သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-အိန္ဒိယ နယ်စပ်


မြန်မာ-အိန္ဒိယ နယ်နိမိတ်
မြန်မာ-အိန္ဒိယ နယ်နိမိတ်

လွန်ခဲ့တဲ့လက မဏိပူပြည်နယ်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ မဏိပူနဲ့ နာဂသူပုန်တို့ကို အိန္ဒိယအစိုးရတပ်က မြန်မာပြည်ထဲအထိ လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ရှိပေမယ့် မြန်မာအစိုးရနဲ့ နားလည်မှုယူထားလို့သာ ဒီလို လုပ်နိုင်တာလို့ သုံးသပ်ကြပါတယ်။ အခုလို မဏိပူပြည်နယ်ထဲ သူပုန်ဝင်ရောက်တိုက်ခိုက်နိုင်တာ တရုတ်ရဲ့ အကူအညီထောက်ပံ့မှုကြောင့် ဖြစ်တယ်လို့ အိန္ဒိယ စာနယ်ဇင်းတွေက စွပ်စွဲတာကို အခြေအမြစ် မရှိဘူးလို့ တရုတ်က ငြင်းဆိုပါတယ်။ အိန္ဒိယနဲ့ မြန်မာအစိုးရ ပူးတွဲပြီး မြန်မာဘက်က အိန္ဒိယ သူပုန်စခန်းကို စစ်ဆင်ရေးလုပ်တဲ့ အစဉ်အလာလည်း ရှိပါတယ်။

ဒါပေမဲ ဦးသိန်းစိန်အစိုးရလက်ထက် တရုတ်-မြန်မာ ဆက်ဆံရေး အဆင်မပြေတာတွေ ရှိလာတာမို့ မော်စီတုန်းလက်ထက်ကလို အိန္ဒိယ အရှေ့ဘက်နယ်စပ်က တိုင်းရင်းသားသူပုန်ကို တရုတ်က ကူညီနေတယ်လို့ ဇူလိုင်လ (၄) ရက်နေ့ထုတ် The New Indian Express သတင်းစာဆောင်းပါးမှာ ဖော်ပြထားပါတယ် အိန္ဒိယသူပုန် ညွှန့်ပေါင်းအဖွဲ့က ခေါင်းဆောင်အချို့ဟာ ရွှေလီမှာ စခန်းချပြီး လှုပ်ရှားနေတာဖြစ်ပေမယ့် ဒီအကြောင်းကို ထုတ်ဖော်ပြာဆိုတာမျိုး အလွန်နည်းတယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် Khaleda Zia လက်ထက်မှာ အိန္ဒိယသူပုန်တွေ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံပြီး အိန္ဒိယပြည်ထဲ ဝင်ရောက်တိုက်ခိုက်တာမျိုးတွေ လုပ်တတ်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် Sheikh Hasina (၂၀၀၉) မှာ အာဏာရလာတဲ့အခါ အိန္ဒိယသူပုန်ကို လက်မခံတာကြောင့် မြန်မာပြည်ဘက် ဝင်ရောက်လာတာလို့ ဆိုပါတယ်။ ရှည်လျားလှတဲ့ ဘင်္ဂလားဒေ့ရှ်-အိန္ဒိယနယ်စပ်မှာ အိန္ဒိယက မိုင်နှစ်ထောင်ကျော် သံဆူးကြိုးတံတိုင်းကြီး တည်ဆောက်နေပါတယ်။ မြန်မာ-အိန္ဒိယ နယ်နမိတ် တိုင်းတာရေးစာချုပ် (၁၉၆၇) မှာ ချုပ်ဆိုတာမို့ (၄၈) နှစ်ရှိပါပြီ။ ဒါပေမဲ့ နယ်စပ်မှတ်တိုင် မစိုက်ထူနိုင်သေးတဲ့နေရာတွေ ရှိနေပါသေးတယ်။ ဥပမာ ကဘော်ချိုင့်ဝှမ်းဒေသမှာ (၂) နိုင်ငံသဘောထား ကွဲလွဲနေတာကြောင့် နယ်နိမိတ်မှတ်တိုင် (၉) တိုင် ယနေ့အထိ မစိုက်ထူနိုင်သေးကြောင်း သိရှိရပါတယ်။

မြန်မာနဲ့ နယ်နမိတ်ချင်းဆက်နေတဲ့ အရူးနားချဲပရာဒရှ်၊ နာဂ၊ မဏိပူ နဲ့ မီဖိုရမ် ပြည်နယ် (၄) ခု စုစုပေါင်းမှာ လူဦးရေ (၅) သန်းကျော်လောက် ရှိတာမို့ အိန္ဒိယ-မြန်မာ နယ်နိမိတ်တလျှောက်မှာ လွတ်လပ်စွာ သွားလာနိုင်တဲ့စနစ် Free Movement Regime ကို ကျင့်သုံးပါတယ်။ နယ်နိမိတ်တလျှောက်မှာ (၁၀) မိုင်လောက် လွတ်လပ်စွာ ဝင်ထွက်သွားလာ ခွင့်ပြုတာဖြစ်လို့ နယ်စပ်နေ တိုင်းရင်းသားတွေအတွက် အဆင်ပြေတဲ့စနစ် ဖြစ်ပါတယ်။ ဒါပေမဲ့ လုံခြုံရေးဘက်ကကြည့်ရင်တော့ အစိုးရအတွက် စိတ်ပူစရာ ဖြစ်နေပါတယ်။ လွတ်လပ်စွာ သွားလာနိုင်တာကို အခွင့်ကောင်းယူပြီး အိန္ဒိယသူပုန်အုပ်စုတွေဟာ မြန်မာနဲ့ အိန္ဒိယအကြား လူးလာခေါက်ပြန် လှုပ်ရှားနေတာ ဖြစ်ပါတယ်။ မြန်မာပြည်ထဲမှာ အိန္ဒိယ သူပုန်စခန်းတွေ ရှိနေပြီး လက်နက်ခဲယမ်းကို မြန်မာပြည်အရှေ့ပိုင်းဒေသနဲ့ ယူနန်နယ်က တင်သွင်းတယ်လို့ အိန္ဒိယဘက်က ယူဆပါတယ်။

အိန္ဒိယအရှေ့မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားမှုမှာ တရုတ်အကူအညီပေးပုံကို လွန်ခဲ့တဲ့ ဧပြီလ ယေးလ်တက္ကသိုလ် ပုံနှိပ်တိုက်က ထုတ်ဝေတဲ့ Bertil Lintner ရဲ့ Great Game East မှာ အသေးစိတ် ဖော်ပြထားပါတယ်။ KIA ကတဆင့် တရုတ်နဲ့ ဆက်သွယ်နိုင်တဲ့အတွက် ၁၉၆၇ က ၁၉၇၅ အထိ (၈) နှစ်အတွင်းမှာ နာဂသူပုန် (၁) ထောင်ကျော်ဟာ ယူနန်ပြည်နယ်မှာ စစ်သင်တန်း တက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နာဂအဖွဲ့ဟာ ဝါအရင့်ဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ကိုလိုနီခေတ်ကတည်းက လွတ်လပ်ရေး တောင်းဆိုခဲ့တာပါ။ ၁၉၆၃ မှာ ကိုယ်ပိုင်အုပ်ချုပ်တဲ့ ပြည်နယ်ဖြစ်လာပေမယ့် လွတ်လပ်ရေး လိုချင်သူတွေက လက်နက်ကိုင် လှုပ်ရှားနေတုန်း ဖြစ်ပါတယ်။ အိန္ဒိယရဲ့ နာဂပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအကြားမှာ မြန်မာနဲ့ အိန္ဒိယ အစိုးရတပ်တွေ ပူးပေါင်းပြီး ထိုးစစ်ဆင်လေ့ ရှိပါတယ်။ ဒါပေမဲ့ နာဂသူပုန်စခန်းတွေ ရှိနေသေးတာကိုကြည့်ရင် အိန္ဒိယ-မြန်မာ ပူးတွဲစစ်ဆင်ရေး အချည်းနှီး ဖြစ်နေတာ သိသာပါတယ်။

လူဦးရေး (၂) သန်းလောက်ရှိတဲ့ မဏိပူပြည်နယ်ဟာ (၁၉) ရာစုအစောပိုင်း ဘကြီးတော်မင်း လက်ထက်မှာ မြန်မာ့လက်အောက်ခံ ဖြစ်ခဲ့ပါတယ်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးမှာ မဏိပူကို အိန္ဒိယနဲ့ ပူးပေါင်းလိုက်ပါတယ်။ အနှစ် (၂၀) ကျော် လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ပြီး ၁၉၇၂ မှာ ပြည်နယ်အဆင့်ကို ရရှိပါတယ်။ မြန်မာပြည်ဘက်မှာ ခြေကုတ်ယူပြီး လှုပ်ရှားနေတဲ့ မဏိပူသူပုန်အဖွဲ့လည်း ရှိပါတယ်။ ချင်းပြည်နယ်မှာ လူဦးရေ (၅) သိန်းလောက်သာရှိပြီး၊ စစ်ကိုင်းတိုင်းမှာ (၅) သန်းကျော်သာ ရှိတာမို့ အိန္ဒိယ-မြန်မာနယ်စပ်ဟာ လူနေအလွန်ကျဲတဲ့ဒေသ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရရဲ့ အရှေ့မြောက်ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ကိစ္စမှာ တိုင်းရင်းသားသူပုန် ပြဿနာဟာ အဓိက အခက်အခဲ ဖြစ်နေပါတယ်။ နယ်စပ်ဒေသကို မထိန်းချုပ်နိုင်တာဟာ အိန္ဒိယအစိုးရရဲ့ အားနည်းချက် ဖြစ်ပါတယ်။ တကယ်တော့ မြန်မာအနောက်ဘက် နယ်စပ်မှာ အိန္ဒိယအစိုးရတပ်နဲ့ အိန္ဒိယတိုင်းရင်းသားတပ်ဖွဲ့တွေ ထိပ်တိုက်တွေ့နေကြတာ ဖြစ်ပါတယ်။ တရုတ်က ကူညီနေတဲ့ အိန္ဒိယသူပုန်ဖြစ်လို့ မြန်မာ့အနောက်ဘက်နယ်စပ်မှာ တရုတ်နဲ့ အိန္ဒိယ တိုက်ပွဲဖြစ်နေတယ်လို့ တင်စားပြီး ရေးသားတာမျိုးတွေတောင် ရှိလာပါတယ်။

XS
SM
MD
LG