သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေမီးမလာ ပြည်မြန်မာအကြောင်း


ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ နိုင်ငံရေးသမား အမျိုးသားရေး ဦးဝင်းနိုင် နဲ့ သာမန်ပြည်သူ ပညာတက် စီးပွားရေးသမား ဦးစိန် တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်းပြီး မြန်မာနိုင်ငံရဲ့ လက်ရှိကြုံတွေ့နေရတဲ့ ရေ၊ မီးပြဿနာ နဲ့ ပြည်သူလူထုတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ဘဝအခြေအနေများကို သူတို့ရဲ့ လေ့လာသုံးသပ်ချက်၊ ကွဲပြားတဲ့အမြင်များကို ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဝင်းနိုင် ကို မေးပါရစေ မြန်မာနိုင်ငံမှာ ရေ၊ မီး ပြဿနာ တက်နေတယ်ဆိုတဲ့ ငြီးတွားသံတွေ ကြားနေရပါတယ်။ ဘယ်လောက်အထိ ပြင်းထန်ပါသလဲ။ အပေါ်လွင်ဆုံး ပြောနိုင်မယ့်အချက်များရှိရင် ပြောပေးပါ။

ဦးဝင်းနိုင် ။ ။ တိုက်တိုက်ဆိုင်ဆိုင်ပေါ့ အခုန တစ်နာရီလောက်ကပဲ ရန်ကုန်မြို့ ကြည့်မြင်တိုင်ဘက်မှာရှိတဲ့ မိတ်ဆွေတယောက်ဆီကနေ ပြန်လာခဲ့တယ်။ သူက တွင်ခုံလုပ်ငန်းလုပ်ပါတယ်။ ကျနော် ရောက်သွားသွားခြင်း ဘာပြောလည်းဆိုတော့ အခုပဲ ကျနော်တို့ တွင်ခုံတွေကို လာပြီး face one, face two လုပ်ငန်းသုံး မီးလိုင်းတွေကို လာဖြတ်သွားတယ်။ ဘာကြောင့်လည်းဆိုရင် မီးမလုံမလောက်လို့၊ နောက်ပြီးတော့ မီးအားပေးစက်တွေ နောက်ထပ် (၁၀) ရက် ကနေ ရက်ပေါင်းအတော်ကြာအထိ တိုးချဲ့ပြီး လည်ပတ်နိုင်တဲ့ ပုံမှန်လည်ပတ်နိုင်ဖို့ကို မဖြစ်နိုင်တော့တဲ့အတွက် မီးလျှော့ရတာပါလို့ လာဖြတ်သွားတယ်လို့ ကျနော်ကို ပြောပါတယ်။ အဲဒီလောက်အထိ အခြေအနေက တော်တော်လေး ဆိုးနေပါတယ်။ ရေပြဿနာကတော့ ဒီမှာမိုးက နှစ်ရက် ဆက်တိုက်ရွာတော့ နည်းနည်းလေး အသက်ရှုပေါက် ချောင်သွားပါတယ်။ သို့သော်လည်း ကျနော်တို့ နာမည်ကြီး ဝင်ဒါမီယာ ခေါ်တဲ့ သံလွင်လမ်းလို့ နေရာတွေမှာ ရေ မီး ပြတ်တယ့်ဟာတွေက လကြာမြှင့်စွာ ကြာနေပါပြီ။

ဦးကျော်ဇံသာ ။ ။ ရေ က မိုးကိုပဲ အားကိုးနေရပါသလား။ ရေပိုက်တွေ ဘယ်ရောက်နေလဲ။

ဦးဝင်းနိုင် ။ ။ ဟုတ်ပါတယ်။ ကျနော်တို့က နှစ်ခုစလုံးကို အားကိုးနေရတယ်။ မီးမလာတဲ့အခါကြတော့ ရေက လုံးဝမလာဘူး။ ဆိုတော့ မနက်ပိုင်းလောက်ပဲ ရေလွှတ်ပေးနေတာ နှစ်ပိုင်းလောက် ရှိနေပါပြီ။

ဦးကျော်ဇံသာ ။ ။ ဆရာစိန် ခင်များ ဆရာက စီးပွားရေးလောကမှာ ထဲထဲဝင်ဝင် ရှိနေတော့ ဆရာစိန် ပိုသိမယ် ထင်ပါတယ်။ အခု တွင်ခုံလုပ်ငန်းတွေ ဘာတွေ ပိတ်တယ်ဆိုတော့ ကုန်ထုတ်လုပ်ငန်းမှာပါ မီးမပေးတော့ဘူးဆိုတဲ့ သဘောလို့ ကျနော်ထင်ပါတယ်။ တကယ်လို့သာ အဲဒီလိုဆိုရင် ကုန်ထုတ်လုပ်ငန်းတွေကို ထိခိုက်မှု မရှိနိုင်ဘူးလား။ ဒီလို မီးပျက်နေတာ ဘယ်လောက်ထိခိုက်ပါသလဲ။

ဆရာစိန် ။ ။ ရန်ကုန်မြို့မှာ လူတွေနေတဲ့ ရပ်ကွက်ထဲမှာရှိတဲ့ လုပ်ငန်းရှင်တွေကို ပေးထားတဲ့ မီးတွေကို လုံးဝ လိုက်ပိတ်လိုက်တာ။ အဲဒါတွေက လုံးလုံးပိတ်သွားပြီ။ စက်မှုဇုံတွေမှာတော့ နာရီလျှော့ပစ်လိုက်တာ။ အခုလွန်ခဲ့တဲ့ သုံးလေးရက်က စပြီးလုပ်လိုက်တာ။ ကောလဟလ ဖြစ်နေတာကတော့ ဒီ မီးတွေကလည်း ဟိုက်ဒရို ပါဝါ က ပေးရတာဆိုတော့ ရေ မရှိလို့ နောက် (၇) ရက်ဆိုရင် ဒီအခြေအနေတိုင်းဆိုရင် လုံးဝတောင် ပေးနိုင်ဖွယ်မရှိဘူး အဲဒီဟာက ဖြစ်နေတယ်။ နောက် ပေးနိုင်တာကတော့ ဂတ်စ်နဲ့ လည်တဲ့ဟာပဲ ရှိမယ်လို့ ကောလဟလ သတင်းက ဖြစ်နေတယ်။ လက်တွေ့ကတော့ မီးက အနည်းငယ်ပဲ ရတာ အမှန်ပဲ။ ပြီးတော့ လွန်ခဲ့တဲ့ ဆယ်ရက်တည်းက မြန်မာနိုင်ငံမှာ တအားပူအိုက်နေတယ်အခါကြတော့ တအားပူနေတဲ့အတွင်းမှာ မီးကမရတော့ မီးမရတဲ့အတွက် ရေကို အစိုးရရေလိုင်းတွေက ဆွဲတင်ရတဲ့ ရေသမားတွေက ရေမတင်နိုင်တာ တခါထပ်ဖြစ်တာပေါ့။ ကျနော်တို့ နေရာတွေမှာတော့ အဝီဇိကို သုံးတာဆိုတော့ ကိစ္စမရှိဘူး။ သူ့မီးမရလည်း ကိုယ့်မီးနဲ့ ဆွဲတင်တာပေါ့။ ဒါကတော့ ပိုက်ဆံရှိတဲ့ အဝန်းအဝိုင်းကို။ စီးပွားရေးနယ်ပယ်ကြီးကတော့ ဒီလိုဖြစ်တာပေါ့။ ကျန်တဲ့နေရာတွေမှာတော့ လူတွေရဲ့ ဘဝမှာ မီးမရရင်၊ ရေတွေမရရင် လူတွေရဲ့ ဘဝတွေ အတော်လေး ထိခိုက်နေပါတယ်ဆိုတာ အမှန်ပါ။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ သဘာဝဓါတ်ငွေက မြန်မာနိုင်ငံမှာ အလျှံအပယ်ထွက်တယ်၊ နိုင်ငံခြားကို ရောက်မယ် ဘာညာ စာချုပ်စာတမ်းတွေ လုပ်နေတာ ကြားနေရတယ်။ အဲဒါကော အလုံအလောက်ရှိပါသလား။ အဲဒါနဲ့ သဘာဝဓါတ်ငွေ့နဲ့ ရအောင်လုံလောက် မပေးနိုင်ရတာလဲ။

ဦးစိန် ။ ။ အဲဒါကတော့ မပြောတက်ဘူး ဆရာရေ။ အခုဟာက ပိုက်လိုင်းအသစ် လုပ်လိုက်တာ ပိုက်လိုင်းအသစ်က ယိုးနေလို့ ပြောတာပဲ။ ပိုက်လိုင်းအဟောင်းကို ထုတ်ပြီး ပိုက်လိုင်းအသစ်ထုတ်တာ ရန်ကုန်ကို ရောက်ပြီးမှ ပိုက်လိုင်းအဟောင်းကို စွန့်ပစ်လိုက်တယ်။ ပိုက်လိုင်းအသစ်က ယိုးစိမ့်နေလို့ အတွေ့အကြုံ မရှိဖြစ်နေတယ်။ ဒီဟာကတော့ ကျနော်တို့လည်း သေသေချာချာ မပြောတတ်ဘူး။ ဒီဟာက ဓါတ်ငွေ့က ရန်ကုန်အတွက် အမှန်။ ဒီနားကအရာတွေက ဒီစက်တွေ

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဦးဝင်းနိုင် က ဓါတ်ငွေ့ကိစ္စ။

ဦးဝင်းနိုင် ။ ။ အပတ်စဉ်ထုတ်တဲ့ ဂျာနယ်လေးတစောင်မှာ တွေ့လိုက်တာက ရန်ကုန်မြို့မှာ မီဂါဝတ် (၆၅၀) လောက် လိုတယ်။ လုပ်ငန်းရှင်တွေ အဆင်ပြေအောင် တကယ်လိုတယ်။ တကယ် အခုပေးနေတာက (၃၀၀) လောက်ပဲ ရှိတယ်။ ဒါပေမယ့် အခုတော့ ဓါတ်ငွေ့တွေ လိုင်းတွေ သွယ်နေပါပြီ။ ပြီးသွားရင်တော့ ထပ်ပြီး တိုးနိုင်လိမ့်မယ်လို့ဆိုပြီး အဲဒီလို ပြောတယ်။ အဲဒီတော့ အခုနပြောသလို ကျနော်တို့မှာက ဥပမာ တင်စားပြီးပြောမယ်ဆိုရင် ဇီးသီးပင်အောက်မှာနေပြီး ဇီးသီးရှားတယ် ဆိုတာမျိုး ဖြစ်နေတယ်။ ဓါတ်ငွေ့တွေ ထွက်တယ်၊ ထွက်တဲ့ကြားထဲက ပြည်သူ့အကျိုးအတွက် ကျနော်တို့က မသုံးရဘူးလို့ သဘောပေါက်နေတယ်။ ကျနော်ဖြစ်စေချင်တာကတော့ နိုင်ငံတော်မှာ တာဝန်ရှိတဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက ပြည်သူလူထုကို အရှိအရှိအတိုင်း ချပြပြီးတော့ ကျနော်တို့မှာ ဘာတွေအခက်အခဲတွေ ရှိတယ်၊ အဲဒါကို ဝိုင်းပြီးတော့ အကြံဉာဏ်ပေးကြပါ။ ဒီအတောအတွင်းတော့ သည်းခံကြပါဆိုရင် ကျနော်တို့လည်း ခါးစည်းပြီးတော့ ခံဖို့ အဆင်သင့် ရှိပါတယ်။ ဒါက ကျနော်ရဲ့ တကယ့် ခံစားချက်ပြောတာ။ ဒုက္ခရောက်တာကို မညီးပါဘူး။ ကျနော်တို့ ဆိုးတူကောင်းဖက် ကျနော်တို့ နိုင်ငံတော်အစိုးရနဲ့ ခံပါ့မယ်။ ဒါပေမဲ့ ကျနော်တို့ကို ပြပါ၊ ပြောပါ၊ ဆိုပါ။ ဘာအခက်အခဲရှိတယ်ဆိုရင် ကျနော်တို့လည်း ဝိုင်းအကြံဉာဏ်ပေးမယ်။ ဘာလုပ်သင့်တယ်ဆိုတာ။ အခုတော့ ကျနော်တို့မှာ ဘာမှ အခြေအနေမှန်ကို မသိရဘဲနဲ့ မီးပျက်မှဘဲ ပျက်သဟဲ။ ရေပျက်မှဘဲ ပျက်သဟဲ ဆိုတဲ့ဟာမျိုးဖြစ်နေတော့ တော်တော်လေးကို စိတ်မကောင်းစရာပေါ့။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဒီ မြန်မာနိုင်ငံအစိုးရက ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတာ ကျနော်တို့ဘက် အပြင်က လူတွေ သုံးသပ်သူတွေက ရွေးကောက်ပွဲဟာ တရားမမျှတဘူး၊ သတင်းလွတ်လပ်ခွင့် ရှိမှာမဟုတ်ဘူး၊ စောင့်ကြည့်သူတွေလည်း ရှိမှာမဟုတ်ဘူးဆိုပြီး ပြောနေကြတယ်။ ရွေးကောက်ပဲ ကာလမှာ မီးတွေလည်း ရှိမှာ မဟုတ်ဘူးဆိုတာမျိုး ဖြစ်မနေဘူးလား။

ဦးဝင်းနိုင် ။ ။ ဒါကတော့ အစုံကို ကင်းမဲ့တဲ့ဟာမျိုး ဖြစ်နိုင်တဲ့ အလားအလာပေါ့။ အဲဒီတော့ ပြောရတာတော့ မကောင်းဘူးပေါ့။ အားလုံးကင်းမဲ့ပြီးတော့ ဘာမှ တန်းခိုးရှိတဲ့လူများမှသာ မြင်နိုင်တယ်မျိုး ဖြစ်နေပြီ။ ကျနော်တို့ လူပိန်းကတော့ ဘာမှ မမြင်ရတဲ့ မှောင်မှောင်မဲမဲ မှောင်ပိန်းနေတဲ့ အခြေအနေမျိုးကြီးမှာ စမ်းတဝါးဝါးနဲ့ အသက်ရှင်ပြီးတော့ နေနေရတယ့် ဘဝမျိုး ဖြစ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဆရာစိန် လူတွေက ရွေးကောက်ပွဲဆိုတာကို ဒီအခြေအနေမျိုးမှာ စိတ်ကော ဝင်စားရဲလား။

ဆရာစိန် ။ ။ ရွေးကောက်ပွဲဆိုတာကို လူအများကတော့ သူတို့ စိတ်ဝင်စားမှုနည်းတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စိတ်ဝင်စားမှုနည်းတာထက် ဖတ်ကြည့်ရင်လည်း Voice တို့ ဘာတို့မှာ သေသေချာချာ ရေးထားတာက အုပ်ချုပ်သူမပြောင်း၊ စံနစ်မပြောင်း ဆိုတော့။ ကျနော်တို့ကလည်း ကျနော်တို့ကိုယ်တိုင် နားမလည်းဘူး။ အုပ်ချုပ်သူမပြောင်းဘဲ စံနစ်က ဘာပြောင်းတုန်းဆိုတာ။ အုပ်ချုပ်သူမပြောင်း စံနစ်ပြောင်း ဒီတခါ မျှော်လင့်ရမှာ။ နောက်တခါ Vocie မှာပဲ ရေးထားတာ တပ်မတော် ကိုယ်စားလှယ်ကို သမ္မတဖြစ် ရွေးချယ်ပြီး နိုင်ငံရေးသမားတွေက တင်မြောက်ဖို့ သူတို့ရဲ့ ကောင်းမြတ်တဲ့ နှလုံးသား ဆန္ဒတွေကို ပြကြဖို့ ဆိုကြတယ်။ ဒီလို ရေးထားတာပဲ။ ဒီလိုရေးထားတာတွေ ပါနေတော့ အဲဒါနဲ့ ဆန့်ကျင်ဘက် ရေးတာမျိုးတော့ ကျနော်တော့ မတွေ့ရမိဘူး။ မတွေ့ရမိတော့ သာမန်ဖတ်မိတာကြီးကိုက ကျနော်တို့ကိုယ်တိုင် ရွေးကောက်ပွဲဆိုတာ ကျနော်တို့ ခေါင်းထဲမှာ သိပ်မရှိပါဘူး။ ယေဘုယျသဘောတော့ ဒါဘာမှ သိပ်ထူးခြားလာမယ်တော့ မထင်ဘူး။ ဒီလို ဒီလိုပဲ ဒီအုပ်ချုပ်သူနဲ့ အုပ်ချုပ်ရေးစံနစ်နဲ့ ပြန်ကြမယ်လို့ လူအများ (၉၀) ရာခိုင်နှုန်းကတော့ မျှော်လင့်ထားကြတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဝင်းနိုင်ကော အဲဒီ (၉၀) ရာခိုင်နှုန်းထဲ ပါပါသလား။

ဦးဝင်းနိုင် ။ ။ ဆရာစိန်ပြောသလို လူထုက ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ စိတ်မဝင်စားဘူး။ ကျနော်က ပြောတယ် အဲဒါ အစွန်းထွက်နေတယ်။ လူထုလည်း အစွန်းထွက်နေတယ်။ အာဏာပိုင်အဖွဲ့စည်းလည်း အစွန်းထွက်နေတယ်။ နိုင်ငံရေးသမားတွေလည်း အစွန်းထွက်နေတယ်။ လူထုအစွန်းထွက်နေတာ ဘာလည်းဆိုရင် နှစ်ပိုင်းရှိတယ်။ တခုက ဒေါသနဲ့ နိုင်ငံရေးလုပ်နေကြတယ်။ နိုင်ငံရေးအကြောင်း ပြောနေကြတယ်။ မကျေနပ်တာတွေနဲ့ နိုင်ငံရေးကို ရောထွေပြီးတော့ ဘယ်လိုအဖြေရှာမလည်းဆိုတာကို စဉ်းစားတဲ့အခါကြတော့ ဒေါသကို အခြေခံတဲ့အတွက် အဖြေရှာလို့ မရဘူး။ နောက်တနည်းက တချို့လူထုက ဘာဖြစ်လည်းဆိုတော့ တို့ စားဝတ်နေရေး အင်မတန်ခက်ခဲတယ်၊ စီးပွားရေးလည်း မပြေလည်ဘူး။ တို့ကို နိုင်ငံရေးအကြောင်း လာမပြောနဲ့။ ဘာမှမစဉ်းစားချင်ဘူး၊ မပြောချင်ဘူးဆိုတဲ့ အစွန်းသက်သက်ကို ထပ်ထွက်သွားပြန်တယ်။ အဲဒီလို ဗမာပြည်မှာ ဟိုဘက်ဒီဘက် အစွန်းထွက်နေရင် လူထုကိုယ်၌က အစွန်းထွက်နေရင် မဖြစ်ဘူးဗျ။ လူထုကိုယ်၌က မဇ္ဈိမပဋိပဒါ အစွန်းထွက်တာတွေကို ရှောင်ပြီးတော့ ဒုက္ခတွေကြားထဲက နိုင်ငံရေးကို စိတ်ဝင်စားရမယ်၊ လူထုက နိုင်ငံရေးမှာ ပါဝင်ရမယ်၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အသိပညာတွေကို မရရအောင် ရှာပြီးတော့ ဘယ်လိုတိုင်းပြည်ကို ကောင်းအောင်လုပ်မလည်းဆိုတဲ့ ပညာနည်းတွေနဲ့ ကျနော်တို့က ကြိုးစားကြဖို့ လိုတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ဆရာစိန် ပြောသလိုပဲ အုပ်ချုပ်သူမပြောင်း စနစ်ပြောင်းမယ်၊ လူမပြောင်း မူပြောင်းမယ်ဆိုတဲ့ဟာတွေ လုပ်ထားလေတော့ ဒီစနစ်ကို လူတွေ စိတ်ဝင်စားနိုင်ပါ့မလား။

ဦးဝင်းနိုင် ။ ။ ကျနော်တို့ စိတ်မဝင်စားရင် မဟာ့မဟာ ဒုက္ခတွေနဲ့ ရှေ့လျှောက်ကြုံရလိမ့်မယ်။ ကျနော်တို့က လက်တွေ့နိုင်ငံရေးကို စဉ်းစားကြရလိမ့်မယ်။ ဆိုတော့ ကျနော်တို့ မပြောင်းဘူးဆိုတဲ့ဟာကတော့ ကျနော်တို့ လောလောဆယ်မှာ အခြေအနေက အဲဒီ မပြောင်းတဲ့ဘက်ကို အားသာဦးတည်နေတယ်။ ဒါကို ကျနော်တို့က မပြောင်းတော့ဘူးဟယ်ဆိုပြီး ပြစ်ထားလို့မရဘူး။ ကျနော်တို့ ရတဲ့နည်းနဲ့ ရနိုင်သလောက် ဝိုင်းကြိုးစားပြီး မပြောင်းပြောင်းအောင် လုပ်ကြဖို့ လိုပါတယ်လို့ ကျနော်ထပ်ဆင့်ပြောလိုပါတယ်။

ဦးကျော်ဇံသာ ။ ။ ရွေးကောက်ပွဲလမ်းကြောင်းအတိုင်း သွားမှာပေါ့။ သူတို့ကျင်းပပေးမယ့် ရွေးကောက်ပွဲဝင်ပြီး ပြောင်းဖို့ကြိုးစားမယ်ဆိုတဲ့ သဘောလား။

ဦးဝင်းနိုင် ။ ။ မဟုတ်ပါဘူး။ ကျနော်ပြောတာက ကြားလမ်းစဉ်ကို ကျင့်နေတဲ နိုင်ငံရေးသမားတယောက်ပါ။ အဲဒီတော့ ရွေးကောက်ပွဲနဲ့ လုပ်လို့ရမယ်ဆိုရင် လုပ်ကြပါ။ ရွေးကောက်ပွဲနဲ့ လုပ်လို့မရဘူးဆိုလည်း မရတဲ့အလျောက် လုပ်ကြပါ။ ဗမာပြည်မှာ အပြောင်းအလဲဖြစ်မှဖြစ်မယ်။ နိုင်ငံရေးစနစ် ပြောင်းရမယ်၊ လူမှုရေးစနစ် ပြောင်းရမယ်။ စီးပွားရေးစနစ်တွေ ပြောင်းရမယ်။ အကုန်ပြောင်းပြီးတော့ ဖြစ်ရမယ်။ ဒီလိုပြောင်းအောင် ဘယ်နည်းနဲ့ လုပ်ကြမလည်းဆိုတာကို ဝိုင်းညှိပြီးတော့ ရတဲ့နည်းနဲ့ လုပ်ကြဖို့ပဲ။ ကျနော်ကတော့ တခုတော့ရှိတာပေါ့ ကျနော်က ဘယ်သူမှအပြစ်မတင်တော့ တချို့က တမျိုးထင်ရင် ထင်မှာပေါ့။ ဘယ်လိုအပြစ်မတင်လည်းဆိုတော့ ရွေးကောက်ပွဲဝင်ချင်တဲ့ လူတွေကိုလည်း အပြစ်မတင်ဘူး။ မဝင်တဲ့လူလည်း အပြစ်မတင်ဘူး။ ဒါပေမဲ့ အရေးကြီးတာ ကျနော်ထောက်ပြနေတာက ဘာလည်းဆိုရင် ဝင်တဲ့လူကလည်း ဘာလို့ ဝင်တယ်ဆိုရင် တိုင်းပြည်ကို အပြောင်းအလဲဖြစ်အောင်၊ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်ချင်လို့ပါဆိုတဲ့ ခိုင်မာတဲ့ Resolution ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ဖို့ လိုအပ်တယ်။ မဝင်တဲ့လူကလည်း တိုင်းပြည်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်အောင် လူထုကောင်းစားရေးကိုလုပ်မှ အပြောင်းအလဲတွေဖြစ်အောင် လုပ်ချင်လို့ မဝင်တာပါဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်ရမယ်။ ရည်ရွယ်ချက်တွေတော့ တူရမယ်၊ နည်းလမ်းတွေ ကွဲတာကို အပြစ်မတင်ဘူး။ တိုင်းပြည်အတွက် လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်၊ နောက်ပြီးတော့ ဒီမိုကရေစီ အကောင်အထည်ဖော်ဖို့ဆိုတဲ့ တူညီတဲ့ ရည်ရွယ်ချက်ကိုသာ လုပ်ဖို့ဆိုတာ အရေးကြီးဆုံး ဖြစ်တယ်ဆိုတာကို ကျနော်ထောက်ပြတာပါ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဒါက နိုင်ငံရေးသမားတွေ အပိုင်းပေါ့။ ပြည်သူတွေက ဆရာစိန်အနေနဲ့ ဘယ်လိုသဘောရပါသလဲ။ ပြည်သူတွေက နိုင်ငံရေးကို စိတ်မဝင်စားဘဲ နေတာထက် ပြောင်းလဲနိုင်တဲ့နည်းကို စဉ်းစားသင့်တယ်၊ ရှာသင့်တယ်ဆိုတာ လက်တွေ့မှာ ဖြစ်နိုင်မယ် ထင်ပါသလား။

ဦးစိန် ။ ။ လောလောဆယ်တော့ သူများဟာ လေ့လာဖို့ထက် ကျနော်အနေနဲ့ မြင်တာကတော့ ကျနော်က ဗုဒ္ဓဘာသာတယောက်ဖြစ်နေတော့ ဒီလိုဖြစ်နေတယ်။ ကံအကျိုးစီးပွားနဲ့ ကံပါဆိုပြီး စိတ်လျှော့လျှော့နေရတာက နည်းနည်း စိတ်သက်သာသလို ဖြစ်နေတော့ အဲဒီအကြောင်းတွေလည်း သိပ်မပြောချင်ပါဘူးဆိုတဲ့ ဒီလိုအထဲပဲ ရောက်နေတယ်။

XS
SM
MD
LG