သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးပါတီတွေ ဘယ်လမ်းရွေးကြမလဲ?


အစောပိုင်းကတည်းက ဝေဖန်ပြောဆိုမှုတွေ အများအပြားနဲ့ စတင်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွက် နေ့ရက် အတိအကျ ကြေညာလိုက်ပြီးနောက် ဝေဖန်ပြောဆိုမှုတွေ ပိုများလာတာကို တွေ့ရပါတယ်။ ဒီအခြေအနေမှာ နိုင်ငံရေးပါတီတွေ ဘယ်လမ်းကို ဘယ်လိုလျှောက်သင့်ပါသလဲ။ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဆုံးဖြတ်ချက်တွေကို ပြန်လည်ရုတ်သိမ်းခဲ့သူ ပြည်ထောင်စု ဒီမိုကရေစီပါတီမှ ဥက္ကဋ္ဌ ကိုဖြိုးမင်းသိန်း၊ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေ တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးက မျှော်လင့်စောင့်စားနေကြခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကျင်းပမယ့် ရက်ကို စစ်အစိုးရက ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ပထမဦးဆုံး ဦးသုဝေတို့အနေနဲ့ ဒီကြေညာချက်ကို ကြားလိုက်ရတော့ ကြိုဆိုပါသလား။

ဦးသုဝေ ။ ။ ဒီလိုခင်များ ကျနော်တို့က ဒီကြေညာချက် မထွက်ခင်တုန်းက ရွေးကောက်ပွဲက အောက်တိုဘာလိုလို၊ နိုဝင်ဘာလိုလို၊ ဒီဇင်ဘာလိုလိုနဲ့ ကောလဟလ အနေနဲ့ပဲ သိကြတယ်။ ဘယ်နေ့မှန်းမသိ ရွေးကောက်ပွဲတောင် ဖြစ်မလားဆိုတာကိုတောင် မသိဘူး။ အခုတော့ ရွေးကောက်ပွဲနေ့ကို နိုဝင်ဘာလ (၇) ရက်အဖြစ် ကြေညာလိုက်တော့ ရွေးကောက်ပွဲနေ့လည်း သိသွားပြီ၊ ရွေးကောက်ပွဲဖြစ်မယ်ဆိုတာလည်း သေချာသွားတာပေါ့။ ကျနော်တို့ပါတီက ရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ပါတီဆိုတော့ ရွေးကောက်ပွဲနေ့ ကြေညာတာကို ကြိုဆိုပါတယ်။

ဦးကျော်ဇံသာ ။ ။ ရွေးကောက်ပွဲနေ့ ကြေညာတာကိုတော့ ကြိုဆိုတယ်။ ဒါပေမဲ့ အဲဒါနဲ့တွဲဖက်ပါလာတဲ့ ဘယ်နှစ်ရက်အတွင်းမှာ စာရင်းပြရမယ်ဆိုတာတို့ ငွေအင်အား ဘယ်လောက်ရှိရမယ်ဆိုတာတို့အတွက် ပြင်ဆင်ဖို့ အချိန်ရှိပါသလား။

ဦးသုဝေ ။ ။ အဲဒါကတော့ အင်မတန်မှ အချိန် အဲဒါကိုတော့ ကျနော်တို့က မမျှော်လင့်ဘူးပေါ့။ အဲဒါကိုတော့ အချိန်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုဟာကတော့ ကြေညာပြီးတာနဲ့ ဒါက လုပ်ငန်းစခိုင်းလိုက်တာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ပေးတဲ့လုပ်ငန်းကလည်း နှစ်ပတ်ပဲ ရတယ်။ အဲဒါတော့ ကျနော်တို့မှာ အခက်အခဲ အများကြီး တွေ့သွားပါတယ်။ အများကြီးတွေ့သွားတယ်ဆိုတာကတော့ အထူးသဖြင့် ကျနော်တို့ပါတီက စောစောတုန်းက ပြင်ဆင်ထားတာတော့ ရှိပါတယ်။ နှစ်ပိုင်း - တပိုင်းက ငွေတက်နိုင်တဲ့လူတွေ ရွေးကောက်ပွဲဝင်ဖို့ ပြင်ထားတာလည်းရှိတယ်။ ဒါပေမဲ့ ငွေရှာမယ်ဆိုတဲ့လူတွေကတော့ အများစုပေါ့။ အခုတော့ အချိန်က (၂) ပတ်ထဲ ရတယ်ဆိုတော့ ငွေရှာရမယ်လူကလည်း ထပ်ပြီးရှာနိုင်တဲ့ အခြေအနေ မရှိတော့ဘူး။ ငွေတင်မယ်လူကလည်း ချက်ချင်းကြီး ငွေတင်ရမယ်ဆိုတော့ နည်းနည်း အခက်အခဲ ရှိသွားတာပေါ့။ အဲဒါမို့လို့ ကျနော်တို့က ဒီ ကိုယ်စားလှယ်လောင်း တင်မယ့်အချိန်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကိုယ်စားလှယ်လောင်းတွေ တော်တော်လေး လျော့သွားမယ်လို့ ထင်တယ်။

ဦးကျော်ဇံသာ ။ ။ ရွေးကောက်ပွဲရက် အတိအကျ သိလာရတာ ကြိုဆိုစရာဖြစ်ပေမယ့်လည်း အချိန်ကန့်သတ်ချက်၊ ငွေသတ်မှတ်ချက်တွေကတော့ ငြိုငြင်းစရာ ဘဝင်မကျစရာတွေ ဖြစ်နေတယ်ပေါ့။

ဦးသုဝေ ။ ။ ဒီဟာ အစိုးရတွေက ရွေးကောက်ပွဲလုပ်တယ်ဆိုတာ သူတို့ပါတီ အနိုင်ရမယ့် အခြေအနေ အချိန်အခါတွေကို ရွေးပြီးလုပ်တာဖြစ်တယ်။ ဒီမိုကရေစီ ထွန်းကားတဲ့ တိုင်းပြည်တွေမှာလည်း အဲဒီအတိုင်း လုပ်ကြတယ်။ ဒီမိုကရေစီ မဟုတ်တဲ့ အစိုးရဆိုတော့ ပိုဆိုးတာပေါ့။ မဟုတ်ဘူးလား ဒါကိုတော့ မျှော်လင့်ပြီးသာဖြစ်ရမယ်။

ဦးကျော်ဇံသာ ။ ။ ဒါ မျှော်လင့်ပြီးသာဆိုပေမယ့် ဒီလို အကျဉ်းအကြပ်တွေပါလာမယ်ဆိုတာကို ဦးသုဝေ တို့က မျှော်လင့်ပြီးသာလား။

ဦးသုဝေ ။ ။ အကျဉ်းအကြပ် ပါလာမယ်ဆိုတာကတော့ မျှော်လင့်ပြီးသာပါ။ ဒါပေမဲ့ အခု ဒီကိစ္စလေးကတော့ ဒီလို လုပ်မယ်လို့တော့ မမျှော်လင့်ဘူး။ ကျနော်တို့ အချိန်ရလိမ့်မယ်လို့ မျှော်လင့်တယ်။

ဦးကျော်ဇံသာ ။ ။ ကိုဖြိုးမင်းသိန်း ကတော့ အဲဒီ ရွေးကောက်ပွဲရက် မကြေညာခင် တပတ်လောက်၊ နှစ်ပတ်လောက် က ရွေးကောက်ပွဲမှာ မပါတော့ဘူးလို့ နုတ်ထွက်ထားတယ်လို့ ကြားပါတယ်။ အဲဒါ ဟုတ်ပါသလား။

ကိုဖြိုးမင်းသိန်း ။ ။ ဟုတ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီလို အခြေအနေမျိုးမှာ ကဲ ‘ငါ အစကတည်းက နုတ်ထွက်လိုက်တာ ပိုတောင်မှန်နေတယ်’ လို့ တွေးမိပါသလား။ အခြေအနေကို ဘယ်လို သုံးသပ်ပါသလဲ။

ကိုဖြိုးမင်းသိန်း ။ ။ ကျနော်က အခုကျင်းပပေးမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးပါတီတခု ထူထောင်ပြီး ရွေးကောက်ပွဲကနေ ဒီမိုကရေစီလမ်းကြောင်းကို သယ်ဆောင်မယ်လို့ ရိုးရိုးသားသား ဆုံးဖြတ်ခဲ့တာပါ။ ဒီ ရွေးကောက်ပွဲလမ်းကြောင်းကို အချိန်သတ်မှတ်ပြီးတော့ ဆောင်ရွက်မယ်ဆိုတဲ့အချိန်မှာ ဒီ အခက်အခက်တွေ ဖြစ်နိုင်စရာရှိတာတွေကို တွက်ထားပါတယ်။ ဒါပေမဲ့ ဖြစ်ပေါ်လာမယ့် အခြေအနေတွေက အတော်ကို ဆိုးလာပါတယ်။ ဒီအပေါ်ကနေ ရွေးကောက်ပွဲ အခင်းအကျင်းကနေ ထွက်ခွါခဲ့တာပါ။ ရွေးကောက်ပွဲတခုလုံးကို ပြောမယ်ဆိုရင် အခု (၇) ရက်နေ့မှာ ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတဲ့ အကြောင်းအရာတခုတည်းလောက်နဲ့ သုံးသပ်လို့ မရပါဘူး။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲတခုလုံးကို ခြုံငုံသုံးသပ်ဖို့ လိုလိမ့်မယ်လို့ ထင်ပါတယ်။ ဒါမှသာ မြန်မာနိုင်ငံရေးရဲ့ အခင်းအကျင်းအသစ်တွေအတွက် ကျနော်တို့ ဘာဆက်လုပ်လို့ ရမလဲဆိုတဲ့ အခြေအနေတွေကို စဉ်းစားနိုင်လိမ့်မယ်လို့ ကျနော်ထင်တယ်။

ဦးကျော်ဇံသာ ။ ။ ကိုဖြိုးမင်းသိန်းရဲ့ ပြောဆိုချက်ကို အကျဉ်းချုံးပြောမယ်ဆိုရင် ဘယ်လိုသုံးသပ်မိပါသလဲ။

ကိုဖြိုးမင်းသိန်း ။ ။ အကျဉ်းချုံး ပြောမယ်ဆိုရင်တော့ ရွေးကောက်ပွဲကျင်းပပြီး ဟိုဘက်မှာ ဒီမိုကရေစီရေး လမ်းကြောင်းကို တက်မယ်လို့ လွယ်လွယ်ဆုံးဖြတ်လို့ မရနိုင်တဲ့ ရွေးကောက်ပွဲတခုဆိုတာကိုတော့ သုံးသပ်ရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအခြေအနေဟာ နိုင်ငံရေးပုံစံတခု ခွင်ချပြီး ဆောင်ရွက်လာတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။ ကျနော်တို့ဟာ ဒီမိုကရေစီနိုင်ငံတခုမှာ ဖြတ်သန်းနေတဲ့ အခြေအနေ မဟုတ်ဘူး။ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလတခုအတွက် ဒီမိုကရေစီရေးလုပ်တာဖြစ်တဲ့အတွက် ရွေးကောက်ပွဲဆိုတာကို လွယ်လွယ်နဲ့ အာဏာလွဲပြောင်းရယူရေးဆိုတာလောက်နဲ့ ကျနော်တို့ စဉ်းစားလို့ မရပါဘူး။ ဒီမိုကရေစီရေးဆိုတဲ့ အခြေခံပေါ်က စဉ်းစားဖို့ လိုပါတယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲတခုလုံးကို ခြုံငုံသုံးသပ်သင့်တယ်လို့ ကျနော်ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးသုဝေ တို့က ရွေးကောက်ပွဲကနေ နိုင်ငံရေးအားဖြင့် political space ရလာမယ်။ ပြီးတော့ တဆင့်ပြီးတဆင့် ရည်ရွယ်ပြီးတော့ ဒီမိုကရေစီကို ဆောင်ရွက်သွားနိုင်မယ်ဆိုတဲ့ စေတနာရှိတယ်၊ မျှော်လင့်ချက်ရှိတယ်၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဒီလို မြင်ထားတယ်လို့ ယူဆပါတယ်။ စစ်အာဏာပိုင်တွေကရော ဒီ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သဘောထား ဦးသုဝေ တို့နဲ့ တူညီတယ် ထင်ပါသလား။ ဒီကတဆင့် ဒီမိုကရေစီ ပေးသွားမယ်ဆိုတဲ့ ဆန္ဒမျိုး စစ်အစိုးရမှာ တကယ်ရှိတယ်လို့ တွက်ပါသလား။

ဦးသုဝေ ။ ။ သူတို့ရဲ့ စိတ်ကိုတော့ ကျနော်တို့ ဘယ်သိမလဲ။ သူတို့စိတ်နဲ့ သူတို့ပေါ့။ ကျနော်တို့က အဖြစ်အပျက်ကိုလည်း ကြည့်ရတာပေါ့။ ကျနော်တို့က ဒီ ရွေးကောက်ပွဲကြီးဟာ ရွေးကောက်ပွဲကြီးပြီးသွားရင် ဒီမိုကရေစီနိုင်ငံဖြစ်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး။ ဒီ ရွေးကောက်ပွဲပြီးရင် ဒီမိုကရေစီတပိုင်း နိုင်ငံပဲဖြစ်မယ်။ ဒီမိုကရေစီ ကျတဲ့အပိုင်းရှိမယ်၊ မကျတဲ့အပိုင်းရှိမယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ပြီးသွားတယ်ဆိုတာနဲ့ ဒီစံနစ်ကြီးတခုကတော့ ပြောင်းသွားမယ်။ အစိုးရစံနစ် ပြောင်းသွားတဲ့အခါမှာ အခုလက်ရှိ အခြေအနေထက် ကောင်းလာမယ်။ ဘာဖြစ်လို့လည်းဆိုတော့ လွှတ်တော်ထဲမှာ တိုင်းရင်းသားတွေလည်း ပါလာမယ်၊ နိုင်ငံရေးကိုယ်စားလှယ်တွေလည်း ပါလာမယ်။ အယူအဆတွေ အမျိုးမျိုး ကြားလာမယ်။ အမိန့်ပေးတဲ့စံနစ် မဟုတ်တော့ဘူးဆိုကတည်းက ဒါ ပြောင်းလဲသွားပြီ။ နောက်ပြီးတော့လည်း မီဒီယာ လွတ်လပ်ခွင့်တွေလည်း ရလာမယ်။ ဆိုပါတော့ အခု သတင်းစာဆိုတာက အစိုးရရဲ့ ကြေညာချက်လောက်ရှိတယ်။ ရွေးကောက်ပွဲပြီးသွားရင်တော့ ပုဂ္ဂလိကပိုင်တွေ ဖြစ်လာမယ်။ အဲဒီအခါ သတင်းစုံတွေ တွေ့ရမယ်။ ကျနော်ထင်တယ် စီးပွားရေးနဲ့ ပတ်သက်လို့ကတော့ အများကြီး အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ် ထင်ပါတယ်။ အဲဒါကြောင့်မို့ အလုပ်အကိုင်တွေ ပေါလာမယ်။ အခွင့်အလမ်းတွေလည်း ပေါလာမယ်ဆိုတော့ လူထုအဆင့်အတန်းတွေ မြင့်လာမယ်။ ဆိုလိုတာက ရွေးကောက်ပွဲဟာ ကောင်းလာမယ့် နည်းလမ်းတခုပါ။ ကျနော်အနေနဲ့ ရွေးကောက်ပွဲဆိုတာက ပုံသေနည်းလေးတခု ရှိတယ်။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစံနစ်ရဲ့ အသက် ဖြစ်တယ်။ ရွေးကောက်ပွဲရှိမှလည်း ဒီမိုကရေစီရှိမယ်။ ရွေးကောက်ပွဲမရှိရင် ဒီမိုကရေစီ မရှိနိုင်ဘူး။ ရွေးကောက်ပွဲကို သပိတ်မှောက်ရင် ဒီမိုကရေစီ ပျောက်မယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲမှာ ဝင်မပါရင် ဒီမိုကရေစီ ဆန့်ကျင်တဲ့လူတွေက အကြိုက်ဖြစ်သွားလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဒီမိုကရေစီအင်အားစု တချို့က ဘယ်လိုသုံးသပ်သလဲဆိုရင် အခုန ဦးသုဝေတို့ တိုင်းပြည်အပေါ်မှာထားတဲ့ အမြင် စေတနာနဲ့ ရွေးကောက်ပွဲအပေါ် အကောင်းမြင်တယ် - ဒီမိုကရေစီတပိုင်းဖြစ်လာမယ်။ တပိုင်းဆိုတာ (၁၀) ရာခိုင်နှုန်းလား၊ (၂) ရာခိုင်နှုန်းလား (၅၀) လား (၉၀) လား တပိုင်းပေါ့။ ဒါပေမဲ့ ဒီနေရာမှာ စစ်အစိုးရဘက်ကရော အဲဒီလိုမျိုး ရွေးကောက်ပွဲပြီးရင် စာနယ်ဇင်း လွတ်လပ်ခွင့်ပေးမယ်။ ကျနော်တို့ စာနယ်ဇင်းသမား၊ မီဒီယာသမားတွေ သိပ်ပျော်တာပေါ့။ ဒါပေမဲ့ ဒီလို စေတနာမျိုးနဲ့ လုပ်ပေးလိမ့်မယ်လို့ ထင်ပါသလား။ တချို့က တွက်ကြတာက စစ်အစိုးရက အာဏာဆက်လက် တည်မြဲရေးအတွက် နံမည်ပြောင်း၊ ခေါင်းစီးပြောင်းပြီးတော့ လိမ်ညာလည်ပတ်တဲ့ အကွက်လို့ တော်တော်များများ တွက်နေကြပါတယ်။ ဒါကတော့ ကျနော် ကြားမိတဲ့ နိုင်ငံတကာ သတင်းသုံးသပ်ချက်တွေ၊ လူတွေရဲ့ သုံးသပ်ချက်တွေကို ပြောတာပါ။ ကိုဖြိုးမင်းသိန်းတို့ရဲ့ သဘောထားကို မေးချင်ပါတယ်။ ဦးသုဝေတို့ မြင်သလို ရွေးကောက်ပွဲက ဒီမိုကရေစီအတွက် မရှိမဖြစ်တဲ့ ဖြစ်စဉ်တခု သပိတ်မှောက်ခြင်းက အဓိပ္ပါယ်မရှိဘူးလို့ ဆိုပါတယ်။ ဘယ်လို သဘောရပါသလဲ။

ကိုဖြိုးမင်းသိန်း ။ ။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီတခုကို ထူးထောင်မယ်ဆိုရင် ပြည်သူလူထု မဲပေးရွေးချယ်တဲ့ အစိုးရတရပ် ပေါ်ထွန်းရေးဆိုတာ ဒီမိုကရေစီ လမ်းကြောင်းမှာ လိုအပ်ပါတယ်။ ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့ သုံးသပ်မယ်ဆိုရင် ၁၉၆၀ ရွေးကောက်ပွဲမျိုး၊ ၁၉၉၀ ရွေးကောက်ပွဲမျိုး မဟုတ်ဘဲ။ မြန်မာနိုင်ငံမှာ ၇၄ အခြေခံဥပဒေနဲ့ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲပုံသဏ္ဍာန်တွေလည်း ရှိပါတယ်။ ဒီရွေးကောက်ပွဲတွေကလည်း ရွေးကောက်ပွဲတွေပါ။ ဒါပေမဲ့ အဲဒီရွေးကောက်ပွဲတွေမှာ လုပ်ခဲ့တဲ့ ပုံသဏ္ဍာန်တွေက အာဏာရရှိရေးတခုတည်းကို မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ အသက်ဝင်နိုင်ရေး ကြိုးပမ်းမှုမျိုး ဖြစ်နေပါတယ်။ အခုလည်း ကျနော်တို့ တွေ့ကြုံနေရတာက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အသက်ဝင်ရေး သက်သက်ဆိုရင်တော့ ဒီ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ ပြည့်စုံပါမလားဆိုတာကို အခု ရွေးကောက်ပွဲဝင်မယ့် ပါတီတိုင်း သေသေချာချာ သုံးသပ်သင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပြဿနာတိုင်းတွေကို ငါးပွက်ရာ ငါးစာချ သုံးသပ်နေလို့ မရပါဘူး။ ခြုံငုံသုံးသပ်မိဖို့ လိုပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးသုဝေတို့က အာဏာပိုင်တွေဆီကို ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အချိန်ကို တိုးခြဲပေးဖို့၊ ငွေကြေးသတ်မှတ်ချက်ကို ပြန်လည်စဉ်းစားပေးဖို့ တင်ပြတာ၊ တောင်းဆိုတာ၊ မေတ္တာရပ်ခံတာမျိုး မရှိဘူးလား။

ဦးသုဝေ ။ ။ အဲဒါကတော့ ကျနော်ထင်တယ် အစိုးရကလည်း သူ့ပုံသေ ချပြီးတော့ လုပ်တာဆိုတော့ အဲဒါကို ကျနော်တို့က သူတို့ကို ဘာမှမပြောဘူး။ ဘာဖြစ်လို့လည်း ပြင်ဆင်ပေးပါဆိုရင် ပြင်ဆင်ပေးမှာ မဟုတ်တာ။ သူ့အစီအစဉ်နဲ့ သူလုပ်တာ။ အဲဒါကြောင့်မို့ ကျနော်တို့ကတော့ ဒီ ရွေးကောက်ပွဲမှာ အခုနက ဒီမိုကရေစီတပိုင်းနိုင်ငံ ဖြစ်နေတယ်အခါကြတော့ ဒီမိုကရေစီတပိုင်းထဲမှာ ဒီမိုကရေစီ များများဖြစ်အောင် ကျနော်တို့က ကြိုးစားကြရမယ်။ များများဖြစ်အောင် ဘယ်လိုကြိုးစားကြရမလဲဆိုတော့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တွေ များများရွေးနိုင်အောင် ကျနော်တို့ လုပ်ရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပြည်သူလူထုက ကျနော်တို့သိသလောက် ဒီ အစိုးရကိုလည်း မကြိုက်ဘူး။ ဒီ အစိုးရနဲ့ ပတ်သက်တဲ့ပါတီတွေကိုလည်း မဲမပေးချင်ကြဘူး။ တကယ်တမ်းအားဖြင့် သူတို့ မဲပေးချင်တာက ဒီမိုကရေစီ အင်အားစုတွေကို ပေးချင်တာ။ အဲဒီတော့ ဒီမိုကရေစီအင်အားစုတွေက လူထုက မဲပေးနိုင်အောင် ကိုယ့်ကိုယ်စားလှယ်တွေကို ရှာပြီးတော့ မတင်ပေးနိုင်ရင်သာ အဲဒီအခါမှာ ကျနော်တို့ ဒီမိုကရေစီဘက်က နည်းသွားမှာ။ အကယ်လို့သာ ကျနော်တို့က နိုင်ငံရေးပါတီတွေက ကြိုးစားရင် ဒီမိုကရေစီ ချိန်ခွင်ထဲမှာ တဖက်က ဒီမိုကရေစီ၊ တဖက်က ဒီမိုကရေစီဆန့်ကျင်တာ ရှိမယ်။ အဲဒီတော့ ဒီမိုကရေစီအင်အားစုတွေ များများ ချိန်ခွင်ထဲ ပေးနိုင်ရင် ဒီမိုကရေစီ များများရနိုင်တာပေါ့။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ဒီမိုကရေစီအင်အားစုတွေ များများဖြစ်လာအောင် အရွေးခံနိုင်အောင် လွယ်လွယ်ကူကူ လုပ်ထားပေးသလား။ အဓိက ပြဿနာက အဲဒါဖြစ်နေတယ်။ နှစ်ပတ်အတွင်းမှာ တင်ရမှာ မဲဆန္ဒတခုကို ငွေ (၅) သိန်းဆိုတာတွေက တကယ်ဖြစ်နိုင်မလား။

ဦးသုဝေ ။ ။ အဲဒါတွေကြောင့် ကျနော်တို့က များများရသွားဖို့က အင်မတန် ခက်သွားတယ်။ ခက်အောင်လည်း ဒီအစိုးရက လုပ်ထားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီ အစိုးရတွက်မှာပေါ့ အကယ်၍သာ တရားသဖြင့် မှန်မှန်ကန်ကန်နဲ့ အချိန်တွေပေးပြီးမှ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် သူတို့ အစိုးရနဲ့ ပတ်နွှယ်နေတဲ့ ပါတီတွေဟာ အလားအလာ အင်မတန်နည်းတယ်။ အလားအလာနည်းတဲ့အခါကြတော့ သူတို့က ကျန်တဲ့ပါတီတွေကို အခက်အခဲဖြစ်အောင် လုပ်မှာပေါ့။ ဒါကတော့ သူတို့က တမင်လုပ်တာပဲ။

ဦးကျော်ဇံသာ ။ ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အစတုန်းကတော့ ဘယ်နေ့ဘယ်ရက် ကျင်းပပေးမယ်ဆိုတာ မသိရသေးတဲ့ ၂၀၁၀ ရွေးကောက်ပွဲလို ခေါ်ဆိုခဲ့ပါတယ်။ အခုအခါမှာတော့ ဘယ်နေ့ဘယ်ရက် ကျင်းပပေးမယ်ဆိုတာ သိလာခဲ့ပါပြီ။ သို့ပေမဲ့ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီတွေ အင်အားစုတွေအားလုံး ပါဝင်နိုင်တဲ့ အခြေအနေမှရှိပါမလားဆိုတဲ့ ရွေးကောက်ပွဲလို့ ညွှန်းဆိုရမယ့် ရွေးကောက်ပွဲ ဖြစ်နေပါတယ်။

XS
SM
MD
LG