခင်ဗျာ။

“ဟုတ်တယ်၊ ကျနော်က NDF ပါတီရဲ့ ခေါင်းဆောင်လည်း ဟုတ်တယ်၊ နိုင်ငံရေး ဦးဆောင်ကော်မတီရဲ့ ခေါင်းဆောင်လည်း ဟုတ်တယ်။ ကျနော်ကတော့ မှတ်ပုံတင်တာ ကျနော့်ကို ခေါင်းဆောင်အနေနဲ့ တင်ပေးပါဆိုလို့ ကျနော် ခေါင်းဆောင်အနေနဲ့ သွားတင်ရတာကိုး။ ကျနော်တို့ ပါတီဝင် ၁၉ ဦးက ကျနော့်ကို ခေါင်းဆောင် မြှောက်လိုက်တာကိုး။ မြှောက်တော့ ကျနော်က ခေါင်းဆောင်ပါပဲ။ ရွေးကောက်ပွဲဝင်တာ၊ မဝင်တာနဲ့ မဆိုင်ပါဘူးခင်ဗျ။”

NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ရွေးကောက်ပွဲ မဝင်တော့ဖို့ သူဆုံးဖြတ်လိုက်တဲ့ အခြေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကားအပေါ် သူ့သဘောထားတွေကို ပြောပြသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG