သုံးရလွယ်ကူစေသည့် Link များ

၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ပါမောက္ခ David Williams သုံးသပ်ဆွေးနွေး


၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ပါမောက္ခ David Williams သုံးသပ်ဆွေးနွေး
၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ပါမောက္ခ David Williams သုံးသပ်ဆွေးနွေး

ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ က မြန်မာပြည်သူတွေကြား မြန်မာ့အရေး စိတ်ဝင်စားသူတွေကြား ဝိဝါဒ ကွဲပြားမှုဖြစ်နေတဲ့ နိုဝင်ဘာလ (၇) ရက်နေ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု အင်ဒီးယားနား တက္ကသိုလ်၊ ဥပဒေ ပါမောက္ခ နဲ့ ဒီမိုကရေစီ အခြေခံဥပဒေဆိုင်ရာဌာန ညွှန်ကြားရေးမှုး Dr. David Williams ကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပါမောက္ခ David Williams ခင်များ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီ မဆန်ဘူးလို့ ဆိုကြပါတယ်။ မြန်မာနိုင်ငံလို စစ်အစိုးရလက်အောက် နိုင်ငံတခုမှာ စစ်အစိုးရ ရေးဆွဲတဲ့ ဖွဲ့စည်းပုံတခုဟာ ဘယ်အတိုင်းအတာအထိ ဒီမိုကရေစီဆန်ဖို့ မျှော်လင့်နိုင်ပါသလဲ။

Prof David Williams ။ ။ ရွေးကောက်ပွဲပြီးရင် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစိကို တွေ့မြင်ရလိမ့်မယ်လို့ ကျနော်မထင်ပါဘူး။ ဖွဲ့စည်းပုံ ဥပဒေဟာ စစ်အစိုးရ အာဏာတည်မြဲရေးကို ဦးတည်ရေးဆွဲထားတဲ့ ဥပဒေဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချက်ကို ဖုံးကွယ်ဖို့ အားထုတ်ထားပါတယ်။ နိုင်ငံတကာ ဆန့်ကျင်ကန့်ကွက်မှုကို ရှောင်လွှဲနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဖွဲ့စည်းပုံကတော့ စစ်တပ်အနေနဲ့ ထင်ရာကိုလုပ်နိုင်ဖို့ ခွင့်ပြုထားတာပါ။ ဆိုတော့ အရပ်သားအစိုးရက စစ်တပ်ရဲ့ ဆန္ဒအတိုင်း လုပ်နိုင်သ၍ အဆင်ပြေနေမှာဖြစ်ပြီး စစ်တပ်ကိုဆန့်ကျင်ရင်တော့ အိမ်ပြန်ပို့ခံရမှာ သေချာပါတယ်။ ဒါကို ဖွဲ့စည်းပုံနဲ့အညီ လုပ်ပိုင်ခွင့် ရထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပါမောက္ခ Williams သုံးသပ်တာပေါ့။ ကျနော်မေးတာက မြန်မာပြည်က လက်ရှိအခြေအနေမျိုးမှာ စစ်တပ်ရဲ့ လက်အောက်နေရချိန်မှာ ဘယ်လောက်အထိ ဒီမိုကရေစီဆန်တဲ့ ဖွဲ့စည်းပုံ မျှော်လင့်နိုင်သလဲဆိုတာ ဖြစ်ပါတယ်။

Prof David Williams ။ ။ မြန်မာပြည်ဟာ ဒီမိုကရေစီဖွဲ့စည်းပုံတရပ် ရရှိသင့်တယ်လို့ ကျနော်ထင်ပါတယ်။ တကယ်တော့ မြန်မာပြည်မှာ ဒီမိုကရေစီ ဖွဲ့စည်းပုံရေးဆွဲနိုင်တဲ့ အစဉ်အလာ ရှိခဲ့ဘူးပါတယ်။ ဒီမိုကရေစီ ဖွဲ့စည်းပုံအတွက် အာဏာဟာ တနေရာထဲမှာ ဗဟိုပြု စုစည်းမနေဖို့ လွန်စွာ အရေးကြီးပါတယ်။ အဲဒီလို တနေရာရာက အားလုံးကို ထိန်းချုပ်ထားမယ်ဆိုရင် ကျန်ဒေသတွေမှာလို ပဋိပက္ခတွေ ဖြစ်နေတော့မှာ။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ စစ်တပ်က အာဏာထိန်းချုပ်ထားတဲ့ ကာလမှာ အဲဒီလို ဒီမိုကရေစီဖွဲ့စည်းပုံမျိုး ရေးဆွဲနိုင်ဖို့ ဖြစ်နိုင်မလား။

Prof David Williams ။ ။ ကျနော် မထင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုရင် စစ်အစိုးရကို ဖယ်ရှားပြစ်ရမယ်ဆိုတဲ့ သဘောပေါ့။

Prof David Williams ။ ။ အလားအလာ နှစ်မျိုးရှိပါတယ်။ ပထမတခုက စစ်တပ်ကို ဖယ်ထုတ်ပြစ်ရမယ်။ ပြီးမှ ဒီမိုကရေစီ ဖော်ထွန်းလာပါမယ်။ နောက်တမျိုးကတော့ တဖြည်းဖြည်း ချဉ်းကပ်ရမယ့် သဘောဖြစ်ပါတယ်။ စစ်တပ်ကတော့ ဆက်လက်ချုပ်ကိုင်သွားဖို့ ရည်ရွယ်ပါတယ်။ ဒါပေမဲ့ တခါတရံ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီအခါမှာ အာဏာရှင် အစိုးရတွေဟာ အဲဒီ အပြောင်းအလဲတွေကို ကြံကြံမခိုင်နိုင်ပါဘူး။ ဒီလိုပဲ နောက်နှစ်အနည်းငယ်အကြာမှာ အပြောင်းအလဲတွေဟာ တဖြည်းဖြည်း စုစည်းလာပြီး စစ်တပ်ဟာ ချုပ်ကိုင်မှုကို စွန့်လွတ်လာရပါလိမ့်မယ်။ နောက်ဆုံးတနေ့မှာတော့ စစ်တပ်ဟာ တန်းလျားပြန်သွားရမယ်ဆိုတာကို ကျနော် သံသယ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ အခုလောလောဆယ်မှာတော့ နိုင်ငံရေးသမားတချို့ကတော့ ရွေးကောက်ပွဲ ဝင်ပြိုင်မယ်။ ဒါက တခုတည်းသော လမ်းစဖြစ်တယ်။ လောလောဆယ်မှာ ရွေးကောက်ပွဲပြီးရင် ဒီမိုကရေစီအတွက် နေရာ သေးသေးလေးတကွက်ဖြစ်ဖြစ် ရကောင်းရလာနိုင်လိမ့်မယ်။ အဲဒီကတဆင့် ဒီမိုကရေစီဘောင်ကို ကျယ်ပြန့်အောင် ချဲ့ထွင်သွားရမယ်ဆိုတဲ့ အစွဲသဘော ရှိနေကြပါတယ်။ ဆိုတော့ ဒီလူတွေရဲ့ လုပ်ရပ်ဟာ လက်ခံသင့်တဲ့လုပ်ရပ်လို့ ဆိုလိုတဲ့သဘောလား။

Prof David Williams ။ ။ ကျနော်ကတော့ စစ်တပ်ဟာ ဒီမိုကရေစီသမားတွေအတွက် ဘယ်လိုနေရာကလေးအတွက်မှ ပေးလိမ့်မယ်လို့ မထင်ပါဘူး။ ဒီလို ဆိုလိုက်တဲ့အတွက် ဒီမိုကရေစီသမားတွေအတွက် လုပ်ပိုင်ခွင့်ဘောင် လုံးဝမရှိဘဲ ဖြစ်နေလိမ့်မယ်ဆိုတဲ့ သဘောတော့ မဟုတ်ပါဘူး။ စစ်တပ်ဟာ အရာရာကို ချုပ်ကိုင်နိုင်စွမ်း မရှိတဲ့သဘောကိုလည်း ကျနော်တို့ မျှော်လင့်နိုင်သလို အရာရာကို အာရုံမစူးစိုက်နိုင်တဲ့သဘောကိုလည်း တွေ့ရနိုင်ပါတယ်။ ပြီးတော့ ဒီမိုကရေစီ လိုလားသူ လွှတ်တော်အမတ်တွေဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထောက်ခံမှုတွေလည်း ရရှိဖို့ ကျနော်မျှော်လင့်ထားပါသေးတယ်။ အရေးကြီးတာက နိုင်ငံတကာ အသိုင်းအဝိုင်းတွေအနေနဲ့ တကယ့် ဒီမိုကရေစီ ပြုပြင်ရေးသမားစစ်စစ်တွေကိုသာ လက်တွဲမိဖို့ ဖြစ်ပါတယ်။ စစ်တပ်လက်ကိုင်တုတ်တွေနဲ့ မပူးပေါင်းမိကြဖို့။ အချုပ်ပြောရရင် အပြောင်းအလဲရှိနိုင်တဲ့ အလားအလာတချို့ကို ကျနော် တွေ့မြင်မိပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လူတွေကို ကျနော်အနေနဲ့ မဝေဖန်လိုပါဘူး။ သူတို့အနေနဲ့ အာဏာတွေ လုပ်ပိုင်ခွင့်တွေ အများကြီး ရလာလိမ့်မယ်လို့ သိပ်မျှော်လင့်ချက် မထားကြဖို့ လိုအပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အမေရိကန် ပညာရှင်တွေ အပါအဝင် တချို့ မြန်မာ့အရေးကျွမ်းကျင်တဲ့ ပညာရှင်တွေက နိုဝင်ဘာ (၇) ရက်နေ့ ရွေးကောက်ပွဲအပြီးမှာ အာဏာချုပ်ကိုင်သူတွေ အပြောင်းအလွှဲရှိလာမယ်။ အခြေခံ အဆောက်အအုံလည်း တချို့ အပြောင်းအလဲ ရှိလာလိမ့်မယ်။ အဲဒီအခါမှာ အနောက်နိုင်ငံတွေဟာ အဲဒီ အစိုးရသစ်နဲ့ ဆွေးနွေးပြောဆိုခွင့် ရလာနိုင်တယ်လို့ တွက်နေကြပါတယ်။

Prof David Williams ။ ။ ရေတိုမှာတော့ အခြေခံ အဆောက်အအုံ ပြောင်းလဲမှုတွေ သိပ်ဖြစ်လာလိမ့်မယ်လို့ ကျနော် မထင်ပါဘူး။ နိုင်ငံရေး အခင်းအကျင်းမှာ ပိုမိုရှုပ်ထွေးလာလိမ့်မယ်လို့ပဲ ကျနော်ထင်ပါတယ်။ ဘာကြောင့်လည်းဆိုလို့ရှိရင် လွှတ်တော်ဆိုတာ ပေါ်လာမယ်။ အဲဒီအထဲက အရပ်သားတွေဟာ စစ်တပ်ကို ဖယ်ရှားချင်တဲ့ သဘောရှိမယ်။ စစ်တပ်က သူတို့အတွက် နေရာဖယ်ပေးမှာ မဟုတ်ပါဘူး။ ဒါပေမှာတော့ ရေရှည်မှာတော့ လွှတ်တော်ဟာ စစ်တပ်နဲ့ သီးခြား ဖြစ်လာပါလိမ့်မယ်။ အဲဒီလူတွေနဲ့ပဲ အနောက်နိုင်ငံ အစိုးရတွေ အလုပ်တွဲလုပ်လာနိုင်မှာပါ။ ထပ်ပြောရရင် လွှတ်တော်ဟာ စစ်တပ်နဲ့ သီးခြားဖြစ်လာမှ အနောက်နိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီ ရွေးကောက်ပွဲပြီးပြီချင်း နိုင်ငံရေးအချိန်ကို လွှမ်းခြုံသုံးသပ်မယ်ဆိုရင်။

Prof David Williams ။ ။ ရွေးကောက်ပွဲပြီးပြီချင်း နေပြည်တော်မှာ လွှတ်တော်အမတ်တွေ အများကြီး ရှိလာပါလိမ့်မယ်။ လုပ်ပိုင်ခွင့်က မဆိုသလောက်ဘဲ ရှိမယ်။ စစ်တပ်က အခြေအနေသစ်မှာ လေ့လာသင်ယူမှုတွေ အများကြီးလုပ်ရပါလိမ့်မယ်။ လွှတ်တော်အမတ်တွေ ဘောင်ကျော်မိလို့ စစ်ဆေးခံရတွေ၊ အရေးယူ အပြစ်ပေးခံရတာတွေလည်း ရှိလာနိုင်ပါတယ်။ ဒီအတွက် လွှတ်တော်အမတ်တွေ မခံမရပ်နိုင် ဖြစ်လာမယ်။ ဒီနေရာမှာ ပြတ်ပြတ်သားသား ပြောမယ့်ဆိုမယ့် ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေလည်း ပေါ်ထွက်လာနိုင်ပါတယ်။ ရေတိုမှာတော့ အပြောင်းအလဲအများ ရှိလာမယ်မထင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီလာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တချို့သောမြန်မာတွေကြားမှာ အတော်လေး သဘောကွဲနေကြတာ ရှိပါတယ်။ တချို့က ဒီ ရွေးကောက်ပွဲကို အပြတ်အသတ် သပိတ်မှောက်ရမယ်လို့ ဆိုကြပါတယ်။ တချို့ကလည်း ဝင်ရောက်ယှဉ်ပြိုင်ကြရမယ်။ မဲပေးရမယ်ဆိုပြီး ဖြစ်နေကြပါတယ်။ ဒီကိစ္စအပေါ် ပါမောက္ခရဲ့ သဘောထားကိုလည်း သိချင်ပါတယ်။

Prof David Williams ။ ။ ဒါကတော့ မြန်မာပြည်သူတိုင်း သူတို့ ယုံကြည်ချက်အတိုင်း အဖြေပေးကြရမယ့် ကိစ္စဖြစ်ပါတယ်။ ကျနော်အနေနဲ့ သူတို့ ဘာလုပ်ပါလို့ မပြောလိုပါဘူး။ ကျနော် ပြောချင်တာက ရွေးကောက်ပွဲသည် အတုအယောင်ဖြစ်တယ်။ ဒီရွေးကောက်ပွဲကြောင့် အာဏာအပြောင်းအလဲ ဖြစ်မယ်ထင်နေရင် ဒါဟာ မမှန်ပါဘူး။ အာဏာကို ခွဲဝေပေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုခြေကုတ်ဝင်ယူထားမယ် နောင် ငါးနှစ်ဆယ်နှစ်လောက်မှာ ပြောင်းလဲလာနိုင်မယ်လို့ မျှော်လင့်တယ်ဆိုရင်တော့ ဒါကို ကျနော်နားလည်းနိုင်ပါတယ်။ နောက် ကျနော် အလေးအနက်ပြောချင်တာ တခုကတော့ ရွေးကောက်ပွဲ ဝင်သူတွေ နိုင်သူတွေအနေနဲ့ ဒါကို ရွေးကောက်ပွဲကို ထောက်ခံလို့ ဝင်ပြိုင်ရတာ မဟုတ်ဘူးဆိုတာ နိုင်ငံတကာကို ပြသဖို့ သိပ်ကို အရေးကြီးတယ်ဆိုတဲ့ အချက်ပါ။ ဒီရွေးကောက်ပွဲဟာ အတုအယောင် မဟုတ်ဘဲ အဓိပ္ပါယ်ပြည့်ဝတဲ့ စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ အထင်မရောက်စေဖို့ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့ကတော့ ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သပိတ်မှောက်တာဟာ လုံးဝမှားယွင်းတယ်။ တကယ်လို့ အန်အယ်လ်ဒီ သာ ဝင်ပြိုင်မယ်ဆိုရင် အပြတ်အသတ် အနိုင်ရမယ်။ ဒါဆိုရင် စစ်တပ်ရဲ့ အခန်းကဏ္ဍကို လျှော့ချနိုင်ဖို့ အခွင့်အလမ်း ပိုရလာနိုင်မယ်လို့ တွက်ကြပါတယ်။ အန်အယ်လ်ဒီ ရွေးကောက်ပွဲ မဝင်လို့ အားမလို အားမရ ဖြစ်သူတွေ၊ စိတ်ပျက်လက်ပျက်ဖြစ်သူတွေ အများကြီးကြားနေရပါတယ်။

Prof David Williams ။ ။ ဒါမဟုတ်ဘူးလို့ ထင်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ စစ်တပ်က သင်ခန်းစာ ရလိုက်တယ်ဆိုတာ သိပ်ထင်ရှားပါတယ်။ အဲဒီတုန်းက စစ်တပ်အရေးနှိမ့်ခဲ့ပါတယ်။ ဒီတကြိမ်မှာ အလားတူ အရေးနှိမ့်ရမယ့် အဖြစ်ကို မလိုလားပါဘူး။ အဲဒီလိုဆိုတော့ အာဏာကို ဆက်လက်ချုပ်ကိုင်နိုင်ဖို့အတွက် ဘာဘဲလုပ်ရလုပ်ရ လုပ်မှာဖြစ်ပါတယ်။ ဆိုတော့ ဘယ်သူပဲနိုင်နိုင် စစ်တပ်ပဲ အနိုင်ယူမှာပါ။ ဒါကြောင့် အန်အယ်လ်ဒီ ဝင်ပြိုင်လည်း ဘာမှမထူးဘူးလို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုဆက်လက်ပြီး တိုင်းရင်းသားလူမျိုးတွေအကြောင်း ဆွေးနွေးချင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ၁၉၄၇ ဖွဲ့စည်းပုံဥပဒေတွေ၊ ၁၉၇၄ အခြေခံဖွဲ့စည်းပုံဥပဒေတွေထက် တိုင်းရင်းသား အခွင့်အရေးတွေကို ပိုပေးထားတယ်လို့ တချို့က ယူဆနေကြပါတယ်။ ဒါမှန်တယ် ထင်ပါသလား။

Prof David Williams ။ ။ စာရွက်ပေါ်မှာတော့ တိုင်းရင်းသားလူနည်းစုတွေအတွက် အကာအကွယ်တချို့ ရေးထားပါတယ်။ တိုင်းရင်းသားတွေ တကယ်လိုချင်တဲ့ အခွင့်အရေးတွေကိုတော့ မပေးပါဘူး။ Federalism လို့ခေါ်တဲ့ ပြည်ထောင်စုစစ်စစ် သဘောလည်း လုံးဝမပါသလောက်ပါ။ ဒါတောင် စာရွက်ပေါ်မှာ ရေးထားတာကို ပြောတာပါ။ ဒီမဆိုသလောက်လေးကိုပဲ လက်တွေ့ အကောင်အထည် ဖော်ထုတ်ဖို့ဆိုတာတောင် တိုင်းရင်းသားတွေကိုယ်တိုင် အာဏာကို ချုပ်ကိုင်နိုင်မှ ဖြစ်မှာပါ။ အခုတော့ စစ်တပ်ကသာ အာဏာကို ချုပ်ကိုင်မှာဖြစ်မှာမို့ ဒါဟာ အကောင်အထည် မဖော်နိုင်ပါဘူး။ သူတို့အပေါ် တိုင်းရင်းသား အစည်းအလုံး ညီညွှတ်ရေးကို ထိခိုက်စေတယ်လို့ သူတို့ထင်လို့ရှိရင်တော့ စစ်တပ်က အာဏာသိမ်းခွင့်ကိုလည်း ဖွဲ့စည်းပုံက ပြဌာန်းပေးထားပါတယ်။ တိုင်းရင်းသားတွေက ပြည်ထောင်စုက ခွဲထွက်ချင်တယ်လို့ စစ်တပ်က ယူဆထားပါတယ်။ ဒါဟာ မမှန်ပါဘူး။ စစ်တပ်ဟာ တိုင်းရင်းသားတွေကို အချိန်မရွေး စစ်ဆင်နိုင်တယ်။ ဒါဟာ လုံးဝတရားဝင်တယ်ဆိုတဲ့သဘော ပြဌာန်းထားတာကိုလည်း ကျနော်တို့ တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တဲ့ မေးခွန်းတခုကတော့ အခုလောလောဆယ်မှာ တိုင်းရင်းသားအဖွဲ့အစည်းတွေက လက်နက်မစွန့်ချင်ဘူး။ စစ်အစိုးရက လက်နက်စွန့်ခိုင်းပါတယ်။ ဒီနေရာမှာ ပြည်ထောင်စု စစ်စစ်ဖြစ်ဖို့အတွက်ဆိုရင် တိုင်းရင်းသားတွေ လက်နက်စွန့်ဖို့ မလိုအပ်ဘူးလား။ အမေရိကန်ပြည်ထောင်စုတို့လို Federal ပြည်ထောင်စုစစ်စစ်မှာလည်း ပြည်နယ်တွေမှာ ကိုယ်ပိုင်စစ်တပ်ဆိုတာ မရှိကြဘူး မဟုတ်လား။

Prof David Williams ။ ။ တကယ်လို့ မြန်မာနိုင်ငံသာ ဒီမိုကရေစီနိုင်ငံဖြစ်ခဲ့ရင် ဒီ မေးခွန်းက စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတခုပါ။ အခုတော့ မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံ မဟုတ်သလို၊ မကြာခင်ကာလမှာလည်း အဲဒီလို ဖြစ်လာအုန်းမှာ မဟုတ်ပါဘူး။ တိုင်းရင်းသားတွေဟာ စစ်တပ်ရဲ့ တိုက်ခိုက်မှုကို မခံချင်လို့ စစ်တပ်က လာမတိုက်ရလေအောင်လို့ လက်နက်ကိုင်ချင်နေကြတာပါ။ တနည်းအားဖြင့် သူတို့ကိုသူတို့ ကာကွယ်ဖို့ ဖြစ်ပါတယ်။ ရွေးကောက်ပွဲပြီးရင်လည်း ဒီအတိုင်းပဲ ဖြစ်နေအုန်းမှာပါ။ စစ်တပ်က သူတို့ကို တိုက်ခိုက်ပိုင်ခွင့် ရှိနေအုန်းမှာပါ။ ဒါကြောင့် မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုနဲ့ နှိုင်းယှဉ်လို့ မရနိုင်ပါဘူး။ မြန်မာနိုင်ငံဟာ အမေရိကန်လို ဒီမိုကရေစီနိုင်ငံတခု မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတခု ဖြစ်လာအုန်းတော့ အစောပိုင်းမှာ တိုင်းရင်းသားတွေ လက်နက်ကိုင်ကြရပါအုန်းမယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အစောပိုင်းနှစ်တွေမှာလည်း ပြည်နယ်တွေမှာ သူတို့ရဲ့ လက်နက်ကိုင်တွေ ရှိခဲ့ကြပါတယ်။ နောက်ပိုင်းကြမှ ပြည်ထောင်စုအစိုးရပေါ်မှာ တဖြည်းဖြည်း အယုံအကြည်ရှိလာတာနဲ့အမျှ လက်နက်စွန့်လာကြတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း တိုင်းရင်းသားတွေဟာ ယုံကြည်စိတ်ချရမှ လက်နက်ကို စွန့်ကြမှာပါ။ သြဇာအာဏာကို သုံးပြီးတော့ လက်နက်စွန့်ခိုင်းနေလို့ကတော့ စွန့်ကြမှာ မဟုတ်ပါဘူး။

XS
SM
MD
LG