သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးချုပ် Dmtry Medvedev နှုတ်ထွက်ဖို့ ရုရှားလူထု ထောင်ချီဆန္ဒပြ


ရုရှားပြည်သူတွေ လမ်းမတွေပေါ်မှာ ဆန္ဒပြ (မတ် ၂၆၊ ၂-၁၇)
ရုရှားပြည်သူတွေ လမ်းမတွေပေါ်မှာ ဆန္ဒပြ (မတ် ၂၆၊ ၂-၁၇)

ရုရှားနိုင်ငံ တဝှမ်းမှာ အတိုက်အခံ ခေါင်းဆောင် Alexei Navalny ဦးဆောင်တဲ့ အဂတိ လိုက်စားမှု ဆန့်ကျင်ရေးနဲ့ ဝန်ကြီးချုပ် Dmitry Medvedev နုတ်ထွက်ပေးရေး ထောင်နဲ့ချီတဲ့ ရုရှားပြည်သူတွေ လမ်းမတွေပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။ လူထု ချီတက်ပွဲကို အသွား မော်စကိုမြို့တော်မှာ အတိုက်အခံ ခေါင်းဆောင် Navalny ကို ဖမ်းဆီးလိုက်ပြီလို့လည်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

မသမာမှုတွေ ရှိခဲ့တဲ့ လွှတ်တော် ရွေးကောက်ပွဲတွေကို ၂၀၁၁ - ၂၀၁၂ အကြီးအကျယ် ဆန္ဒပြမှုတွေ နောက်ပိုင်း အခု ဆန္ဒပြပွဲက မကျေနပ်ချက်တွေ ပေါက်ကွဲထွက်လာတဲ့ အကြီးဆုံး ဆန္ဒပြပွဲတခု အဖြစ်လည်း ရှုမြင်ကြပါတယ်။ အခုအချိန်ထိတော့ ရုရှား နိုင်ငံပိုင် သတင်းတွေမှာ ဒီဆန္ဒပြပွဲတွေ အကြောင်း တလုံးတပါဒမှ မပြောသေးပါဘူး။ မြို့တချို့တို့မှာ ဆန္ဒပြနေကြတယ်လို့ သတင်း ဝက်ဘ်ဆိုက်တွေနဲ့ လူမှုကွန်ယက် ဆိုရှယ် မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

ဗလာဒီဗော့စတော့မှာတော့ ဒါဇင်နဲ့ချီ ဖမ်းခံရတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဝန်ကြီးချုပ် Medvedev က အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်းတွေရဲ့ လျို့ဝှက် အချိတ်အဆက်တွေနဲ့ ဇိမ်ခံ အိမ်ယာတွေ၊ အပျော်စီး သဘောၤတွေ၊ စပျစ်ခြံတွေ စုဆောင်းထားတယ်လို့ စွပ်စွဲထားတဲ့ အသေးစိတ် အချက်အလက်တွေပါ သတင်းတပုဒ် ဒီလ အစောပိုင်းက လူသိရှင်ကြား ထွက်ပေါ်လာပြီး နောက်မှာ အတိုက်အခံ ခေါင်းဆောင် Navalny က ဆန္ဒပြဖို့ ဆော်သြခဲ့တာ ဖြစ်ပါတယ်။

အင်တာနက် ယူကျူ့ ပေါ်မှာ တင်ထားတဲ့ ဒီသတင်းကို ကြည့်ရှုတဲ့ အကြိမ်ရေ ၁၁ သန်းရှိပါတယ်။ ဝန်ကြီးချုပ် Medvedev ကတော့ ဒီကိစ္စကို တစုံတရာ မတုံ့ပြန်သေးပါဘူး။ ဒီနေ့ နှောင်းပိုင်းမှာ စိန့်ပီတာစဘဂ်နဲ့ မော်စကိုမြို့တို့မှာလည်း ခွင့်ပြုမိန့် မရှိဘဲ ဆန္ဒပြကြဖို့ စီစဉ်ထားကြပါတယ်။

အတိုက်အခံ ခေါင်းဆောင် Navlny ရဲ့ တရားဝင် ဝဘ်ဆိုက်မှာတော့ မြို့ပေါင်း ၉၉ ခုတို့မှာ ဆန္ဒပြဖို့ စီစဉ်ခဲ့ပေမယ့် ၇၂ မြို့တို့မှာတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဆန္ဒပြဖို့ ခွင့်မပြုခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG