သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ကို အရေးယူနိုင်ဖွယ် ခြိမ်းခြောက်ရေးသား


ရွေးကောက်ပွဲမှာ မဲမပေးဘဲ သပိတ်မှောက်ဖို့ စည်းရုံး လှုံ့ဆော်တာဟာ လက်ရှိ ရွေးကောက်ပွဲ ဥပဒေအရ ပြစ်မှုမြောက်ပြီး ထောင်ဒဏ် ငွေဒဏ်နှစ်ရပ်စလုံးနဲ့ အရေးယူ အပြစ်ပေးလို့ရတယ်လို့ မြန်မာအစိုးရပိုင် သတင်းစာမှာ ဒီကနေ့ ရေးသားဖော်ပြခဲ့ပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ပြောထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အဓိက ပစ်မှတ်ထားပြီး ရေးသားတာဖြစ်တယ်လို့ ယူဆရပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးတာ မဲမပေးတာဟာ ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေး ဆိုပြီး ပြဌာန်းထားပေမဲ့လို့ ရွေးကောက်ပွဲမှာ မဲမပေးဖို့ စည်းရုံးလှုံ့ဆော်မယ်ဆိုရင် မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေး လွတ်လပ်စွာ သုံးစွဲလို့ မရအောင် မလျော်သြဇာသုံးပြီး ဆောင်ရွက်တာဖြစ်တယ်လို့ ရေးပါတယ်။

ဒီအတိုင်းဆိုရင် လက်ရှိ ရွေးကောက်ပွဲ ဥပဒေအရ အရေးယူ အပြစ်ပေးလို့ ရတယ်လို့ ဖော်ပြထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကတော့ သူတို့အမြင်မှာတော့ ရွေးကောက်ပွဲကို သပိတ်မှောက်တာဟာ ဥပဒေကို ချိုးဖောက်တာမဟုတ်ဘူးလို့ ပြောပါတယ်။

“ကျနော်တို့ပြောတာတော့ ညီတယ်ဗျ။ သူပြောချင်တဲ့ စကားလုံးကို ကျနော်တို့ လုံး၀ မပြောဘူး။ ကျနော်တို့ ပြောတာက မဲပေးနိင်တယ်၊ မဲမပေးလည်း နေနိုင်တယ်။ boycott လုပ်တာ ကျနော်တို့ ကိုယ့်လူနဲ့ကိုယ် လုပ်တာ၊ ကိုယ့် ထောက်ခံသူတွေနဲ့ ကိုယ် လုပ်တာ။ ဘာဥပဒေမှ ချိုးဖောက်တာ မရှိဘူး။”

အထိမ်းသိမ်းခံရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည် ကတော့ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသလို၊ မဲမပေးဘဲ နေနိုင်ခွင့် ရှိတယ်လို့ သူနဲ့တွေ့ဆုံခဲ့တဲ့ ဦးဉာဏ်ဝင်းကတဆင့် လူထုကို စကားပါးခဲ့ပါတယ်။ ဒီနောက်မှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဟာ နယ်အရပ်ရပ်ကို ဆင်းပြီး ရွေးကောက်ပွဲ သပိတ်မှောက်ရေး အစီအစဉ်တွေကို လှုပ်ရှား ဆောင်ရွက်လျက်ရှိပါတယ်။

နောက်တချက်ကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပါတီပျက်ပြယ်မှု မရှိသးဘူးလို့ ပြောဆိုနေတာတွေဟာ ဥပဒေပါ ပြဌာန်းချက်တွေကို မျက်ကွယ်ပြုပြီးတော့ လူထု ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ဆောင်တာလို့ ဥပဒေလေ့လာသူ တဦးဆိုတဲ့ စာရေးသူက ဒီကနေ့ အစိုးရသတင်းစာတွေမှာ ရေးထားပါတယ်။ စစ်အစိုးရသတင်းစာပါ ဆောင်းပါးတွေဟာ စစ်အစိုးရရဲ့ သဘောထား ကြေညာချက်တော့ မဟုတ်ပေမဲ့ ဒီဆောင်းပါးတွေဟာ စစ်အစိုးရရဲ့ သဘောကို ထင်ဟပ်လေ့ရှိတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

XS
SM
MD
LG