သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရသစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လွှတ်တော်အမတ်တွေ တိုက်တွန်း


 ပြည်သူ့လွှတ်တော်
ပြည်သူ့လွှတ်တော်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသစ်အနေနဲ့ အဂတိ လိုက်စားမှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ လိုအပ်နေပြီ လို့ ပြည်သူ့လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ပြ ခဲ့ကြပါတယ်။ အဂတိလိုက်စားမှုကိုအမှန်တကယ် တိုက်ဖျက်လိုတဲ့ အစိုးရဖြစ်ဖို့နဲ့ (NLD) အစိုးရသစ်အနေနဲ့ တရားဥပဒေ စိုးမိုးမှုကို ထိထိရောက်ရောက် လုပ်ဆောင်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဘက်ကတင်ပြလာကြပါတယ်။ ဒီသတင်းတွေကို ဗွီအိုအေမြန်မာပိုင်းက မေခကစုစည်း တင်ပြထားပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ မြောက်ဥက္ကလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း ရဲ့ နိုင်ငံတဝန်း အဂတိ လိုက်စားမှုများ ထင်ရှား သိသာစွာ ကျဆင်း လျော့ပါးရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်း ဆောင်ရွက်ပေးရေး ပြည်ထောင်စု အစိုးရကို တိုက်တွန်းတဲ့အဆိုကို လွှတ်တော် ကိုယ်စားလှယ် ၃၃ ဦးအထိ ဝင်ရောက်ဆွေးနွေးကြပါတယ်။ ဒီဆွေးနွေးမှုဟာ လွှတ်တော်သတ်တမ်းမှာ အများဆုံးဆွေးနွေးမှုတခုဖြစ်ပါတယ်။

ဒီလိုဆွေးနွေးကြတာမှာ လွှတ်တော်ကိုယ်စားလှယ်တွေက လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေကို တင်ပြခဲ့တာတွေရှိနေပါတယ်။ သာမန်မြေတိုင်းစာရေးလေးက နောက်ဆုံးပေါ် မော်တော်ကား ၄ စီး စီးနိုင်တာ၊ ဖားကန့်ဒေသမှာ ရဲစခန်းမှူးတယောက် ဖြစ်ဖို့ ကျပ်ငွေ သိန်း ၂၀၀ လောက် လာဘ်ပေးရတာနဲ့ လောင်းကစားဒိုင်တွေ ဖမ်းတဲ့အခါမှာလည်း လက်ခွဲဒိုင်တွေသာ မိပြီး ဒိုင်ကြီးတွေကို ဘယ်တော့မှ မမိတော့တာတွေ၊ အဂတိလိုက်စားမှုတွေကြောင့် နိုင်ငံတော်ဘဏ္ဍာငွေတွေမြောက်မြားစွာဆုံး နေရတယ်ဆိုတဲ့ အဂတိလိုက်စားမှုတွေ နဲ့ပတ်သိတ်ပြီး တင်ပြခဲ့တာတွေရှိခဲ့ပါတယ်။

အဂတိလိုက်စားမှုကိုအမှန်တကယ် တိုက်ဖျက်လိုတဲ့ အစိုးရဖြစ်ဖို့နဲ့ (NLD) အစိုးရသစ်အနေနဲ့ တရားဥပဒေ စိုးမိုးမှုကိုထိထိရောက်ရောက်လုပ်ဆောင်ပေးဖို့ လိုအပ်နေပြီ လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာသက်သက်ခိုင်က ခုလိုဆွေးနွေးခဲ့ပါတယ်။

“သက်ဆိုင်ရာတာဝန်ရှိတဲ့ အဖွဲ့အစည်းဝင်တွေက အမှန်တကယ် အဂတိ တိုက်ဖျက်ရေး ကို အောင်မြင်စေချင်တဲ့ စိတ်စေတနာ အပြည့်အဝနဲ့ ရည်ရွယ်တဲ့ ရလဒ်များ အမှန်တကယ်ရနိုင်တဲ့ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ချင်းများကို လက်တွေ့ဆောင်ရွက်ကြမှသာ အဂတိ တိုက်ဖျက်ရေး အကောင်အထည်ဖော်မှု အမှန်တကယ်တိုးတက်အောင်မြင်နိုင်မှာဖြစ်တဲ့အကြောင်း လေးလေးနက်နက်ပြောကြားလိုပါတယ်ရှင့်။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပြောင်းလဲမှုတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် ပုံစံချပြီး အဂတိ နှိမ်နင်းရေးဆိုင်ရာ ဥပဒေများ သိသိသာသာအသက်ဝင်အောင် ဆောင်ရွက်ခြင်းအားဖြင့် ရလဒ်ကိုအခြေခံတဲ့ ချဉ်းကပ်မှုတွေနဲ့ အကောင်အထည်ဖော်သင့်ကြောင်း တိုက်တွန်းဆွေးနွေးလိုပါတယ်ရှင့်။

လက်ရှိအစိုးရလက်ထက်မှာ တည့်မတ်တဲ့ တရားစီရင်ရေးပေါ်ပေါက်ဖို့ တရားစီရင်ရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရတော့မယ့် အချိန်ဖြစ်တယ်လို့ အထူးပြုပြောကြားလိုပါတယ်ရှင့်။”

လက်ရှိမှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လမှာ ပြဌာန်းခဲ့ပြီးတဲ့နောက် ၂၀၁၄ ခုနှစ်မှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ပေါ်ပေါက်လာပေမယ့် လက်တွေ့မှာ အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါတွေကြောင့် ကော်မရှင်အသစ် ဖွဲ့စည်းပြီး ထိထိရောက်ရောက် လုပ်ဆောင်ဖို့ ကိုယ်စားလှယ်တွေက ထောက်ပြမှုတွေရှိခဲ့ပါတယ်။

တရားဥပဒေစိုးမိုးရေးကိုလုပ်ဆောင်နေတဲ့ သူတွေကိုယ်တိုင် အဂတိလိုက်စားမှုတွေရှိနေတာကြောင့် တရားဥပဒေစိုးမိုးရေးပိုင်းအားနည်းနေတာဖြစ်တယ်လို့ ဖားကန့်ုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဦးတင်စိုးတင်ပြခဲ့ပါတယ်။ လက်ရှိမှာ ဖားကန့်ဒေသမှာ ရဲစခန်းမှူးတယောက် ဖြစ်ဖို့ ကျပ်ငွေ သိန်း ၂၀၀ လောက် လာဘ် ပေး ရတာရှိနေပြီး မူးယစ်နဲ့ပတ်သတ်ပြီး အဂတိလိုက်စားမှုတွေကြောင့် ထင်သလောက်ထိရောက်စွာမနှိမ်နင်းနိုင်ဘူးလို့ သူကထောက်ပြခဲ့ပါတယ်။

အဂတိလိုက်စားမှုနဲ့ပတ်သတ်ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဘက်က ထိထိရောက်ရောက်အရေးယူလုပ်ဆောင်ပေးဖို့ လိုနေတယ်လို့ ချောက်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီးက အခုလိုထောက်ပြသွားပါတယ်။

“အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့လည်း ကော်မရှင်ဝန်ထမ်း၏ လစာများအပါအဝင် ကော်မရှင်တခုလုံး၏ ၁ နှစ်ကုန်ကျငွေများနှင့် တနေ့တွင် ပြည်သူများအတွက် စိစစ်ထုတ်ပြန်တဲ့ အမှု့အရေ အတွက်ကို နိုင်းယှဉ်စေပြီး အမှန်တကယ်ဖြစ်ရပ်မှန်များကို မဖော်ထုတ်နိုင်ပါက ပြောင်းလဲချိန်တန်ပြီဖြစ်သဖြင့် အားလုံးကိုပြောင်းလဲသင့်ကြောင်း သုံးသပ်အကြံပြုလိုပါတယ်။ အဂတိလိုက်စားသူနှင့် အဂတိလိုက်စားမှု ပြုလုပ်အားပေးသူများကို နမူနာပြ အရေးယူ ဆောင်ရွက်ပေးသင့်ကြောင်းနှင့်မြောက်ဥက္ကလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို ထောက်ခံဆွေးနွေးတင်ပြပါတယ်။”

လက်ရှိ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထုတ်ပြန်ထားချက်အရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် သက်တမ်း နှစ်နှစ်ကျော်အတွင်း တိုင်ကြားစာပေါင်း ၂၂၁၄ စောင် လက်ခံရရှိထားရာမှာ တိုင်ကြားစာပေါင်း ၁၇၀၆ စောင်မှာ စစ်ဆေးအရေးယူမှုဆောင်ရွက်နိုင်တာမရှိခဲ့ဘဲ မှတ်တမ်းအဖြစ်သာ ထားခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ တိုင်ကြားစာပေါင်း ၅၀၈ စောင်သာ စစ်ဆေးအရေးယူမှုလုပ်ငန်း လက်ခံဆောင်ရွက် ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထား ပါတယ်။

ဒီအဆိုနဲ့ ပတ်သက်ပြီး ဒီကနေ့လွှတ်တော်မှာ အချိန် အကန့်အသတ်ကြောင့် ၁၂ ဦးသာ ဆွေးနွေးနိုင်ခဲ့ပြီး နောက်နေ့တွေမှာ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG