သုံးရလွယ်ကူစေသည့် Link များ

ရွေးကောက်ပွဲ သပိတ်မှာ လူထုပါဝင်စေဖို့ NLD စဉ်းစား


ရွေးကောက်ပွဲ သပိတ်မှာ လူထုပါဝင်စေဖို့ NLD စဉ်းစား
ရွေးကောက်ပွဲ သပိတ်မှာ လူထုပါဝင်စေဖို့ NLD စဉ်းစား

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သပိတ်မှောက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကနေ့ နေ့လယ်မှာ ကျင်းပတဲ့ ပါတီခေါင်းဆောင်များ အစည်းအဝေးအတွင်း အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အစတုန်းက ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ရမယ် ဆိုတုန်းက မှတ်ပုံမတင်ဘဲနေဖို့ ဆုံးဖြတ်ထားခဲ့ရာက အခုတော့ ဒီရွေးကောက်ပွဲကို သပိတ်မှောက်သွားမယ်ဆိုပြီး NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အတိအကျ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒီကနေ့ နေ့လယ် ၁ နာရီက NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးအိမ်မှာ ကျင်းပခဲ့တဲ့ ပါတီခေါင်းဆောင်တွေရဲ့ စည်းဝေးပွဲအတွင်း တညီတညွတ်တည်း ဆုံးဖြတ်ချက် ချလိုက်တာဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်၊ ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ကျနော်တို့လည်း အစကတည်းက ဒါကို လက်မခံနိုင်ဘူး၊ ပြုပြင်ပေးပါလို့ ပြောထားတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နည်းဥပဒေတွေဟာ အဲဒီလမ်းအတိုင်း ဆက်သွားမယ်ဆိုရင် မြန်မာနိုင်ငံ ပြည်သူလူထု ဆန္ဒအတိုင်း မျှော်မှန်းထားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိစေမယ့်ဆီကို ဦးမတည်နိုင်တာကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။”

ဒီလို ပါတီအနေနဲ့ သပိတ်မှောက်မယ့်အပြင် ဒီသပိတ်မှောက်တဲ့အထဲ ပြည်သူလူထု ပါဝင်လာအောင် NLD အနေနဲ့ ဦးဆောင်လုပ်မယ်၊ မလုပ်ဘူး ဆိုတာကိုတော့ ဆက်လက် ဆွေးနွေးနေကြတုန်းလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီကနေ့ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ထဲမှာတော့ ပြည်သူလူထုဟာ ရွေးကောက်ပွဲမှာ ဆန္ဒမဲမပေးဘဲ နေလိုက နေနိုင်တဲ့ အကြောင်းလည်း ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကြေညာထားပြီးဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင် နည်းဥပဒေများမှာ ဖော်ပြထားတဲ့ ဥပဒေပါ အချက်အလက်များအတိုင်း လုပ်သားပြည်သူ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ပိုင်ခွင့်ကို အသုံးချပြီးတော့ ဒီရွေးကောက်ပွဲမှာ ဆန္ဒမဲမပေးဘဲ နေချင်လည်း နေလို့ရတယ်လို့ ကျနော်တို့ သုံးသပ်ကြောင်းလည်း ဆုံးဖြတ်ပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း NLD က လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံရေး ရည်မှန်းချက်ရှိတဲ့ လူမှုရေး လုပ်ငန်းတွေကိုတော့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဦးအုန်းကြိုင်က ပြောသွားပါတယ်။

XS
SM
MD
LG