သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ရွေးကောက်ပွဲသပိတ် ပါတီတွေ ဝေဖန်


ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ NLD ပါတီက ဆုံးဖြတ်လိုက်တာဟာ ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို ထိခိုက်တယ်လို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဆုံးဖြတ်လိုက်တာဟာ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ အတွက် ထိခိုက်မှုရှိနိုင်တယ်လို့ ပါတီတွေဘက်က ပြောပါတယ်။ ဒါပေမဲ့လည်း တိုင်းရင်းသား ဒေသတွေမှာတော့ ထိခိုက်နိုင်မှာ မဟုတ်ဘူးလို့ ယူဆကြသူတွေလည်း ရှိပါတယ်။ ဒီအကြောင်းကို ကိုကျော်အောင်လွင်က ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာပြည်မှာ ဒီနှစ် ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်မပြိုင်ဘူးလို့ ဆုံးဖြတ်ထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင်တွေက ရွေးကောက်ပွဲကိုပါ သပိတ်မှောက်တယ်လို့ မနေ့က ထုတ်ပြောလိုက်ပါတယ်။

တနိုင်ငံလုံးမှာရှိတဲ့ အဲန်အယ်လ်ဒီ ပါတီဝင်တွေအားလုံးကပါ လိုက်ပြီး သပိတ်မှောက်မလား ဆိုတာကတော့ မသိရသေးပါဘူး။ ရွေးကောက်ပွဲကို သပိတ် မှောက်တယ်ဆိုတဲ့ သဘောက ရွေးကောက်ပွဲမှာ မဲမပေးဘူးလို့ ဆုံးဖြတ်လိုက်တာပါပဲ။ ဒါဟာလည်း ကိုယ့်ရဲ့ ဆန္ဒအရ မဲမပေးချင်ရင် မပေးဘဲ နေလို့ရတယ်ဆိုတဲ့ အခွင့်အရေးပေါ်မှာ ရပ်တည်တာလို့ ဆိုပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရထားခဲ့တဲ့ ပါတီကြီးတခုက အခုလို မဲမပေးဘူးလို့ ဆုံးဖြတ် လိုက်တဲ့အတွက် နိုဝင်ဘာလ ၇ရက် နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ကြမယ့် ပါတီတွေအတွက်တော့ အတိုင်းအတာ တခုအထိ ထိခိုက်မှုတွေ ရှိနိုင်တယ်လို့ ဆိုကြပါတယ်။

“ဒီမိုကရေစီရေးကို သွားမယ့် တံခါးပေါက်ကို ဖြတ်သန်းရမယ့် ကာလလေးမှာ မဲမပေးနဲ့ဆိုတာ ပြည်သူတွေ ဖြတ်သန်းရမယ့် ဒီမိုကရေစီ တံခါးပေါက်ကို ပိတ်လိုက်ပါတော့လို့ ပြောလိုက်တာနဲ့ အတူတူမိုလို့ ဒီကိစ္စကြီးက အင်မတန်မှ ဒီမိုကရေစီကို သွားရာ လမ်းကြောင်းကို အနှောက်အယှက်ဖြစ်တာတော့ သေချာတယ်ဗျ။”

အဲဒါကတော့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီရဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေ ပြောခဲ့တာပါ။

“ရွေးကောက်ပွဲကနေ ငြိမ်းချမ်းတဲ့ အပြောင်းအလဲတခုကို ပြောင်းနိုင်အောင် ကျမတို့က ကြိုးစားနေတာကို မဲမပေးနဲ့ဆိုရင် တကယ်လို့ လူတွေက နားမလည်ဘဲ - ဟာ မပေးတော့ဘူးဗျာ၊ အိမ်မှာပဲ အိပ်နေမယ်ဆိုရင် အစိုးရရဲ့ အဖွဲ့ ၂ ဖွဲ့က နိုင်သွားမှာပေါ့။ အဲဒီတော့ နေရင်း ထိုင်ရင်းနဲ့ ဒီမိုကရက်တစ် အင်အားစုတွေက အထိအခိုက် ဖြစ်တာပေါ့ဗျာ။”

ဒီမိုကရက်တစ်ပါတီရဲ့ အတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်း ပြောခဲ့တာပါ။ တိုင်းရင်းသား ဒေသတွေမှာတော့ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်ဆိုတဲ့ အဲန်အယ်လ်ဒီ ရဲ့ ဆုံးဖြတ်ချက်က မထိရောက်နိုင်ဘူးလို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

“အဲန်အယ်လ်ဒီရဲ့ ရွေးကောက်ပွဲအပေါ် သဘောထားဟာ တိုင်းရင်းသား ပါတီတွေအပေါ်မှာ တိုင်းရင်သားဒေသတွေအပေါ်မှာ ထိခိုက်မှု မရှိပါဘူး။ ပြည်မက ပါတီတွေမှာတော့ တော်တော်လေး ထိခိုက်မှုရှိမယ်လို့ ထင်ပါတယ်။ ရွေးကောက်ပွဲနည်းနဲ့ ပြောင်းလဲလိုကြတဲ့ ပါတီတွေအပေါ်မှာပဲ ထိခိုက်နိုင်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီ အစစ်အမှန်တွေကို မဲမပေးခဲ့ကြရင် တဘက် ပါတီက အနိုင်ရသွားမယ်ဆိုတဲ့ သဘောကို လူထုက သိနေကြတယ်လေ။”

ပြည်ထောင်စုဒီမိုကရေစီ (UDP) ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးသိန်းတင်အောင်က သူတို့ပါတီတွေ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင် နေရချိန်မှာ NLD ရဲ့ သဘောထားက ဘာမှအထောက်အကူ မဖြစ်တဲ့အပြင် သူတို့အတွက်ပါ ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အတွက်ကတော့ ဒီမိုကရက်တစ် အင်အားစု ပါတီတွေအတွက်တော့ ထိခိုက်မှု ရှိပါတယ်။ ကျနော်တို့ကို ထောက်ခံမယ့် ပါတီတွေက လျော့သွားတာပေါ့ဗျာ။ ဥပဒေတွေကရော၊ တင်းကျပ်မှုတွေ၊ ရွေးကောက်ပွဲဝင်မယ့် ပါတီအသစ်ဖြစ်နေတာတွေ ကျနော်တို့ အရာရာ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကျနော်တို့ ပါတီတွေက ပြည်သူထဲကမှ ဒီမိုကရက်တစ်ပါတီတွေကို ပေးမယ့် လူတွေကို မပေးတော့ဘူးဆိုတော့ ပိုပြီးတော လျော့သွားရုံပဲ ရှိတော့မှာပေါ့။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့၊ တစည ပါတီတို့က သူတို့လူနဲ့သူတို့ ရှိနေသားပဲ။”

NLD ပါတီရဲ့ ရွေးကောက်ပွဲမှာ မဲမထည့်ရေး ဆုံးဖြတ်ချက်ဟာ မြန်မာတနိုင်ငံလုံးက မဲပေးကြမယ့်ပြည်သူတွေ အပေါ်မှာ ဘယ်လောက်ထိ လွှမ်းမိုးမှုရှိနိုင်မလဲဆိုတာ မသိနိုင်သေးပါဘူး။ လောလောဆယ်အခြေအနေတွေမှာတော့ မြန်မာပြည်သူအများစုက ရွေးကောက်ပွဲကိစ္စကို စိတ်ဝင်တစားရှိတဲ့ လက္ခဏာတွေ ပြသတာ သိသိသာသာ မမြင်ရသေးသလိုပဲ NLD အပါအဝင် နိုင်ငံရေးပါတီတွေ အခုလတ်တလော နယ်လှည့် လှုပ်ရှားမှုတွေမှာလည်း အရင်ကာလတွေမှာလို ဒေသခံလူထုတွေရဲ့ တက်တက်ကြွကြွ တုံ့ပြန်မှုတွေကို မတွေ့ရပါဘူး။

XS
SM
MD
LG