သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး


တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူချက် (၁၅) ခုကို နေပြည်တော်မှာ လက်မှတ်ထိုးလိုက်တာဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်နိုင်တာ ဖြစ်တယ်လို့ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် (Wen Jiabao) က ပြောဆိုကြောင်း တရုတ်အစိုးရ ရှင်ဟွာ သတင်းအရ သိရပါတယ်။ တရုတ်အစိုးရဟာ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်ဆံရာမှာ ကူညီထောက်ပံ့တဲ့နည်းကို သုံးပါတယ်။ ငွေကြေးထောက်ပံ့မှု၊ စစ်လက်နက်ပစ္စည်း ရောင်းချမှု၊ ယဉ်ကျေးမှု ဖလှယ်မှု၊ ကုန်သွယ်ရေး တိုးချဲ့မှု စသည်တို့နဲ့ မိမိအကျိုးစီးပွားကို မြှင့်တင်ဖို့ တရုတ်က အမြဲတမ်း ကြိုးစားနေပါတယ်။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေးမှာလည်း တရုတ်ကို ပါဝင်စေချင်ကြပါတယ်။

တဖတ်သတ်လုပ်နေတဲ့ ဗမာစစ်အစိုးရကို အမျိုးသား ပြန်လည်သင်မြတ်ရေးလုပ်ဖို့ တရုတ်အစိုးရအနေနဲ့ တိုက်တွန်းသင့်တယ်လို့ ပြည်တွင်းပြည်ပမှာ ယူဆကြပါတယ်။ နယူးရော့ခ် အခြေစိုက် Human Rights Watch လူ့အခွင့်အရေးအဖွဲ့က ဝန်ကြီးချုပ် ဝမ်ကျားပေါင် ထံကို စာမျက်နှာ (၄) မျက်နှာပါ အိတ်ဖွင့်ပေးစာရေးပြီး မြန်မာ ပြည်သူပြည်သားတွေအတွက် အကျိုးရှိမယ့် အပြောင်းအလဲ ဖြစ်လာအောင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လက်တွဲပြီး တရုတ်အစိုးရက ဆောင်ရွက်ဖို့ တိုက်တွန်းနေပါတယ်။ ဒါပေမဲ့ ဗမာစစ်အစိုးရ မကြိုက်မယ့်ကိစ္စကို တရုတ်ဝန်ကြီးချုပ်က ပြောမှာ မဟုတ်ပါဘူး။

ဗမာစစ်အစိုးရဟာ ပြည်တွင်းမှာ ဖိနှိပ်ချုပ်ချယ်ပေမယ့် နိုင်ငံခြားမှာ ပြဿနာ မရှိပါဘူး။ ဗမာ စစ်အစိုးရထက်အများကြီးဆိုးတဲ့ မြောက်ကိုရီးယားကိုတောင် တရုတ်က မပြောပါဘူး။ တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေးကိုကြည့်ရင် ဗမာပြည်ဆိုင်ရာ တရုတ်သဘောထားကို အကဲခတ်နိုင်ပါတယ်။ တောင်ကိုရီးယား တိုက်သင်္ဘောကို မတ်လ (၂၆) ရက်နေ့က တိုပီဒိုနဲ့ ပစ်လို့ ရေတပ်သား (၄၆) ဦး သေဆုံးပြီး သင်္ဘောမြုပ်သွားတဲ့ကိစ္စဟာ မြောက်ကိုရီးယား လက်ချက်မှန်းသိပေမယ့် မြောက်ကိုရီးယားက ဗြောင်းငြင်းတဲ့အတွက် တရုတ်က ဘာမှမပြောပါဘူး။ ၂၀၀၉ မေလ (၂၅) ရက်နေ့မှာ မြောက်ကိုရီးယားက အနုမြူဗုံး စမ်းသပ်ဖောက်ခွဲလို့ ကုလသမဂ္ဂက အရေးယူ ဒဏ်ခတ်တာကို တရုတ်ဟာ အမေရိကန်နဲ့ လက်တွဲပြီး ထောက်ခံခဲ့ပါတယ်။ ကုလသမဂ္ဂ အရေးယူတာကို ကင်ဂျုံအီး က ဂရုမစိုက်ပေမယ့် တရုတ်က စီးပွားရေး အကူအညီ ဆက်ဆံပေးနေပါတယ်။ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဟာ ကုလသမဂ္ဂ အရေးယူမှုကို မထိခိုက်ဘူးလို့ တရုတ်က ဆင်ခြေပေးပါတယ်။

ဗမာစစ်အစိုးရဟာ ကင်ဂျုံအီး (Kim Jong Il) လို အိမ်နီးချင်းကို ရန်စနေတာ မဟုတ်ပါဘူး။ မြောက်ကိုရီးယား အဏုမြူလက်နက် စက်ရုံတွေ တရုတ်နယ်စပ်နဲ့ နီးနေတာဟာ တရုတ်ကို စိတ်အနှောင့်အယှက် ဖြစ်စေပေမယ့် ကင်ဂျုံအီး ငြိုငြင်မယ့်ကိစ္စကို တရုတ်အစိုးရက အတတ်နိုင်ဆုံး ရှောင်ရှားပါတယ်။ ကုလသမဂ္ဂရဲ့ အရေးယူမှုကို တရုတ်က အကောင်အထည် ဖော်တာမဟုတ်ပါဘူး။ မြောက်ကိုရီးယား လက်နက်ပစ္စည်းတင်ဆောင်ပြီး တရုတ်ပြည် အရှေ့မြောက်ဆိပ်ကမ်းက ထွက်ခွါလာတဲ့ ကုန်သင်္ဘောကို ၂၀၀၉ နိုဝင်ဘာလက တောင်အာဖရိကနိုင်ငံမှာ ဖမ်းဆီးနိုင်တာဟာ ကုလသမဂ္ဂ အရေးယူမှု တရုတ် ဂရုမစိုက်တာကို သက်သေပြတာပါ။ အနောက်တိုင်းရဲ့ နိုင်ငံတကာ ဆက်ဆံရေးဓလေ့ကို တရုတ်က လက်မခံပါဘူး။

မြန်မာပြည်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ဖို့ တရုတ်ခေါင်းဆောင်တွေ ပြောလေ့ရှိပေမယ့်၊ ကြံ့ဖွံ့အသင်းကို နိုင်ငံရေးပါတီလို သဘောထားပြီး ပထမဆုံး ဆက်ဆံသူဟာ တရုတ် ဖြစ်ပါတယ်။ တရုတ် ကွန်မြူနစ်ပါတီက ဦးစီးပြီး ၂၀၀၄ စက်တင်ဘာလ ဘေဂျင်းမှာ ကျင်းပတဲ့ အာရှပါတီညီလာခံကို ကြံ့ဖွံ့ကိုယ်စားလှယ်တွေ တက်ရောက်ပါတယ်။ အာရှနိုင်ငံ (၃၄) နိုင်ငံရဲ့ နိုင်ငံရေးပါတီ (၂၈) ခုက ကိုယ်စားလှယ် (၃၅၀) ကျော်ထဲမှာ ကြံ့ဖွံ့ကိုယ်စားလှယ်တွေ ပါဝင်နေတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း ကြီးစိုးတဲ့ခေတ်မှာ စစ်တပ်တည်ထောင်တဲ့ မဆလပါတီ နဲ့ မဆလကို တော်လှန်တိုက်ခိုက်နေတဲ့ ဗကပ ကွန်မြူနစ်ပါတီတို့ကို တရုတ်က တပြိုင်တည်း ဆက်ဆံခဲ့တဲ့ အစဉ်အလာရှိပါတယ်။ အခုလည်း မြန်မာပြည် အခြေအနေဟာ ပြောင်းလဲသေးတာ မဟုတ်လို့ ဒီ အစဉ်အလာကို ဆက်လက် ထိန်းသိမ်းထားပုံ ရပါတယ်။

မိမိအကျိုးစီးပွား ထိခိုက်နိုင်တယ်လို့ ယူဆရင် အသွင်မတူတာကို ပြောင်းလဲဖို့ တရုတ်က မကြိုးစားပါဘူး။ ဒီ သဘောတရားကို ဟောင်ကောင်ကိစ္စမှာ အထင်းအရှား တွေ့မြင့်နိုင်ပါတယ်။ တနိုင်ငံ စံနစ် (၂) မျိုးမူကို ချမှတ်ပြီး ဟောင်ကောင်ကို အထိုက်အလျှောက် လွတ်လပ်မှု ပေးထားပါတယ်။ ဗကပ တဖြစ်လည်း တိုင်းရင်းသား လက်နက်ကိုင်ကိစ္စမှာလည်း တရုတ်အစိုးရဟာ လမ်းစဉ်ဟောင်းကို ဆက်လက်ကျင့်သုံးဖွယ် ရှိပါတယ်။ ထူးခြားတာကတော့ အထက်မြန်မာပြည်မှာ တရုတ် လူဦးရေ တိုးပွားလာတာ ဖြစ်ပါတယ်။ လက်ရှိ စစ်အစိုးရလက်ထက်မှာ တရုတ် တသန်းကျော် ဝင်လာတယ်လို့ ခန့်မှန်းပါတယ်။

ဗမာစစ်အစိုးရဟာ တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသား ပြဿနာမှာ တဖတ်သတ်လုပ်လို့ တိုက်ကြခိုက်ကြပြီဆိုရင် တရုတ်အစိုးရ ဘယ်ဘက်ကရပ်မှာလည်းလို့ စဉ်းစားကြတာတွေ ရှိပါတယ်။ ဝ တပ်ဖွဲ့ဟာ တရုတ်ကွန်မြူနစ်တွေ ဦးစီးပြီး တည်ထောင်ထားတဲ့ စစ်တပ်ဖြစ်ပါတယ်။ ယူနန်မှာလည်း ဝ ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ ရှိပါတယ်။ တရုတ်ဟာ ဗမာစစ်အစိုးရနဲ့လည်း ဆထက်ထမ်းပိုးတိုးပြီး ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒါကြောင့် နယ်စပ်စစ်ပွဲ ဖြစ်ပွားပြီဆိုရင် တရုတ်ဟာ ဘယ်ဘက်ကမှပါမှာ မဟုတ်ဘဲ နှစ်ဘက်စလုံးက လိုချင်တဲ့ လက်နက်ပစ္စည်းတွေကို ထောက်ပံ့ပြီး အပစ်အခတ်ရပ်စဲဖို့ နောက်ပိုင်းက ကြိုးစားနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

XS
SM
MD
LG