သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဲန်အယ်လ်ဒီ အိုင်အယ်လ်အိုနဲ့ ပူးပေါင်းဆောင်ရွက်မည်


အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ဟာ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ILO) နဲ့ ပူးပေါင်းပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက် ခံနေရမှုတွေ၊ လယ်မြေသိမ်းပိုက်မှုတွေ၊ ကလေးစစ်သား စုဆောင်းမှုတွေနဲ့ လူမှုရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ မနေ့က အိုင်အယ်လ်အို ဌာနေကိုယ်စားလှယ်နဲ့ တွေ့ဆုံပြီး ဒီကနေ့မှာတော့ ပဲခူးမြို့နဲ့ အနီးဝန်းကျင်က အဲန်အယ်လ်ဒီ မိသားစုဝင်တွေနဲ့ သွားရောက် တွေ့ဆုံတဲ့အချိန်မှာ အဲန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းက အခုလို ပြောလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ပဲခူးတိုင်းဟာ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်ကို အလုပ်သမား၊ လယ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ ကလေး စစ်သား စုဆောင်းမှုတွေအတွက် တိုင်ကြားတဲ့နေရာမှာ အရေအတွက် အများဆုံးဒေသ ဖြစ်ပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းတုန်းကတော့ အဲန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းအပါအဝင် ခေါင်းဆောင်တချို့ ပဲခူးမြို့ကိုသွားပြီး ပဲခူးတိုင်းအတွင်းက အဲန်အယ်လ်ဒီ မိသားစုဝင်တွေနဲ့ တွေ့ဆုံပြီး အဖွဲ့ချုပ်အနေနဲ့ အဲဒီ အခွင့်အရေး ချိုးဖောက် ခံနေရမှုတွေကို အိုအယ်လ်အို နဲ့ ပူးပေါင်း လုပ်ဆောင်သွားဖို့ ဆွေးနွေး ပြောကြားခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို သူ့အိမ်မှာ လက်ခံကျင်းပခဲ့တဲ့ ပဲခူးမြို့ အဲန်အယ်လ်ဒီ လွှတ်တော်အမတ် ဦးမြတ်လှက NLD မိသားစု တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး အခုလို ပြောပြပါတယ်။

“အဲန်အယ်လ်ဒီက လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်တော့မယ်ပေါ့။ အဲဒီမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မယ့်အကြောင်းတွေ ပါတယ်ဗျ။ အကုန်လုံးပဲ။ နယ်တွေကလဲ သူတို့ တွေ့ဆုံနေကြရတဲ့ဟာတွေ အကုန်လုံးပဲ တင်ပြကြတယ်။ တင်ပြတဲ့အခါကျတော့ သူတို့ကလဲ ကိုဉာဏ်ဝင်းတို့ကလဲ အကုန်လုံး ရှင်းပြတယ်။ သူတို့ အိုင်အယ်လ်အိုနဲ့ တွေ့တယ်တဲ့။ အိုင်အယ်လ်အိုနဲ့ စတိဖ် မာရှယ်လ် (Steve Marshall) တို့နဲ့ တွေ့တယ်တဲ့။ အိုင်အယ်လ်အိုနဲ့ လက်တွဲပြီးတော့ လုပ်မယ်ပေါ့။ သို့သော်လည်း ဘယ်လုပ်ငန်းတွေ ဆိုတာတော့ အတိအကျ သူတို့ မဖော်ပြသေးဘူး။ တွဲလုပ်မယ်လို့တော့ သူတို့ ပြောပြတယ်။”

အဲန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းနဲ့ ခေါင်းဆောင်တချို့ဟာ မနေ့ကပဲ အိုင်အယ်လ်အို ဌာနေ ကိုယ်စားလှယ် စတိဖ် မာရှယ်လ် နဲ့ ရန်ကုန်မြို့မှာ သွားရောက်တွေ့ဆုံခဲ့တာပါ။ အဲဒီလို တွေ့ဆုံပြီးနောက်ပိုင်းမှာ အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းလုပ်ဆောင်မယ် ဆိုတဲ့အကြောင်း အဲန်အယ်လ်ဒီက ပြောလာတာ ဖြစ်ပါတယ်။

အဲန်အယ်လ်ဒီ ဗဟိုက ခေါင်းဆောင်တချို့ အခုလို သူတို့ဒေသကိုလာရောက် စကားပြောတဲ့အတွက် သူအပါအဝင် ဒေသခံတွေက သဘောကျတဲ့အကြောင်းလည်း ဦးမြတ်လှက အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ကတော့ သိပ်သဘောကျတယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က သူတို့လူကြီးတွေ ဆင်းပြီးတော့ ဒီလို အောက်ခြေ လူထုနဲ့ ဒူးတိုက်ဆွေးနွေးတာတို့ပေါ့ဗျာ။ အောက်ကနေ တင်ပြ၊ အပေါ်ကနေလဲ အပြန်အလှန် ဆက်သွယ်ရေးကို ကျနော်က သိပ်သဘောကျတယ်။ သဘောကျတာ အခုမှပဲ အနှစ် ၂၀ ကျော်မှပဲ ဒီပြဿနာတွေ အကောင်အထည် ပေါ်လာတော့တယ်ပေါ့။ ကျနော်တို့ ဒီကလူတွေကတော့ သိပ်သဘောကျကြတယ်ပေါ့။”

ဒီ အဲန်အယ်လ်ဒီ မိသားစု တွေ့ဆုံပွဲကို တက်လာကြတဲ့ ဒေသအသီးသီးက အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေကလည်း သူတို့ ရင်ဆိုင် ကြုံတွေ့ကြရတဲ့ အကြောင်းအရာမျိုးစုံကို ပြန်လည် တင်ပြ ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

“တင်ပြတာကတော့ အစုံပဲပေါ့ဗျာ။ တမြို့နယ်ဆိုရင် ၂ ယောက်၊ ၃ ယောက်။ အဲဒီလို ပြောကြတာပဲ။ သူတို့ တွေ့ကြုံရတဲ့ အခက်အခဲတွေပေါ့။ အဲန်အယ်လ်ဒီဟာ မပြောင်းလဲဘူးပေါ့။ စည်းလုံးလျက် ရှိတယ်ပေါ့။ အခု အဖွဲ့ချုပ်ကနေ လူကြီးတွေ ချမှတ်ပေးတဲ့ လုပ်ငန်းတွေကိုလဲ ဆက်လက် ဆောင်ရွက်ကြမယ်ပေါ့။ အဲဒါတွေ အပြန်အလှန် ဆွေးနွေးကြတာပဲ။ ဒေသခံလူတွေကတော့ဗျာ ပြဿနာ အမျိုးမျိုး လာကြတာပေါ့။ တချို့ကတော့ အမှုထမ်း ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ လာကြတယ်ဗျ။ တချို့ကကျတော့လဲ သူတို့လယ်တွေကိစ္စ၊ မျိုးစုံပဲ လာကြတာတော့။ နောက်တခုက ကျနော်တို့ကလဲ ကြားထဲမှာ အဲဒီ သူတို့လုပ်ငန်းတွေကို လုပ်ပေးတယ်။ ကျနော်တို့ ဒီမှာ ကလေးတွေကို စာသင်တဲ့လုပ်ငန်းတွေလဲ လုပ်ပေးတယ်ပေါ့ဗျာ။ အမျိုးမျိုးပေါ့။ လူမှုရေး လုပ်ငန်းတွေ များပါတယ်။”

ပဲခူး မဲဆန္ဒနယ်မြေ အမှတ် (၂) က အဲန်အယ်လ်ဒီ လွှတ်တော်အမတ် ဦးမြတ်လှ ပြောပြခဲ့တာပါ။

ဒီ အဲန်အယ်လ်ဒီ မိသားစုတွေ့ဆုံပွဲမှာ အလုပ်သမား၊ လယ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုကိစ္စတွေ၊ ကလေးစစ်သား စုဆောင်းခံရမှု ကိစ္စတွေ၊ အဓမ္မ လုပ်အားပေးခိုင်းစေမှု ကိစ္စတွေအပြင် ရွေးကောက်ပွဲကျင်းပခဲ့ရင် လူထုအနေနဲ့ မဲမပေးလိုက မပေးဘဲနေဖို့ အခွင့်အရေး ရှိတယ်လို့ ဒေါ်ဆောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ အကြောင်းအရာတွေကိုလည်း ဆွေးနွေး ပြောဆိုဖြစ်ခဲ့တဲ့အကြောင်း တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူတွေကလည်း ပြောပြကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG