သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နဲ့ NDF ခမောက်ကိစ္စ အငြင်းပွား


အငြင်းပွားစရာဖြစ်နေသည့် NDF ပါတီ အမှတ်တံဆိပ်။
အငြင်းပွားစရာဖြစ်နေသည့် NDF ပါတီ အမှတ်တံဆိပ်။

၂၀၁၀ ပြည့်နှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ဖို့ မှတ်ပုံတင်ထားတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ရွေးချယ်ထားတဲ့ ပါတီအမှတ်တံဆိပ်ဟာ NLD ပါတီ အသုံးပြုခဲ့တဲ့ ခမောက်သင်္ကေတပဲ ဖြစ်နေတဲ့အတွက် NLD ပါတီဘက်က မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။ NDF ပါတီကတော့ ခမောက်ကို ရွေးချယ်ရတာဟာ NLD ပါတီကို တုပတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီအခြေအနေတွေကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ဒီကနေ့ထုတ် မြန်မာ့အလင်း သတင်းစာထဲမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ရွေးချယ်ထားတဲ့ အလံနဲ့ ပါတီရဲ့ တံဆိပ်တွေကို ဖော်ပြထားပါတယ်။ အလံမှာပါတဲ့ ကြယ် ၂ လုံးပုံက ပြဿနာမရှိပေမဲ့ ပါတီရဲ့ အမှတ်တံဆိပ်က အရင် NLD ပါတီ သုံးစွဲခဲ့တဲ့ ခမောက်တံဆိပ် ဖြစ်နေပြီး အဲဒီခမောက် အပေါ်မှာ ကြယ် ၂ လုံး ပါနေတာပဲ ကွာပါတယ်။ အဲဒါကြောင့် NLD အဖွဲ့ဝင်တွေက မကျေမနပ် ဖြစ်နေကြတဲ့အကြောင်း NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်။

“NLD ပါတီဝင်တွေ၊ ရုံးမှာရောက်နေတဲ့ လူတွေကတော့ မကျေနပ်ကြဘူးပေါ့၊ ကျနော် အပါအဝင်ပေါ့။ လူကြီးတွေက ဘာလုပ်မယ် ဆိုတာတော့ ကျနော်လည်း မပြောတတ်သေးဘူးဗျ။ တခုခုတော့ ဆုံးဖြတ်ပေးမယ် ထင်တာပဲ။ လူကြီးတွေ သိတော့ သိနေပြီ။ တရားဝင် ဘာလုပ်မယ်ဆိုတာ မပြောသေးဘူး။ ကျနော်ကတော့ ဘယ်လက်ခံပါ့မလဲ။ ဒါက ပြည်သူလူထုရဲ့ အောင်ပွဲ အထိမ်းအမှတ်ဗျ။

“ဒီကိစ္စက သေသွားတဲ့ ခေါင်းဆောင်ကြီးများ၊ ဦးကျော်မင်းတို့ ကိုယ်တိုင် သေသေချာချာ သူတို့စိတ်ဓာတ်နဲ့ အံကျမယ့်ဟာကို ရွေးခဲ့တာ။ တကယ့်ကို ကြိုးစားပမ်းစား၊ စဉ်းစားချင့်ချိန်ပြီး ရွေးချယ်ထားတဲ့ဟာ။ အောင်ပွဲအထိမ်းအမှတ် လက်ခံထားတာကြီး။ ဒါကို အခုကျမှ ဒီလို ကောက်ပြီးလုပ်လိုက်တာ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲဗျာ။ ထင်ယောင်ထင်မှားတွေ လျှောက်ဖြစ်ကုန်မှာပေါ့ဗျာ။ လက်တလုံးခြား မလုပ်သင့်ဘူးပေါ့ဗျ၊ နိုင်ငံရေးလုပ်တာပဲ ပွင့်ပွင့်လင်းလင်း၊ ရဲရဲတင်းတင်း၊ ရိုးရိုးသားသား လုပ်သင့်တာပေါ့ဗျ။ တိုင်းပြည်ခေါင်းဆောင်ဖို့ စိတ်ကူးပြီး နိုင်ငံရေး လုပ်တာပဲ။”

NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအုန်းကြိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

NDF ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကတော့ ဒါဟာ NLD ကို တုပတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“မြန်မာနိုင်ငံ ပြည်သူအများစုက ကျေးလက်နေ ပြည်သူတွေ ဖြစ်တာကိုး။ လူများစုကို သက်ရောက်စေတဲ့ ခမောက်ကို သုံးခြင်းဖြစ်ပါတယ်။ အပေါ်က ကြယ်နှစ်ထပ်ကတော့ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေးကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒါ NLD တံဆိပ် မဟုတ်ပါဘူး။ NLD တုန်းက ရှိခဲ့တဲ့ ခမောက်က NLD ရဲ့ တံဆိပ် မဟုတ်ပါဘူး။ ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲမှာ အသုံးချဖို့ သင်္ကေတကိုသာ ကော်မရှင်က ပေးတဲ့ဟာကို သူတို့ ရွေးလိုက်တာ ဖြစ်ပါတယ်။ ရွေးတုန်းကလည်း ကျနော်ကိုယ်တိုင် ရွေးလိုက်တာပါ၊ ဒီ ခမောက်ကိစ္စကို၊ NLD တုန်းက။

“အခု ကျနော်တို့သုံးတာက ရွေးကောက်ပွဲ သင်္ကေတ မဟုတ်ပါဘူး။ ကျနော်တို့ပါတီရဲ့ တံဆိပ်ပါ။ NLD ပါတီရှိတုန်းက NLD ပါတီရဲ့ တံဆိပ်က ခွပ်ဒေါင်းပဲဖြစ်ပါတယ်။ အလံအတိုင်း တံဆိပ်ကို သုံးတာ ဖြစ်ပါတယ်။ အဲတော့ NLD ကို တုပခြင်း မဟုတ်ပါဘူး။”

NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေဟာ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် တဦးလည်း လုပ်ခဲ့ပါတယ်။ သူက ခမောက်ဟာ NLD ပါတီရဲ့ မူပိုင်မဟုတ်ဘူးလို့ ယူဆပါတယ်။

“ခမောက်ဟာ NLD မူပိုင် ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ သူတို့ ဖြေရှင်းရမှာပါ။ NLD ရဲ့မူပိုင် ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတဲ့ မေးခွန်းကို သူတို့ အရင် ရှင်းပြီးမှသာလျှင် ကန့်ကွက်ချင်လည်း ကန့်ကွက်ပေါ့ဗျာ။ ကန့်ကွက်တဲ့အခါမှာလည်း ခမောက် သူတို့နဲ့ မဟုတ်ဘဲနဲ့ အောက်မှာ စာတမ်းနှစ်တန်း ပါပြီးတော့ အပေါ်မှာ နှစ်ထပ်ကြယ် ပါတဲ့အတွက် NLD ကို တုခြင်း မဟုတ်ဘဲနဲ့ ခမောက်ဟာ ပြည်သူတယောက်မှာ သုံးခွင့်ရှိတဲ့အတိုင်း ကျနော်တို့ NDF က ယူသုံးခြင်းဖြစ်တယ် ဆိုရင်တော့ လုံလောက်မယ်လို့ ကျနော် ယူဆပါတယ်။

“ကန့်ကွက်မယ်ဆိုရင်လည်း သူတို့ သွားပြီး ကန့်ကွက်ခွင့် ရှိပါတယ်။ သို့သော်လည်း ကော်မရှင်အနေနဲ့ ဆုံးဖြတ်တဲ့အခါမှာ ကော်မရှင်က ချပေးခဲ့ဖူးတဲ့ ခမောက်နဲ့လည်း မတူပါဘူး။ NLD သုံးခဲ့တဲ့ ခမောက်က ထိပ်မှာ ပန်းဖွားပါပြီး ခမောက် အကွက်အကွက်တွေ ပါပါတယ်။ ကျနော်တို့က ခမောက်မှာ အကွက်တွေ မဟုတ်ဘဲနဲ့ သီးခြားခမောက် ဖြစ်ပါတယ်။ ခမောက်ခြင်းလည်း မတူပါဘူး။”

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းစာထဲမှာ ဒီကနေ့ ဖော်ပြထားတာကတော့ NDF ပါတီရဲ့ အလံနဲ့ တံဆိပ်ကို ဒီကနေ့ကစပြီး ၇ ရက်အတွင်း ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ ကန့်ကွက်နိုင်တယ်လို့ ဆိုပါတယ်။ ၇ ရက်အတွင်း ကန့်ကွက်မှုမရှိရင် ဒီအမှတ်တံဆိပ်တွေကိုပဲ အတည်ပြုမှာဖြစ်ပြီး မကြာခင် ရက်ပိုင်းမှာပဲ ပါတီကို တရားဝင် ဖွဲ့စည်းခွင့် ပြုနိုင်တယ်လို့လည်း ဦးခင်မောင်ဆွေက ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ငန်းသဘောကို ရှင်းပြပါတယ်။ သူတို့ရဲ့ NDF ပါတီဟာ အရင် NLD ပါတီဝင်ဟောင်းတွေနဲ့ ဦးဆောင်ဖွဲ့စည်းထားတာဖြစ်ပြီး ရွေးကောက်ပွဲကို ဝင်ရေး၊ မဝင်ရေးမှာ NLD နဲ့ အယူအဆ မတူကြတဲ့သူတွေလည်း ဖြစ်ပါတယ်။

XS
SM
MD
LG