သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးဇီလန်ငလျင် ၆၅ ယောက်ထက်မနည်း သေဆုံး


ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသည့် အဆောက်အဦးတခု။ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၁။
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသည့် အဆောက်အဦးတခု။ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၁။

နယူးဇီလန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး ခရစ်စ်ချာ့ချ် (Christchurch) မြို့မှာ ဒီကနေ့ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် အချိန်မှာ ပြင်းအား ၆.၅ မဂ္ဂနီကျုရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆၅ ယောက် သေဆုံးပြီး လူတွေ ရာနဲ့ချီ ဒဏ်ရာတွေ ရသွားခဲ့ရတယ်လို့ မြို့တော် ဝယ်လင်တန် (Wellington) ကနေ ခရစ်စ်ချာ့ချ်မြို့ကို ချက်ချင်း ရောက်ရှိလာတဲ့ ဝန်ကြီးချုပ် ဂျွန်ကီး (John Key) က ရုပ်သံလွှင့် ပြောကြား ခဲ့ပြီးတော့ နယူးဇီလန်နိုင်ငံကို အမှောင်ထုကြီး ကျရောက်ခဲ့တဲ့နေ့ကို အားလုံးဟာ ကြုံတွေ့လိုက်ရပြီလို့လည်း ပြောဆိုသွားပါတယ်။

ဒီငလျင်ဟာ နယူးဇီလန်ရဲ့ တောင်ဘက်ကျွန်းပေါ်မှာ တည်ရှိတဲ့ ခရစ်စ်ချာ့ချ်မြို့နဲ့ ၃ မိုင်အကွာ မြေအောက် ၂ မိုင်ခွဲ အနက်ကနေ ဗဟိုပြု လှုပ်ရှားခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနက ပြောပါ တယ်။

မနက်ပိုင်း ၅ နာရီမှာလည်း ငလျင်ငယ်တခု ဒီမြို့မှာပဲ လှုပ်ခတ်ခဲ့ပေမဲ့ အပျက်အစီး မရှိဘဲ လူအများအိပ်ချိန် ဖြစ်နေတာကြောင့် မသိသာခဲ့ပါဘူး။

လူဦးရေ ၄၀၀,၀၀၀ နီးပါးရှိတဲ့ ခရစ်စ်ချာ့ချ်မြို့က မြင့်မားတဲ့ အဆောက်အဦး တော်တော်များများ ပြိုကျခဲ့ ပြီးတော့ အခုအခါမှာ အပျက်အစီးပုံတွေ အောက်မှာ ပိတ်မိနေသူတွေ အနည်းဆုံး ၂၀၀ ကျော် ရှိနေတယ် လို့လည်း မြို့တော်ဝန်က ပြောပါတယ်။

ပိတ်မိနေသူတွေကို နယးဇီလန် တပ်မတော်က စစ်သည်အင်အား ၃၅၀၊ ကယ်ဆယ်ရေးဝန်ထမ်း ၂၅၀ တို့နဲ့ အပူတပြင်း ကယ်ထုတ်နေကြတယ်လို့ ဝန်ကြီးချုပ် ဂျွန်ကီးက ပြောပါတယ်။

မီးသတ်တပ်ဖွဲ့ကလည်း ရဟတ်ယာဉ်တွေနဲ့ ငလျင်ကြောင့် ဖြစ်ပွားနေတဲ့ မီးလောင်မှုတွေကို ငြှိမ်းသတ်ပေး နေကြပါတယ်။

သေဆုံးရသူတွေထဲမှာ အဆောက်အဦးနှစ်ခု ပြိုကျလာလို့ ပိပြားသွားတဲ့ ဘတ်စ်ကားပေါ်က ခရီးသည်တွေ လည်း ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မနှစ်က စက်တင်ဘာလမှာလည်း ခရစ်စ်ချာ့ချ်မြို့မှာပဲ ပြင်းအား ၇.၁ မဂ္ဂနီကျုရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့ပေမဲ့ အသေအပျောက် မရှိခဲ့ပါဘူး။

ဒီကနေ့မှာ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးတဲ့နောက် ပြင်းအား ၅ မဂ္ဂနီကျုရှိတဲ့ ငလျင် ၂ ခုလည်း လှုပ်ခတ်ခဲ့တာ ကြောင့် ပိုပြီး သတိရှိကြဖို့ အာဏာပိုင်တွေက မြို့နေလူထုကို သတိပေးထားပါတယ်။

XS
SM
MD
LG