သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့သစ်လုပ်ငန်း ပြဿနာ


မြန်မာ့သစ်လုပ်ငန်း ပြဿနာ
please wait

No media source currently available

0:00 0:05:04 0:00
တိုက်ရိုက် လင့်ခ်


ယခုနှစ် ဧပြီလကနေ ဇွန်လအထိ ဥပဒေမဲ့ ထုတ်ယူတဲ့ ကျွန်နဲ့သစ်မာ တန်ချိန်တသောင်းကျော် ဖမ်းဆီးရမိကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့ ဘဏ္ဍာရေးနှစ်ကတော့ တန်ချိန် ငါးသောင်းနီးပါး ဖမ်းဆီးနိုင်ခဲ့ပါတယ်။ မြန်မာသစ်တောကို အစိုးရပိုင်အဖြစ် သတ်မှတ်ထားပေမယ့် ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို သစ်ခုတ်ခွင့်ပေးခဲ့တာ ကိုလိုနီခေတ်ကတည်းကပါ။ ကျေးလက်လူထုဘဝမှာ သစ်တောဟာ အရေးကြီးပါတယ်။ လက်နက်ကိုင်အုပ်စုတွေကလည်း သစ်လုပ်ငန်းနဲ့ ရန်ပုံငွေ ရှာကြပါတယ်။ ဈေးကွက်စနစ် ကျင့်သုံးချိန်ကစပြီး ဥပဒေမဲ့ ထုတ်ယူမှု၊ ဝန်ထမ်းနဲ့ ပုဂ္ဂလိကပေါင်းပြီး မှောင်ခိုထုတ်ယူမှုတွေ များပြားလာပါတယ်။

လွန်ခဲ့တဲ့ မတ်လကတော့ နိုင်ငံခြားပညာရှင်နှစ်ဦးနဲ့ အငြိမ်းစားသစ်တောအရာရှိ ဦးကျော်ထွန်းတို့ ရေးသားပြုစုတဲ့ Legally and Illegally Logged out ဆိုတဲ့ စာတမ်းထွက်လာပါတယ်။ တောပြုန်းရပုံနဲ့ သစ်တောအဆင့်အတန်း ကျဆင်းပုံကို သုံးသပ်ထားပါတယ်။ မြန်မာ့ဒီရေတောတွေရဲ့ အခြေအနေကို အမေရိကန် NASA အဖွဲ့က ကောင်ကင်ကဓါတ်ပုံ ရိုက်ထားတဲ့ စာတမ်းကို ၂၀၁၄ မှာ ထုတ်ပြန်ဖူးပါတယ်။ ကုလသမဂ္ဂ FAO အဖွဲ့ကလည်း Global Forest Resources Assessment 2015 စာအုပ်မှာ မြန်မာပြည်ဆိုင်ရာ သီးသန့်အစီရင်ခံစာ ထုတ်ပြန်ပြီး မြန်မာ့သစ်တောအခြေအနေကို ဖော်ပြပါတယ်။

ကုလသမဂ္ဂရိက္ခာ နဲ့ စိုက်ပျိုးရေးအဖွဲ့ FAO ရဲ့ မြန်မာပြည်ဆိုင်ရာ (၈၅) မျက်နှာစာတမ်းဟာ စာရင်းဇယားတွေကိုသာ ဖော်ပြပြီး ဝေဖန်သုံးသပ်တာမျိုး မလုပ်ပါဘူး။ တချို့စာရင်းကလည်း ခေတ်နဲ့မညီတော့တာ တွေ့ရပါတယ်။ ဥပမာ သစ်တောဆိုင်ရာဝန်ထမ်းနဲ့ အလုပ်သမားစာရင်းဟာ (၂၀၀၀) ခုနှစ်အထိသာ ရှိပါတယ်။ အဲဒီနှစ်က သစ်တောဌာနမှာ ဝန်ထမ်း (၈၆၂၂) နဲ့ အလုပ်သမား (၇၁၈၅၅)၊ လူအင်အား (၈၀၄၇၇) ရှိပါတယ်။ သစ်လုပ်ငန်းဌာနမှာ အမှုထမ်း (၂၀၃၉၆) ရှိပါတယ်။ အဲဒီအချိန်ကတည်းက သစ်ထုတ်ယူတဲ့ သစ်လုပ်ငန်းဌာနရဲ့ ဝန်ထမ်းဦးရေဟာ သစ်တောဌာနအမှုထမ်းဦးရေထက် နှစ်ဆကျော် ပိုများနေပါတယ်။ အခုတောင် သစ်တောဌာနမှာ ဝန်ထမ်းဦးရေ (၁၅၄၄၉) သာရှိလို့ သစ်တောကို ပြုန်းတီးစေတဲ့ သစ်လုပ်ငန်းဌာနရဲ့ကဏ္ဍကို လျှော့ချပြီး သစ်တောဌာနကို လုပ်ပိုင်ခွင့်ပိုပေးဖို့ ဦးကျော်ထွန်းနဲ့ နိုင်ငံခြားပညာရှင်နှစ်ဦးက Legally and Illegally Logged out ဆိုတဲ့ စာတမ်းမှာ အကြံပြုထားပါတယ်။

သစ်တောသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုအကျိုးခံစားခွင့်ဟာ သစ်တောဌာနရဲ့ အဓိက ဦးတည်ချက် ဖြစ်ရမယ်လို့ ဆိုပါတယ်။ သစ်တောထိန်းသိမ်းရေး အကောင်အထည်ဖော်နိုင်ဖို့ စစ်အစိုးရခေတ်မှာ ကြီးထွားလာတဲ့ လက်ရှိသစ်လုပ်ငန်းဌာန အခန်းကဏ္ဍ တဆင့်ပြီးတဆင့် လျော့ကျသွားအောင် လုပ်ရမယ်လို့ ဆိုပါတယ်။ သစ်လုပ်ငန်းဌာနမှာ အဂတိလိုက်စားမှု များတာကြောင့် ကိုလိုခေတ်ကလို သစ်ထုတ်လုပ်ရေးကို သစ်တောဌာန လက်အောက်မှာ ပြန်ထားဖို့ ဖြစ်ပါတယ်။ သစ်တောဌာနနဲ့ အရပ်သားအဖွဲ့အစည်းတွေ ပူးပေါင်းပြီး သစ်တောထုတ်လုပ်ရေးလုပ်နိုင်ရင် နှစ်ဘက်စလုံး အကျိုးရှိမယ်လို့ ဆိုပါတယ်။ ကျေးလက်ပတ်ဝန်းကျင် အကျိုးပြု သစ်တောထိန်းသိမ်းရေးလမ်းစဉ် ဖြစ်ပါတယ်။

မြန်မာ့သစ်လုပ်ငန်း ဖျက်သိမ်းသင့်တယ်ဆိုတာကို သစ်လုပ်ငန်းအမှုထမ်းတွေ မကြိုက်တာဟာ သဘာဝကျပါတယ်။ အနှစ် (၄၀) နီးပါး သစ်လုပ်ငန်းမှာ အမှုထမ်းခဲ့သူတဦးက ‘သစ်ရိုင်း’ ဆိုတဲ့ အမည်နဲ့ မေလထုတ် The Voice စာစောင်မှာ ချေပထားပါတယ်။ စစ်အစိုးရခေတ်မှာ ဗိုလ်သန်းရွှေအသိုင်းအဝိုင်းကစပြီး အကျင့်ပျက်ခြစား ခေါင်မလုံလို့ မိုးယိုတဲ့ပြဿနာဖြစ်တာမို့ တောပြုန်းမှုမှာ သစ်လုပ်ငန်းတခုတည်းကို အပြစ်မတင်သင့်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ သစ်လုပ်ငန်းဌာနမှာ သစ်တောထိန်းသိမ်းရေး ဌာနထက် အမှုထမ်းဦးရေ (၂) ဆကျော် ပိုများနေတာမို့ ထိန်းသိမ်းတဲ့ဘက်က အားနည်းပြီး ထုတ်ယူတဲ့ဘက်က အားများသလို ဖြစ်နေပါတယ်။ ဒါကြောင့် သစ်လုပ်ငန်းဌာနရဲ့ လက်ရှိအင်အားကို လျော့ချပြီး သစ်တောဌာနရဲ့ ကြီးကြပ်မှုအောက်မှာထားဖို့ မတ်လအစီရင်ခံစာက အကြံပေးထားတာ ဖြစ်ပါတယ်။

သစ်တောဌာနရဲ့ လုပ်ပိုင်ခွင့်နဲ့ အင်အားကို မြှင့်တင်ပေးမှသာ သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်မယ်လို့ ဆိုပါတယ်။ သစ်တောထိန်းသိမ်းတဲ့ဌာနနဲ့ သစ်ထုတ်ယူတဲ့ဌာနဟာ သဘာဝချင်းကွဲပြားတာမို့ နူးညံ့သိမ်မွေ့စွာ ကိုင်တွယ်ဖို့ လိုတယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဖြစ်သူ သစ်တောသိပ္ပံဘွဲ့ရ ဦးအုန်းဝင်း က 7 Day စာစောင်နဲ့ တွေ့ဆုံစဉ်က ပြောသွားပါတယ်။ အရေးအကြီးဆုံးကတော့ သစ်တောဧရိယာ ပြန်လည်တိုးပွားလာဖို့ ဖြစ်ပါတယ်တဲ့။ တောပြုန်းလို့ ရေကိုမထိန်းနိုင်တော့တဲ့အတွက် ရေကြီးရပါတယ်။ သစ်ပင်မရှိလို့ အနည်ကျမှု များလာရင် ဆည်တွေအသက်တိုသွားနိုင်တဲ့အတွက် ရေသုံးဖို့ရော လျှပ်စစ်ဓါတ်အားအတွက်ရော အခက်အခဲတွေ ရှိလာပါလိမ့်မယ်။

သစ်ထုတ်လုပ်မှုကို ရေရှည်ရပ်ဆိုင်းရမယ့် အခြေအနေမရောက်သေးပေမယ့် အရင်လို ထင်သလို လုပ်လို့ မရတော့ပါဘူး။ ဒါကြောင့် ပုဂ္ဂလိက ကုမ္ပဏီတွေကို သစ်ထုတ်လုပ်ခွင့်မပေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။ မြန်မာ့သစ်တောတွေကို ပြန်လည်ထူထောင်နေချိန်မှာ ပြည်တွင်းသုံးအတွက် သစ်ကုန်ကြမ်း လိုအပ်လာရင် နိုင်ငံခြားက သစ်တင်သွင်းခွင့်ပြုဖို့ အစီအစဉ်ရှိတယ်လို့ ညွှန်ကြားရေမှူးချုပ် ဦးကျော်ဇော ပြောဆိုတာကို ဇူလိုင် (၇) ရက်နေ့ထုတ် မြန်မာတိုင်းမ်စ်မှာ ဖော်ပြပါတယ်။ ကြည့်ရတာကတော့ သစ်တောထိန်းသိမ်းရေးဟာ NLD အစိုးရရဲ့ ပထမဦးစားပေး ဖြစ်နေပုံ ရပါတယ်။

XS
SM
MD
LG