သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီဖျက်သိမ်းမှု စစ်အစိုးရကို ဒေါ်စု တရားစွဲ


ပါတီဖျက်သိမ်းမှု စစ်အစိုးရကို ဒေါ်စု တရားစွဲ
ပါတီဖျက်သိမ်းမှု စစ်အစိုးရကို ဒေါ်စု တရားစွဲ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဟာ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရှိတယ် ဆိုတာနဲ့ ပတ်သက်လို့ စစ်အစိုးရကို စွဲထားတဲ့ အမှုအတွက် တရားမ အထွေထွေ လျှောက်လွှာကို ဒီကနေ့ တရားရုံးချုပ် ရန်ကုန်ကို တင်လိုက်ပါပြီ။ NLD အပါအဝင် အခြား နိုင်ငံရေးပါတီ ၁၀ ပါတီကို တရားဝင် ရပ်တည်ခွင့် မရှိတော့တဲ့အကြောင်း ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် ကိုယ်စားပြုပြီး အမှုစွဲဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီအမှုကို ဥပဒေကြောင်းအရ ဆုံးခန်းတိုင်ထိ ဆောင်ရွက်သွားမယ်လို့လည်း ပြောဆိုထားတာပါ။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီအတွက် ကိုယ်စားပြုပြီး မြန်မာစစ်အစိုးရကို စွဲဆိုထားတဲ့ အမှုအတွက် တရားမ အထွေထွေ လျှောက်လွှာကို တရားရုံးချုပ် ရန်ကုန်ကို ဒီကနေ့ တင်တဲ့အခါ ရုံးက လျှောက်လွှာကို လက်ခံထားလိုက်ပြီး မနက်ဖြန်မှာ တခါ ပြန်ချိန်းထားတယ်လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဦးဉာဏ်ဝင်း။ အောက်တိုဘာ ၅၊ ၂၀၁၀။
ဦးဉာဏ်ဝင်း။ အောက်တိုဘာ ၅၊ ၂၀၁၀။

“ဆရာဦးကြည်ဝင်းရယ်၊ ကျနော်ရယ်၊ ဒေါ်ခင်ဌေးကြွယ်ရယ် ၃ ယောက် တရားမ အထွေထွေ လျှောက်လွှာကို ဒီနေ့ သွားတင်ပါတယ်။ တရားရုံးချုပ် ရန်ကုန်ရဲ့ မှတ်ပုံတင် အရာရှိပေါ့၊ Registrar က ကျနော်တို့ လျှောက်လွှာတွေကို လက်ခံထားတယ်။ လက်ခံပြီးတော့ ဒီနေ့ညနေ ၃ နာရီ ပြန်လာပါလို့ မှာလိုက်ပါတယ်။ ကျနော်တို့ ညနေပိုင်း တခေါက် ပြန်သွားတယ်။ ၃ နာရီခွဲလောက်ကျတော့ သူတို့ မနက်ဖြန် ပြန်ချိန်းမယ်တဲ့၊ မနက်ဖြန်ညနေ ပြန်လာပါဆိုပြီးတော့၊ အဲဒီ အခြေအနေ ရှိပါတယ်။

“အဲတော့ ကျနော်တို့ လျှောက်လွှာပေါ်မှာ သူတို့ တစုံတခု ပြောမှာပေါ့။ ဘယ်လိုပြောမလဲ ဆိုတာတော့ ကျနော်တို့ ကြိုပြီးတော့ မခန့်မှန်းနိုင်ပါဘူး။ မနက်ဖြန်ညနေ ကျနော်တို့ တခေါက် ထပ်သွားပါမယ်။”

ဒီအမှုကို ဧပြီလ ၂၉ ရက်နေ့က စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်း တရားရုံးချုပ်က မေလ ၅ ရက်နေ့မှာ လျှောက်လွှာကို လက်မခံဘဲ ပယ်ချခဲ့တာပါ။ အခုတခါလည်း တရားရုံးချုပ်က ဒီအမှုကို လက်ခံသည်ဖြစ်စေ၊ လက်မခံဘဲ ပယ်ချခဲ့သည်ဖြစ်စေ ဥပဒေကြောင်းအရ အမှုကို ဆုံးခန်းတိုင် ဆက်လက် လုပ်ဆောင်သွားဖို့ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားတာ ဖြစ်တယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ဒီဟာကို စွဲဆိုဖို့ ကျနော်တို့ကို ကိုယ်စားလှယ်စာ ပေးထားတယ်။ ပြီးတော့ ဒါကို ဆက်ဆက်လုပ်ဖို့ လိုအပ်တယ်၊ တရားဥပဒေအရ ဆုံးခန်းတိုင် ဆောင်ရွက်ဖို့က ကျမတို့ တာဝန်ပဲလို့ ပြောဖူးပါတယ်။ တရားဥပဒေ စိုးမိုးမှုကဏ္ဍကို ရောက်လာရင်၊ တရားဥပဒေ စိုးမိုးမှု ရှိလာရင် ကျနော်တို့ တင်တာတွေက အဓိပ္ပာယ်ရှိမယ်။ တရားဥပဒေ စိုးမိုးမှု မရှိရင်တော့ ကျနော်တို့က ဒီဟာလည်း ဆုံးရှုံးမှုတခု အနေနဲ့ ပြန်တွေ့ချင်လည်း တွေ့ရမယ်။ ဒါတွေက ကျနော်တို့ကိစ္စ မဟုတ်ဘူး၊ ကျနော်တို့က လုပ်ရမယ့်ကိစ္စပါ။”

ဒါပေမဲ့ နိုင်ငံရေးပါတီအဖြစ် ဆက်လက် မှတ်ပုံမတင်တဲ့ နိုင်ငံရေးပါတီတွေကို ရပ်တည်ခွင့် မရှိတော့တဲ့အကြောင်း ဥပဒေ ထုတ်ပြန်ထားသလို ရွေးကောက်ပွဲ ကော်မရှင်ကလည်း NLD ပါတီဟာ တရားဝင် ရပ်တည်ခွင့် မရှိတော့တဲ့အကြောင်း ထုတ်ပြန်တာတွေဟာ ဥပဒေကြောင်းအရ လွဲနေတယ်လို့လည်း ဦးဉာဏ်ဝင်းက ထောက်ပြပါတယ်။

“ကော်မရှင်က ထုတ်တာဟာ တရားဥပဒေနဲ့ မညီဘူး။ ကော်မရှင်မှာ အဲဒီလုပ်ပိုင်ခွင့်၊ ကော်မရှင် ဥပဒေမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာဖြစ်ဖြစ် မပါဘူး။ သူ့မှာ ဒီအာဏာ မရှိဘူး။ ပြန်လည်မှတ်ပုံမတင်တဲ့ အဖွဲ့ချုပ် အလိုလို ပျက်ပြယ်တယ်လို့ ပြဋ္ဌာန်းချက်က တရားဥပဒေနဲ့ မညီဘူး။ တရားဥပဒေနဲ့ မညီတဲ့အပြင် ဒီအကျိုးသက်ရောက်မှုတွေက NLD အပေါ်မှာ မသက်ရောက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါ ဥပဒေ သဘောအရ နောက်ကြောင်းပြန် အကျိုးသက်ရောက်မှု အနေနဲ့ လုပ်လို့မရဘူး။ အကယ်၍များ လုပ်ချင်တယ် ဆိုရင်တောင် ဥပဒေမှာ တခါတည်း ပါရတယ်။ ဒါက တချက်ပေါ့။

“ပါတီတရပ်အနေနဲ့ ရပ်တည်ပိုင်ခွင့်၊ လှုပ်ရှားပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ နောက်ဥပဒေက ပယ်ဖျက်လို့ မရဘူး။ ဆက်လက် ခံစားခွင့်ရှိတယ်ဆိုတဲ့ ဥပဒေ ပြဋ္ဌာန်းချက်တွေ ရှိတယ်။ ဒီဟာတွေပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရပ်တည်နေကြောင်းနဲ့ ဒါကို တရားရုံးက အဆုံးအဖြတ်ပေးဖို့ တင်တာ ဖြစ်ပါတယ်။”

ရှေ့နေ ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရက ဦးဆောင် ကျင်းပပေးမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ တရားမျှတမှု မရှိတဲ့အတွက် နိုင်ငံရေးပါတီအဖြစ် ဆက်လက် မှတ်ပုံမတင်တော့ဘူးဆိုပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဟာ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ချက် ချခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG