သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အမတ်တွေ အတွက် အုပ်ချုပ်ရေး သင်တန်းပေး


NLD အမတ်တွေ ပြည်သူ့လွှတ်တော်အစည်းအဝေး တက်ရောက်လာစဉ်။ (Photo-NLD Chairperson Facebook)
NLD အမတ်တွေ ပြည်သူ့လွှတ်တော်အစည်းအဝေး တက်ရောက်လာစဉ်။ (Photo-NLD Chairperson Facebook)

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းရဲ့ ဆက်သွယ်ညှိနှိုင်းပေးမှု အရ ပြည်နယ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့လွှတ်တော် ကိုယ်စားလှယ် ၅၀ ကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက အငြိမ်းစားအရာရှိတွေက နေပြည်တော်မှာ တစ်ပတ်တာ သင်တန်းပေးခဲ့ပါတယ်။ သင်တန်းဆင်းပွဲကို ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာရောက် စကားပြောဆိုခဲ့သလို သူရဦးရွှေမန်းကလည်း ကိုယ်စားလှယ်တွေ သိချင်တဲ့ မေးခွန်းတွေကို ဖြေကြား ခဲ့တယ်လို့ ဒီသင်တန်းကို တတ်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်တွေက ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က နေပြည်တော်ကနေ သတင်းပေးပို့ထားပါတယ်။

လာမယ့် လတွေအတွင်း တိုင်းပြည်ကို ပြောင်းလဲအုပ်ချုပ်ရတော့မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေနဲ့ အကူအပြောင်းကာလမှာ ပြင်ဆင်မှုတွေ တဟုန်ထိုး လုပ်နေပါတယ်။ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်ကို တတ်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း လွှတ်တော်ဆိုင်ရာ သင်တန်းတွေ ပေးခဲ့သလို ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း ပြီးခဲ့တဲ့ အပတ်ကစလို့ အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းတွေ နေပြည်တော်မှာ ပေးခဲ့ပါတယ်။ ပြည်ထောင်စု လွှတ်တော် နာယကဟောင်း သူရဦးရွှေမန်းရဲ့ ဆက်သွယ်ပေးချက်နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၄၈ ယောက် ကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အငြိမ်းစားအရာရှိ တွေက တစ်ပတ်ကြာ သင်တန်းပေးခဲ့ပြီး ဒီကနေ့ နေပြည်တော် လွှတ်တော်ဝင်းမှာတော့ သင်တန်းဆင်းပွဲ ကျင်းပခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် သာကေတမြို့နယ် မဲဆန္ဒနယ် ၁ က လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် ဒီသင်တန်းကို တတ်ရောက်ခဲ့သူ တစ်ဦးလည်း ဖြစ်တဲ့ ဦးနိုင်ငံလင်းက ဗွီအိုအေကို ပြောပါတယ်။

“အုပ်ချုပ်ရေးနဲ့ ပတ်သက်တာတွေကို သင်တန်းပေးတာပါ။ အယောက် ၅၀ လောက်ရှိတယ် ။ သင်တန်းကတော့ အဓိကတော့ ကျနော်တို့ တိုင်းနဲ့ပြည်နယ်ရောက်တဲ့အခါကျရင် ကျနော်တို့လုပ်ရမယ့်အလုပ်တွေပေါ့နော်၊ အဲဒါတွေနဲ့ ပတ်သက်မယ့်ဟာတွေ ကျနော်တို့ သိချင်တဲ့ဟာတွေကို အဓိက မေးခိုင်းတာတွေ ဒါပါပဲ အဓိကတော့ အဲဒါပဲ။”

ဒီကနေ့ နေပြည်တော် လွှတ်တော်ဝင်းမှာ လုပ်ခဲ့တဲ့ ဒီသင်တန်းဆင်းပွဲကိုတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းလည်း လာရောက်ခဲ့ကြပါတယ်။ ဒီသင်တန်းဆင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အုပ်ချူပ်ရေးပိုင်းဆိုင်ရာ သင်တန်းလာရောက်ပေးခဲ့ကြတဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အငြိမ်းစားအရာရှိတွေကျေးဇူး တင်ကြောင်း ပြောဆိုခဲ့သလို သင်တန်းတတ်ရောက်ခဲ့တဲ့ သူတွေကိုလည်း သင်တန်းတတ်ရုံနဲ့ မပြီးပဲ ကိုယ်တိုင်လည်း လေ့လာ သင်ယူချင်စိတ်ရှိမှ တိုးတက်မှာဖြစ်တာကြောင့် စနစ်တကျ သင်ယူတတ်ဖို့ အရေးကြီးတယ်လို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သူရဦးရွှေမန်းကလည်း လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မေးမြန်း ချက်တွေကိုဖြေကြားသွားခဲ့တယ်လို့ ဦးနိုင်ငံလင်းက ပြောပါတယ်။

“ကျနော်တို့မေးတာတွေကို မေးမြန်းတဲ့မေးခွန်းတွေကို ခြုံပြီးတော့ လာဖြေပေးတာပါ။ ကျနော်တို့တွေ နောင် တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ တာဝန်ယူရမယ့် လူတွေဆိုတော့ ကျနော်တို့ သိချင်တဲ့မေးခွန်းတွေကို မေးပါဆိုပြီးတော့ ကြိုပြောသွားတာလေ။ ပြောထားပြီးတော့ ကျနော်တို့ကိုမေးခွန်းတွေပေးထားတယ်။ အဲဒါကို ခြုံပြီးတော့ လာဖြေပေးတာပါ ခင်ဗျ။”

ဒီသင်တန်းမှာ တတ်ရောက်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေထဲမှာ အများစုက ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေရဲ့အုပ်ချုပ်ရေးမှာ ဝန်ကြီးချုပ်နဲ့ တခြားအရေးပါတဲ့ နေရာတွေအတွက် လူထုကြားမှာ ရေးပန်းစားနေတဲ့ လူတွေ ပါဝင် ပါတယ်။ ဒါနဲ့ ပတ်သက်လို့ NLD တာဝန်ရှိသူတွေက တစ်စုံတစ်ရာ အတည်ပြု ပြောကြားထားခြင်း မရှိသေးပါဘူး။

XS
SM
MD
LG