သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂါလီ၊ ရိုဟင်ဂျာ ပြသနာ နိုင်ငံရေး ကစားကွက် တခုလား


ဂျနီဗာမှာ ကျင်းပနေတဲ့ ၃၂ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာအစိုးရ ကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်း ဆွေးနွေးစဉ်။
ဂျနီဗာမှာ ကျင်းပနေတဲ့ ၃၂ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာအစိုးရ ကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်း ဆွေးနွေးစဉ်။
တိုက်ရိုက် လင့်ခ်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်မှု အကြီးအကျယ် ကြုံခဲ့ရပြီးတဲ့နောက် ပါတီတွင်း အကွဲအပြဲ ပြသနာတွေကို ဖြေရှင်းလို့ မဆုံးနိုင် ဖြစ်နေသေး တဲ့ ပြည်ခိုင်ဖြိုးပါတီဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့မှာတော့ နိုင်ငံ့အရေးနဲ့ ပတ်သက်တဲ့ ကြေငြာချက် တစ်စောင် ထုတ်ပြန်လာတာ တွေ့ရပါတယ်။ အဓိကကတော့ ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခ ပြသနာတွေ ပြေလည်စေေ ရး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရက ခေါ်ဝေါ် အသုံးပြုမယ် ဆိုတဲ့ “ ရခိုင်ပြည်နယ်က မွတ်ဆလင် အသိုင်းအဝိုင်း” ဆိုတဲ့ အသုံး အနှုန်းကို လက်မခံ၊ ဝေဖန်သမှု ပြုထားတာပါ။ ပြည်ခိုင်ဖြိုးပါတီကြီးရဲ့ အဲလို သဘောထားရပ်တည်ချက်ဟာ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ပြသနာတွေ ကို ဖြေရှင်းမယ့်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ရအောင် ဆောင်ကျဉ်းပေးမယ့် အင်န်အယ်လ်ဒီ အစိုးရအပေါ် ဘယ်လို ဂယက်ရိုက်ခတ်မှု ရှိစေမလဲ၊ ရခိုင်ပြည်နယ် အရေးအကောင်းဆုံး ချဉ်းကပ်ဆောင်ရွက်မှုဟာ ဘာဖြစ်နိုင်မလဲ ဆိုတာ ဒီတပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ ကြေငြာချက်ထဲမှာ အင်န်အယ်လ်ဒီ အစိုးရအနေနဲ့ အငြင်းပွားနေကြတဲ့ ဘင်္ဂါလီ၊ ရိုဟင်ဂျာ လို့ မသုံးနှုန်းပဲ “ ရခိုင်ပြည်နယ်က မွတ်ဆလင် အသိုင်းအဝိုင်း” လို့ သုံးနှုန်းတာကို တိုက်ရိုက် ဆန့်ကျင် ကန့်ကွက်တာမျိုးတော့ လုပ်မထားပါဘူး။ ဒါပေမယ့် ရခိုင်အမျိုးသားပါတီ ANP က ကန့်ကွက်ထားတာ ကို ထောက်ခံရင်း အစိုးရ အနေနဲ့ အဲလို ခေါ်ဝေါ် သုံးနှုန်းချင် တယ် ဆိုရင် ရခိုင်ပြည်နယ်ထဲက ပြည်သူတွေ နဲ့ ဒေသခံ နိုင်ငံရေး ပါတီတွေရဲ့ သဘောထား ရယူသင့်တယ် ဆိုပြီး ဖော်ပြထားပါတယ်။ ပြောရရင် အင်န်အယ်လ်ဒီ အစိုးရရဲ့ အဲဒီ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီက တိုက်ရိုက် မကန့်ကွက်ပေမယ့် သွယ်ဝိုက်ပြီးတော့ ကန့်ကွက်လိုက်တဲ့ သဘောပါပဲ။ ဒါကို ကြေငြာချက်ထဲမှာ တွေ့နိုင်ပါတယ်။

ကြေငြာချက်ထဲမှာ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ အစိုးရတာဝန် ရယူထားခဲ့စဉ် အချိန်တုန်းက မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးမှာ ရိုဟင်ဂျာ ဆိုတဲ့ လူမျိုး မပါဝင်ဘူး၊ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုး လုံး၀ မရှိဘူးလို့ ကြေငြာထား ခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ဆက်တည်း ကြေငြာချက်ထဲမှာ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ပြသနာ ဆိုပြီး ဘင်္ဂါလီ ဆိုတဲ့ အခေါ်အဝေါ်ကို ဆက်ပြီး သုံးစွဲထား တာ တွေ့နိုင်ပါတယ်။ ဒါ့အပြင် အင်န်အယ်လ်ဒီ အစိုးရရဲ့ အခေါ်အဝေါ် အသုံးအနှုန်းဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆၄ နဲ့ ညီညွတ်မှု မရှိတဲ့ သဘော ဖော်ပြထားပြန်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆၄ မှာ “ နိုင်ငံရေး ကိစ္စ အလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစား မပြုရ” ဆိုပြီး ဖော်ပြထား ပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ သတင်းထုတ်ပြန် ကြေငြာချက် ကိုခြုံငုံသုံးသပ်ကြည့်ရင် အင်န်အယ်လ်ဒီ ပါတီ အစိုးရကို နိုင်ငံရေးအရ ထိုးနှက်ချက် တစ်ခု လုပ်လိုက်တယ်လို့လည်း ရှုမြင်နိုင်ပါတယ်။

တကယ်တော့ ရခိုင်ပြည်နယ်ထဲက မွတ်ဆလင် အသိုင်းအဝိုင်း ပြသနာရဲ့ မူလရင်းမြစ် တရားခံဟာ အရင် စစ်အာဏာရှင် အဆက်ဆက် ဖြစ်ပါတယ်။ အာဏာရှင် ဦးနေဝင်း လက်ထက်တုန်းကလည်း ၁၉၈၂ နိုင်ငံသား ဥပဒေ ပြဌာန်းခဲ့ပေမယ့် အဲဒီ ဥပဒေနဲ့အညီ ပြသနာကို တိတိကျကျ ဖြေရှင်းတာမျိုး မလုပ်နိုင်ခဲ့ပါဘူး။ ၁၉၈၂ ဥပဒေ ကျင့်သုံးဖြေရှင်းလို့ အခက်အခဲ ရှိခဲ့တယ် ဆိုရင်လည်း အဲဒီ ဥပဒေကို ပြင်ဆင်ဖို့ မလုပ်ခဲ့ကြပြန်ပါဘူး။ နောက်တော့ ဥပဒေအရ ယာယီပဲ ခွင့်ပြုလို့ရတဲ့ White Card တွေ ထုတ်ပေးထားပြီး ပြသနာကို ဆယ်စုနှစ်နဲ့ချီ အချိန်ဆွဲထားခဲ့တာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် ပြသနာကို ဒီအတိုင်းထားတာတော့ မဟုတ်ပါဘူး။ လိုအပ်ရင် နိုင်ငံရေးအရ အမြတ်ထုတ်တာမျိုးတော့ လုပ်ခဲ့ပါတယ်။

သိမီသူများ မှတ်မိကြပါလိမ့်ဦးမယ်။ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ၁၉၈၈ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြတဲ့ အရေးတော်ပုံကြီးကို စစ်အာဏာသိမ်းအဖွဲ့က ဖြိုခွင်း နှိမ်နင်းလို့အပြီး ၁၉၉၀ ခုနှစ်မှာ ကျင်းပပေးတဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ အဲဒီ White Card ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့် ပေးခဲ့ပါတယ်။ အလားတူပါပဲ။ ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲ လုပ်တော့မယ် ဆိုတဲ့အခါ စစ်အစိုးရဟာ ရခိုင်ပြည်နယ်ထဲက မွတ်ဆလင်တွေကို White Card ထုတ်ပေးပြီး ပြည်ခိုင်ဖြိုးပါတီကို မဲပေးစေခဲ့တာ တွေ့နိုင်ပါတယ်။ နောက်ပိုင်း ရခိုင်တိုင်းရင်းသား အမတ် အများအပြား လွှတ်တော်ထဲ ရောက်လာတဲ့အခါ အဲဒီ ကိစ္စ လွှတ်တော်ထဲ ပြသနာ အကြီးအကျယ် တက်ခဲ့ပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်ကတော့ White Card ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပြုတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ၊ ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ အညီ လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့ တစ်ဖက်က ကြေငြာပြီး အခြား တစ်ဖက်ကနေ White Card အားလုံး ပြန်ရုပ်သိမ်းခဲ့ပါတယ်။ ပြောရရင် ရခိုင်ပြည်နယ်ထဲက အဲဒီ မွတ်ဆလင် အသိုင်းအဝိုင်းနဲ့ ပတ်သက်တဲ့ ပြသနာတွေကို အရင် စစ်အာဏာရှင် အဆက်ဆက်က ဖန်တီးခဲ့တာဖြစ်ပြီး သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် အထိ ကောင်းကောင်း မဖြေရှင်းပဲ အချိန်ဆွဲ၊ လိုအပ်ရင် နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ကြိုးစားခဲ့တာမျိုးပါ။ ဒီထက် ပိုဆိုးတာကတော့ သမ္မတဟောင်း ဦးသိန်းစိန်ရဲ့အရင် ပြည်ခိုင်ဖြိုး အစိုးရလက်ထက်မှာပဲ ရခိုင်ပြည်နယ်အတွင်း ဘာသာရေး လူမျိုးရေးကို အခြေခံတဲ့ အကြမ်းဖက်မှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ တာပါ။ ရာနဲ့ချီတဲ့ လူတွေသေ၊ ဒါဏ်ရာရ၊ ထောင်နဲ့ချီတဲ့ အိမ်ယာတွေ မီးရှို့ဖျက်ဆီးခံရ၊ သိန်းနဲ့ချီတဲ့လူတွေ ဒုက္ခသည်တွေစခန်း သွားရောက် ခိုလှုံရ ဆိုတဲ့ အနေအထားအထိ ရောက်ခဲ့တာ တွေ့နိုင်ပါတယ်။ ဒီလောက်လား ဆိုတော့ မကသေးပါဘူး။ အဲလို ဘာသာရေး လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေဟာ မြန်မာနိုင်ငံ မိတ္တီလာ၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း နဲ့ မန္တလေးအထိ ကူးစက်ဖြစ်ပွားခဲ့ပါသေးတယ်။

ဒီပြသနာတွေနဲ့ ပတ်သက်ပြီး အရင်ပြည်ခိုင်ဖြိုး အစိုးရဟာ ကောင်းကောင်းမွန်မွန် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပါဘူး။ ရခိုင်ပြည်နယ်မှာဆို သိန်းနဲ့ချီရှိတဲ့ လူတွေ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတုန်းပါ။ စစ်တွေမြို့မှာဆိုရင် မွတ်ဆလင်တွေဟာ မြို့မဈေးက သူတို့ဈေးဆိုင်ခန်းတွေမှာတောင် သူတို့ ဈေးပြန်မရောင်းနိုင်ကြသေးပါဘူး။ မိတ္တီလာမြို့မှာလည်း အလားတူပါပဲ။ နိုင်ငံနဲ့အဝှမ်းမှာလည်း အမုန်းတရား ဖြန့်ဖြူးနေတာတွေကို ထိထိရောက်ရောက် တားဆီးတာမျိုး မရှိသေးတော့ ဘာသာရေးလူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေဆိုတာဟာ ဘယ်အချိန် ဘယ်နေရာမှာမဆို ဖြစ်ပွားနိုင်တာပါပဲ။ အကြောင်းကတော့ ပြည်ခိုင်ဖြိုးပါတီ အစိုးရဟာ ရခိုင်ပြည်နယ်ထဲက မွတ်ဆလင် အသိုင်းအဝိုင်း ပြသနာကိုရော၊ နိုင်ငံတွင်းက ဘာသာရေး လူမျိုးရေးဆန်တဲ့ ပြသနာတွေကိုပါ မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းဖို့ အရည်အချင်း မရှိခဲ့လို့ပါ။

ဘယ်လိုပဲဖြစ်ဖြစ် ခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အစိုးရဟာ အရင် အာဏာရှင် အဆက်ဆက်က ဖန်တီး ထားရစ်ခဲ့တဲ့ ပြသနာအမွေ ဆိုးကြီးကို ဖြေရှင်းဖို့ တာဝန်ယူထားရပါပြီ။ ဒီအတွက် ရခိုင်တိုင်းရင်းသားတွေနဲ့ ရခိုင်နိုင်ငံရေးပါတီတွေကလည်း အင်န်အယ်လ်ဒီ အစိုးရနဲ့ ပူးပေါင်းပြီး ပြသနာ ပြေ လည်ရာပြေလည်ကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရာ တိုးတက်ကြောင်း ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ အရင် စစ်အာဏာရှင်တွေ ထားရစ်ခဲ့တဲ့ မွတ်ဆလင် အသိုင်းအဝိုင်း ပြသနာကို ခိုးဝင်တွေ၊ ဘင်္ဂါလီတွေ ဆိုပြီး ပြောဆိုနေရုံ နဲ့ ပြသနာတွေ ပြေလည်သွားမှာတော့ မဟုတ်ပါဘူး။ အလားတူ ပြည်ခိုင်ဖြိုးပါတီကြီး အနေနဲ့လည်း အရင်က မှားခဲ့တဲ့ အယူအဆ အမှား၊ လုပ်ရပ် အမှားတွေကို ပြန်သုံး သပ်ပြီး ရခိုင်ပြည်နယ်ထဲက ပဋိပက္ခကို နိုင်ငံရေး အသုံးချစရာ တစ်ခုလို့ မသတ်မှတ်သင့်တော့ပဲ တိုင်းပြည် ကောင်းရာကောင်းကြောင်း အတွက် အင်န်အယ်လ်ဒီ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG