သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြံ့ခိုင်ဖွံ့ဖြိုးရေး အပြောင်းအလဲ ပွင့်လင်းမှုရှိသင့်


မြန်မာနိုင်ငံမှာ စစ်အစိုးရ ကျောထောက် နောက်ခံပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းက ရွေးကောက်ပွဲဝင်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အဖြစ်နဲ့သာ ရပ်တည်ဖို့ ပြင်ဆင်နေချိန်မှာ ဒီလုပ်ငန်းစဉ်တွေကို ပြည်သူတွေကို ရှင်းရှင်းလင်းလင်း အသိပေးသင့်တယ်လို့ မြန်မာနိုင်ငံက ရှေ့နေကြီး ဦးအောင်သိန်းက ပြောလိုက်ပါတယ်။ အစိုးရဝန်ထမ်းတွေ၊ ကျောင်းသူ ကျောင်းသားတွေ ပါဝင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းတာနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ရှိနေသေးတယ် ဆိုတာကိုတော့ ရှေ့နေကြီး ဦးအောင်သိန်းနဲ့ ဆက်သွယ်မေးထားတဲ့ မစုမြတ်မွန်က အပြည့်စုံ တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လူမှုရေးလုပ်ငန်းတွေလုပ်ဖို့ဆိုပြီး ၁၉၉၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ကြံခိုင်ဖွံ့ဖြိုးရေးအသင်းကြီးကို နိုင်ငံရေးပါတီသက်သက်ဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ ပြင်ဆင်တဲ့အခါမှာ ပြည်သူတွေကို အသိပေး လုပ်သင့်တယ်လို့ ဗဟိုတရားရုံးရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။

“အသင်းကို ဖျက်မယ်ဆိုရင် အသင်းဖျက်သိမ်းရေး ဥပဒေဆိုင်ရာ အသင်းတခုလုံးကို ဖျက်သိမ်းတယ်။ ဖျက်သိမ်းပြီး စာရင်းရှင်းလင်းတာတို့ ဘာတို့ လုပ်ရတာတွေ ရှိတယ်ဗျ။ အသင်းက ရစရာရှိတဲ့ ကြွေးမြီတွေ ရှိတယ်။ ပေးစရာတွေလဲ ရှိရင်ရှိတတ်တာကိုး။ နောက် ကုမ္ပဏီ ဖျက်သိမ်းမယ်ဆိုလဲ ကုမ္ပဏီ ဖျက်သိမ်းရေးကို တင်ရတာပဲဗျ။ တင်ပြီး တချို့ဟာတွေကျတော့ သတင်းစာထဲမှာကို ထည့်ပြီး ကြေညာရတာတွေ ရှိပါတယ်။ အသင်း မဖျက်သိမ်းဘဲနဲ့ ပါတီကို ကူးပြောင်းတာလား။ အသင်းကို ဖျက်သိမ်းပြီးတော့ ပါတီအဖြစ် နံမည်အသစ်တင်ပြီး ကူးပြောင်းတာလား ဆိုတာ။ အဲဒါက ရွေးကောက်ပွဲဥပဒေမှာ မှတ်ပုံတင်ကတည်းကိုက ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိဘူးဗျ။”

ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို ဖျက်သိမ်းဖို့ ကိစ္စတွေကို စပြီးဆွေးနွေးနေတယ် ဆိုတာကို ရန်ကုန်မှာရှိတဲ့ အသင်းဌာနချုပ်က အမည်မဖေါ်လိုသူ အဖွဲ့ဝင်တယောက်က VOA မြန်မာပိုင်းကို ပြောပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေကို လူသိရှင်ကြား ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး၊ အသင်းပိုင်ပစ္စည်းတွေနဲ့ အသင်းဝင်တွေကို ဘယ်လိုခွဲမှာလဲ ဆိုတာကိုလဲ ရှင်းရှင်း မသိရသေးတာနဲ့ ပတ်သက်လို့ ရှေ့နေဦးအောင်သိန်း ပြောတာက -

“အသင်းရည်ရွယ်ချက်နဲ့ နိုင်ငံရေးပါတီ ရည်ရွယ်ချက်က မတူဘူးဗျ။ အသင်းအဖြစ်နဲ့ ပေါ်ပေါက်လာတာက ကျောင်းသားတွေ ပါတယ်။ ဆရာ ဆရာမတွေ ပါတယ်။ ဝန်ထမ်းတွေ ပါတယ်ပေါ့ဗျာ။ လူမှုရေးအသင်းလို့ လက်ခံတာကိုး။ အခုကျတော့ လူမှုရေးအသင်းက နိုင်ငံရေးပါတီအဖြစ် ပြောင်းလိုက်တယ်ဆိုတော့ ဥပဒေကတော့ ပြောင်းနိုင်တယ် မပြောင်းနိုင်ဘူး ဆိုတာ သတ်မှတ်ထားတာ မရှိဘူး။ သို့သော်လဲ အသင်းလုပ်ပြီးတော့မှ နိုင်ငံရေးပါတီအဖြစ် ပြောင်းလိုက်တာကတော့ ဒါ လက်တလုံးခြား လှည့်လိုက်တဲ့သဘော သက်ရောက်တယ်ဗျ။ အရှည်သဖြင့် နိုင်ငံရေးကို မျှော်ကိုးပြီး လုပ်မယ်ဆိုရင်တော့ ဒီလိုတော့ မဖြစ်ကောင်းဘူးလို့ ကျနော် အဲဒီလို မြင်ပါတယ်။”

ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နာယက အဖြစ်တည်ထောင်ထားတဲ့ ကြံခိုင်ဖွံဖြိုးရေးအသင်းဟာ စတင်တည်ထောင်ကတည်းက နိုင်ငံရေး အာဏာယူနိုင်ဖို့ ရည်ရွယ် တည်ထောင်တာလို့ မြန်မာ့နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။ အသင်းရဲ့ ဥက္ကဌအပါအဝင် ထိပ်ပိုင်း အသင်းတာဝန်ရှိသူတွေကလဲ စစ်ရာထူးတွေကနေ အရပ်ဖက်ကိုပြောင်းပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ထားခဲ့တာပါ၊ အခုလို အစိုးရရဲ့ ကျောထောက်နောက်ခံ အပြည့်ရနေတဲ့ ကြံ့ခိုင်ဖွံဖြိုးရေးအသင်းကနေ ကြံ့ခိုင်ဖွံဖြိုးရေးပါတီ ပြောင်းမယ်ဆိုရင်လဲ တခြားနိုင်ငံရေးပါတီတွေ အတွက် နစ်နာစေတယ်လို့ ရှေ့နေကြီးက သုံသပ်ပါတယ်၊

“အခုဟာက အစိုးရက ကမကထ လုပ်ထားတဲ့အသင်း ဖြစ်တဲ့အတွက် အစိုးရ အသင်းကနေ အစိုးရပါတီ ပြန်လုပ်တယ်ဆိုတဲ့သဘောမျိုး သက်ရောက်တာပေါ့။ အဲဒီတော့ ပါတီလိုင်းဘက်ကနေ ကြည့်ရင် သူဟာ နိုင်ငံရေးပါတီတခုခုရဲ့ ဖြစ်တည်မှုအတွက်ကို အသင်းအနေနဲ့ စည်းရုံးသိမ်းသွင်းထားတဲ့ လူအင်အားတွေက နဂိုကတည်းကိုက သူ့မှာ အင်အားအပြည့်ရှိတဲ့သဘော သက်ရောက်နေတာပေါ့။ ဆိုတော့ အခြား အခြားသော နိုင်ငံရေးပါတီတွေက အခုမှ ထူထောင်မယ့် နိုင်ငံရေးပါတီတွေဟာ အခုမှ အစပျိုး ခြေလှမ်း လှမ်းဖို့ ပြင်တုန်း ရှိသေးတယ်။ သူက အသားကျပြီးတဲ့ အင်အားနဲ့ အသားကျပြီးတဲ့ အင်အားစုအားလုံးကို ပါတီအဖြစ် ပြောင်းလဲပြီးတော့ သူ့မှာ အလိုအလျောက် သက်တောင့်သက်သာနဲ့ သူများနဲ့ နှာတဖျား မဟုတ်ဘူးခင်ဗျ။ နှာ ၁၀ ဖျား လောက် သာပြီးတော့ သူ့မှာ အခွင့်အလမ်းတွေ ရှိသွားတာပေါ့။ အများကြီး တာသွားတာပေါ့ဗျာ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကနေ ပါတီပြောင်းတာနဲ့ ပါတီသစ်ကနေ အခုမှ ထောင်ရတဲ့ပါတီအတွက် အင်မတန် နစ်နာတာပေါ့ဗျာ။”

ဗဟိုတရားရုံးရှေ့နေ ဦးအောင်သိန်းဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေကြတဲ့ နိုင်ငံရေးပါတီတော်တော်များမှာ မဲဆွယ်စည်းရုံးဖို့ နေနေသာသာ လူအင်အားအခက်အခဲ ငွေအားအခက်အခဲတွေကြောင့် စည်းရုံးလှုပ်ရှားဖို့ မလွယ်ဘူးလို့ ပြောနေကြတာဖြစ်ပါတယ်၊ စစ်အစိုးရပေးတဲ့ အခွင့်ထူးတွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း ရရှိထားတဲ့ ရန်ပုံငွေတွေ၊ ပိုင်ဆိုင်မှုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို လွှဲပြောင်းပေးမယ်ဆိုရင် မတရားဘူးလို့လဲ နိုင်ငံရေးပါတီတွေက ပြောနေကြပါတယ်။

XS
SM
MD
LG