သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဘဏ် နဲ့ ရေအားလျှပ်စစ်


ရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းတွေကို တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံအနှံ့ တည်ဆောက်နေတာ ဖြစ်ပါတယ်။
ရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းတွေကို တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံအနှံ့ တည်ဆောက်နေတာ ဖြစ်ပါတယ်။

စစ်အစိုးရခေတ်မှာ ရေအားလျှပ်စစ် ထုတ်လုပ်ဖို့ ရေကာတာတွေ တည်ဆောက်ခဲ့ပေမယ့် ရေကာတာ တည်ဆောက်လို့ ဖြစ်ပေါ်လာမယ့် ရေရှည်အကျိုးသက်ရောက်မှုနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲကိုတော့ လွန်ခဲ့တဲ့ ဇန်နဝါရီလကမှ နေပြည်တော်မှာ ကျင်းပပါတယ်။ မြန်မာပြည်မှာ လျှပ်စစ်ဓါတ်အား ထုတ်ယူနေတဲ့ ရေကာတာ (၂၀) ကျော်ရှိပြီး (၇) ခုကို ဆောက်လုပ်နေပါတယ်။ ဆောက်လုပ်ဖို့ နားလည်မှု ရယူထားတဲ့ ရေကာတာကတော့ (၃၀) ကျော် ရှိပါတယ်။ လက်ရှိ ရေကာတာအများစုကို တရုတ်က ဆောက်လုပ်ခဲ့တာဖြစ်ပြီး အနောက်တိုင်းနဲ့ ဂျပန်က ပြန်လည်စိတ်ဝင်စားလာတာ မကြာသေးပါဘူး။

ရေအားလျှပ်စစ်ကို ရေရှည်ထုတ်လုပ်ပြီး ရောင်းစားရင် အိမ်နီးချင်းနိုင်ငံတွေ အကျိုးခံစားရပြီး မြန်မာအစိုးရဝင်ငွေ တိုးလာမှာဖြစ်ကြောင်း ကမ္ဘာဘဏ်အုပ်စုက အဓိကထား တင်ပြကြပါတယ်။ ရေရှည် ရေအားလျှပ်စစ်ထုတ်ယူမှုမှာ လိုအပ်တဲ့ သဘာဝနဲ့ လူမှုရေး အကျိုးသက်ရောက်မှုတွေကို (၂) နှစ် လေ့လာဖို့ မြန်မာအစိုးရနဲ့ ကမ္ဘာ့ဘဏ် လက်အောက်ခံ IFC – International Finance Corporation တို့ လွန်ခဲ့တဲ့ အောက်တိုဘာလက သဘောတူကြပါတယ်။ ဒါပေမဲ့ လျှပ်စစ်ဓါတ်အား နိုင်ငံခြားကို ရောင်းစားမယ့် စီမံကိန်းကို အကောင်အထည် မဖော်သင့်ဘူးလို့ အရပ်သားအဖွဲ့တွေက မြင်ကြပါတယ်။

ရေအားလျှပ်စစ်မှာ အမေရိကန် ဦးဆောင်တဲ့ ကမ္ဘာ့ဘဏ်နဲ့ မနှစ်က တရုတ်တည်ထောင်တဲ့ အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမှုဘဏ်တို့ ပြိုင်ဆိုင်လာကြတာ ထင်ရှားနေပါတယ်။ ဆည်ကြီးတွေ တည်ဆောက်ရာမှာ ကမ္ဘာ့ဘဏ်ကပိုပြီး တာဝန်သိကြောင်း၊ အတတ်ပညာမှာလည်းသာကြောင်း ပြသနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဘဏ်ရဲ့ ရေအားလျှပ်စစ် စီမံကိန်းကြီးတွေဟာ ပြောသလောက် မဟုတ်ဘူးလို့ International Rivers အဖွဲ့က ထောက်ပြပါတယ်။ လာအိုနိုင်ငံက နမ်သွန် (၂) ရေကာတာကို တည်ဆောက်ဖို့ (၂၀၀၅) မှာ ကမ္ဘာ့ဘဏ်က သဘောတူပြီး ငွေအားလူအား အမြောက်အမြား စိုက်ထုတ်ပါတယ်။ ဒါပေမဲ့ နမ်သွန်ဆည်ကထုတ်တဲ့ လျှပ်စစ်ဓါတ်အား (၉၅) ရာခိုင်နှုန်း ထိုင်းကို ရောင်းစားပြီး ရတဲ့ငွေကို ဖွံ့ဖြိုးရေးအတွက် မသုံးတဲ့အတွက် တိုင်းသူပြည်သားအတွက် အကျိုးမရှိတဲ့ စီမံကိန်းကြီး ဖြစ်နေပါတယ်။

နမ်သွန် (၂) ဆည်ကြီးကြောင့် နေရာရွှေ့ပြောင်းပေးရတဲ့ ဒေသခံတွေကို ပြန်လည်နေရာချထားရေးအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း (၄၀) အကုန်အကျခံပြီး လမ်းတွေဖောက် ကျောင်းတွေဆောက်ပြီး ကူညီပါတယ်။ ဒါပေမဲ့ စိုက်ပျိုးမွေးမြူးရေးလုပ်ငန်းကို နေရာသစ်မှာ ပြန်လည်ထူထောင်ဖို့ အခက်အခဲ အများကြီး ကြုံတွေ့ရပါတယ်။ ရွှေ့ပြောင်းခံရသူတွေဟာ နေရာသစ်မှာ ပိုပြီးဆင်းရဲသွားပါတယ်။ ဆယ်နှစ် ကြာလာတာတောင် မရွှေ့ပြောင်းမီ ဘဝအခြေအနေကို ပြန်မရောက်နိုင်သေးပါဘူး။ နမ်သွန် ရေအားလျှပ်စစ်ကရတဲ့ငွေကို ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာသုံးရင် ဆင်းရဲနွမ်းပါးမှု နည်းပါးလာမယ်လို့ ကမ္ဘာ့ဘဏ်က ယုံကြည်တဲ့အတွက် ငွေရင်းစိုက်ထုတ်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဂတိလိုက်စား၊ အကျင့်ပျက်နေတဲ့ လာအိုအစိုးရကို ထည့်မတွက်မိတဲ့အတွက် ရည်ရွယ်ချက်နဲ့ တလွဲတခြား ဖြစ်သွားပါတယ်။

မြန်မာ့သယံဇာတနဲ့ လျှပ်စစ်စွမ်းအားကို ထိုင်းနဲ့တရုတ်က အများဆုံး သုံးလိုပါတယ်။ စီးပွားရေး ရှင်သန်တိုးတက်နေတဲ့ ထိုင်နိုင်ငံမှာ လျှပ်စစ်ဓါတ်အား လိုသလောက် မထုတ်လုပ်နိုင်ပါဘူး။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးစားပေးလာတဲ့အတွက် လာအို နဲ့ မြန်မာလို အိမ်နီးချင်းနိုင်ငံတွေဆီက လျှပ်စစ်ဓါတ်အား ဝယ်ယူသုံးစွဲဖို့ လွန်ခဲ့တဲ့ အနှစ် (၃၀) လောက်ကတည်းက ကြံစည်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့သဘာဝဓါတ်ငွေ့ကို ထိုင်းက ဝယ်ယူသုံးစွဲနေတာ ၁၉၉၉ ခုနှစ်ကတည်းကဖြစ်လို့ (၁၇) နှစ် ရှိနေပါပြီ။ လာမယ့် အနှစ် (၂၀) အတွင်း ရတနာ နဲ့ ရဲတံခွန် ဓါတ်ငွေ့ကုန်ခမ်းသွားရင် အခြားနေရာတွေက ရနိုင်ဖို့ ဒေါ်လာသန်းပေါင်းထောင်ချီပြီး ရင်းနှီးမြုပ်နံှနေပါတယ်။ ဒီအတောအတွင်း သံလွင်မြစ်မှာ ရေကာတာဆောက်ပြီး ဓါတ်အားထုတ်ယူနိုင်ဖို့ ထိုင်းက အစွမ်းကုန် ကြိုးပမ်းနေပါတယ်။

ရေကာတာကြီးတွေ တည်ဆောက်တဲ့အတွက် အကျိုးအမြတ် ခံစားရတာ ရှိသလို နစ်နာဆုံးရှုံးရတာလည်း ကြီးမားလွန်ပါတယ်။ အကျိုးအမြတ်ရမှာကို ပုံကြီးချဲ့ပြောဆိုပြီး ထိခိုက်နစ်နာမှုကို လျှော့တွက်လေ့ ရှိပါတယ်။ မြန်မာပြည်မှာလို ရေကာတာကြီးတွေ တည်ဆောက်ပြီး လျှပ်စစ်ဓါတ် ရောင်းစားတဲ့ စီမံကိန်းကတော့ ဒေသခံခတွေ အကျိုးခံစားနိုင်ဖို့ အလားအလာ နည်းပါတယ်။ လာအိုနိုင်ငံ နမ်သွန် ရေအားလျှပ်စစ်ကရတဲ့ ငွေတွေ ဘယ်ရောက်ကုန်မှန်းမသိတာကို ကမ္ဘာ့ဘဏ်ကိုယ်တိုင်က အသိအမှတ် ပြုထားပါတယ်။ ကမ္ဘာ့ဘဏ်မှာလည်း ပြောသလို မဖြစ်လာတာတွေ အတော်များများ ရှိပါတယ်။

ကမ္ဘာ့ဘဏ် စီမံကိန်းဖြစ်စေ၊ တရုတ်-ထိုင်း စီမံကိန်းဖြစ်စေ၊ လျှပ်စစ်ဓါတ်အား နိုင်ငံခြားရောင်းစားတဲ့ စီမံကိန်းမှာ အကျိုးခံစားရသူတွေဟာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒေသဆိုင်ရာ စစ်ဌာနချုပ်၊ မြန်မာ့ကုမ္ပဏီအချို့နဲ့ တရုတ် နဲ့ ထိုင်းကုမ္ပဏီကြီးတွေ ဖြစ်ပါတယ်။ နစ်နာဆုံးရှုံးသူကတော့ ဆည်တည်ဆောက်မှုကြောင့် နေရာရွှေ့ပြောင်းပေးရသူတွေနဲ့ ဆည်အောက်ဘက် မြစ်ကြောင်းတလျှောက်မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်က တည်ဆောက်ထားတဲ့ လာအိုနိုင်ငံ နမ်သွန်ဆည်အောက်ဘက် မြစ်ကြောင်းတလျှောက်က ပြည်သူတွေ ဒုက္ခမျိုးစုံ ကြုံတွေ့နေရတယ်လို့ မကြာမီက ထုတ်ပြန်တဲ့ International Rivers အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG