သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် နဲ့ အိမ်နီးနားချင်း နိုင်ငံများ


တရုတ်-မြန်မာ နယ်စပ်ဒေသအရေး
တရုတ်-မြန်မာ နယ်စပ်ဒေသအရေး
တိုက်ရိုက် လင့်ခ်


တရုတ်ပြည်နဲ့ နယ်နိမိတ်ချင်း ဆက်နေတဲ့ နိုင်ငံပေါင်း (၁၄) နိုင်ငံ ရှိပါတယ်။ ရေနယ်နမိတ် (သို့မဟုတ်) ရေပိုင်နက်ချင်း ဆက်နေတာဟာ (၅) နိုင်ငံ ရှိပါတယ်။ ဒီအထဲမှာ ဗိယက်နမ်ဟာ ကုန်ရောရေပါ နယ်နိမိတ်ချင်း ဆက်နေပါတယ်။ တရုတ်ဟာ အိမ်နီးချင်းနိုင်ငံလေးတွေနဲ့ ဆက်ဆံရေး အဆင်ပြေပေမယ့် အိန္ဒိယ၊ ရုရှားစတဲ့ နိုင်ငံကြီးတွေနဲ့ ဆက်ဆံရာမှာ အဆင်မပြေတာတွေ ရှိပါတယ်။ ရုရှားနဲ့ နယ်နိမိတ် သတ်မှတ်တာဟာ ၂၀၀၈ မှာ ပြီးစီးသွားပေမယ့် အိန္ဒိယနဲ့ ဆက်နေတဲ့ နယ်နိမိတ်ကို အခုထက်ထိ သဘောတူချက် မရယူနိုင်ဘဲ ဖြစ်နေပါတယ်။ တရုတ်ကတော့ သူ့အကျိုးစီးပွား မြှင့်တင်ဖို့ နည်းမျိုးစုံ သုံးနေပုံရပါတယ်။

တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ရင်း တရုတ်အပေါ်စီးရသွားပုံကို မဲခေါင်မြစ်ဝှမ်းမှာ တွေ့နိုင်ကြောင်း ထိုင်းပါမောက္ခ Thitinan Pongsudhirak က မတ်လ (၃၁) ရက်နေ့ထုတ် East Asia Forum စာစောင်မှာ ရေးဖူးပါတယ်။ မဲခေါင်မြစ် အထက်ပိုင်းဟာ ယူနန်ပြည်နယ်မှာရှိပြီး မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗိယက်နမ်ကို ဖြတ်သန်း စီးဆင်းပါတယ်။ မဲခေါင်မြစ် အထက်ပိုင်းမှာ ရေကာတာ (၆) ခု တရုတ်က ဆောက်တာမို့ မြစ်ရေကို အားကိုးတဲ့ ကမ္ဘောဒီးယားနဲ့ ဗိယက်နမ်မှာ ပြဿနာ ပေါ်ပါတယ်။ ဒီနိုင်ငံတွေ တရုတ် အနိုင်ကျင့်တာ ခံနေရပြီး မြန်မာတဦးသာ တရုတ်ကို ဆန့်ကျင်နေတဲ့ အနေအထားမှာ ရှိနေပါတယ်။

ယူနန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မဟာစီမံကိန်းမှာ မြန်မာပြည်က အလွန်အရေးကြီးတဲ့ နေရာက ပါဝင်နေပါတယ်။ မြန်မာပြည်ကိုဖြတ်ပြီး ရေနံဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်နိုင်တာဟာ ယူနန်ရဲ့ အောင်မြင်မှုတခု ဖြစ်ပါတယ်။ မြန်မာပြည်က တရုတ်စီမံကိန်းတွေအကြောင်း China’s Engagement in Myanmar ဆိုတဲ့ စာတမ်းကို Transitional Institute က လွန်ခဲ့တဲ့ ဇူလိုင်လက ထုတ်ဝေပါတယ်။ စစ်အစိုးရလက်ထက်ကလို အပေါ်စီး မရတော့လို့ တရုတ်မူဝါဒ ပြောင်းလဲလာပုံကို သုံးသပ်ထားပါတယ်။ မြန်မာပြည် ဖြတ်လမ်းအဖြစ်သုံးဖို့ မပြောတော့ဘဲ မြန်မာပါဝင်တဲ့ တရုတ် ပိုးလမ်းမကြီးအကြောင်းကိုသာ ပြောလာပါတယ်။ ပြဿနာဖြစ်ရတဲ့ အကြောင်းရင်းက တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်မဟုတ်ဘဲ ပြည်သူလူထုကို အကျိုးမပြုတဲ့ စစ်အစိုးရခေတ်က တရုတ် စီမံကိန်းတွေကြောင့် ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

စစ်အစိုးရ နိဂုံးချုပ်သွားတာနဲ့ တရုတ်ဟာ ပြဿနာမျိုးစုံနဲ့ ရင်ဆိုင်လာရပါတယ်။ ပြည်တွင်းရေးဟာ နိုင်ငံတကာအရေးနဲ့ ဆက်စပ်လာပါတယ်။ တရုတ်တဦးတည်း လက်ဝါးကြီးအုပ်လို့ မရတော့ပါဘူး။ NLD အစိုးရ တက်လာတာဟာ တရုတ်အတွက် ပိုပြီး ခေါင်းရှုပ်စရာ ဖြစ်လာပါတယ်။ တရုတ်-မြန်မာ နယ်စပ်က ပြဿနာတွေကို ကူညီဖြေရှင်းဖို့ စိတ်မကူးဘဲ စီးပွားရေး အကျိုးအမြတ်ကိုသာ ကြည့်တာဟာ တရုတ်ရဲ့ အဓိက အားနည်းချက် ဖြစ်တယ်လို့ ဆိုပါတယ်။ KIO နဲ့ အခြား ကချင်အဖွဲ့တွေ ကန့်ကွက်တာကို ဂရုမစိုက်ဘဲ စစ်အစိုးရ သဘောတူညီချက်နဲ့ မြစ်ဆုံစီမံကိန်းကို စခဲ့ပါတယ်။ စစ်အစိုးရနဲ့ တရုတ် စတင်ခဲ့တဲ့ စီမံကိန်းတွေဟာ ဒေသခံပြည်သူလူထုကို အကျိုးမပြုဘဲ စစ်တပ်နဲ့ တရုတ်ကုမ္ပဏီကိုသာ အကျိုးပြုတာကြောင့် ဆန့်ကျင်မှုနဲ့ကြုံတာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ အပေါင်းပါတွေက သွေးထိုးလို့ မဟုတ်ပါဘူး။

မြန်မာပြည်က နိုင်ငံခြားရင်းနှီးမှုပမာဏမှာ တရုတ်က (၄၀) ရာခိုင်နှုန်းကျော် ရှိနေတာမို့ တရုတ်လွှမ်းမိုးသလို ဖြစ်နေတာ သိသာပါတယ်။ မြန်မာပြည်က သယံဇာတကို တရုတ်က ထုတ်ယူနေပါတယ်။ ရေနံဓါတ်ငွေ့ပိုက်လိုင်း မြန်မာပြည်ကို ဖြတ်သွယ်ထားပါတယ်။ မြန်မာပြည်ကို ဖြတ်လမ်းအဖြစ်သုံးပြီး ကုန်လမ်း၊ ရေလမ်း၊ ရထားလမ်းနဲ့ အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်လိုပါတယ်။ နောက်ပြီးတော့ ရေအားလျှပ်စစ် တည်ဆောက်ပြီး ယူနန်အတွက် ဓါတ်အားထုတ်ယူလိုတာမို့ မြန်မာတွေ မကြိုက်တဲ့ မြစ်ဆုံစီမံကိန်းကို ပယ်ဖျက်ကြောင်း တရုတ် ကြေညာဖို့ လိုတယ်လို့ ဝါရင့်သုတေသီ Bretil Lintner က ဧရာဝတီမှာ ပြောသွားပါတယ်။ မြစ်ဆုံကို ခွင့်ပြုတဲ့ အစိုးရဟာ ကိုယ်သင်္ချိုင်းကိုယ်တူးတာ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

လာအို၊ ကမ္ဘောဒီးယား၊ ဗိယက်နမ် နဲ့ တရုတ်ရဲ့ ဆက်ဆံရေးဟာ စီးပွားရေးအပေါ်မှာ အခြေခံတာများပေမယ့် မြန်မာနဲ့ ဆက်ဆံရာမှာ နိုင်ငံရေးဟာလည်း အရေးကြီးပါတယ်။ နှစ်ပေါင်းများစွာ တရုတ်နဲ့ ဆက်နွှယ်ခဲ့တဲ့ ဝ၊ မိုင်းလား နဲ့ ကိုးကန့်ကို တရုတ်က လက်လွှတ်ခံမှာ မဟုတ်ပါဘူး။ ဒီလို တိုင်းရင်းသားအုပ်စုတွေနဲ့ တရုတ်တို့ အပြန်အလှန် အကျိုးပြုတဲ့ အခြေအနေကို မပျက်ပြယ်စေတဲ့ ငြိမ်းချမ်းရေးမျိုးကိုသာ တရုတ်က လိုလားပုံပါတယ်။ နယ်စပ်တိုင်းရင်းသားပြဿနာကို ဒေသအရေးနဲ့ နိုင်ငံတကာအရေး သဘောမျိုးနဲ့ ရှုမြင်လာမှာကို တရုတ်က လိုလားမယ် မဟုတ်ပါဘူး။

တောင်တရုတ် ပင်လယ်မှာ အငြင်းပွားရတဲ့ နေရာဟာ ဖိလစ်ပိုင်၊ ဗိယက်နမ်၊ အင်ဒိုနီးရှားနဲ့ ပိုပြီးနီးကပ်ပေမယ့် တရုတ်က အင်အားသုံးပြီး အပိုင်းစီးထားပါတယ်။ တရုတ်ကို မှီခိုနေရတဲ့ ဗိယက်နမ်ဟာ ထိပ်တိုက်တွေ့တာမျိုးကို ရှောင်ရှားနေရပါတယ်။ ဒီကိစ္စမှာ မြန်မာက ဘက်မလိုက်တဲ့သဘောနဲ့ ပြောဆိုတာကို တရုတ်က ထောက်ခံပါတယ်။ အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမှုဘဏ်နဲ့ ပိုးလမ်းမ စီမံကိန်းက အကျိုးအမြတ်ရတဲ့ အာဆီယံနိုင်ငံတွေဟာ တရုတ်ကို ငြင်းဆန်ဖို့ ကြာလေခက်လေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တရုတ်နဲ့ အိမ်နီးချင်းဆက်ဆံရေးမှာ မြန်မာဟာ ပိုပြီးအရေးပါလာတာ ဖြစ်ပါတယ်။

XS
SM
MD
LG