သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် ဒေသ ဥပဒေ စိုးမိုးမှု မဲ့နေ


ကချင်ပြည်နယ် ဖားကန့်မြို့ မြင်ကွင်း တစ်နေရာ။ (REUTERS/Minzayar)
ကချင်ပြည်နယ် ဖားကန့်မြို့ မြင်ကွင်း တစ်နေရာ။ (REUTERS/Minzayar)

ကချင်ပြည်နယ်တွင်းက ဖားကန့်ဒေသမှာ လက်နက်ကိုင် ပဋိပက္ခတွေ ပြန်ပေါ်လာပြီး ဥပဒေမဲ့ နေရာ တခုလို ဖြစ်နေတဲ့ အကြောင်း ဒေသခံ အမျိုးသားလွှတ်တော် အမတ်တဦးက ပြောဆိုပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အမျိုးသမီး ရပ်ကွက် အုပ်ချုပ်ရေးမှူးတဦးကို အမည်မသိ သေနတ်သမားတွေက ဝင်ရောက် ပစ်သတ်သွားပြီးနောက်ပိုင်း ဖားကန့်ဒေသရဲ့ လုံခြုံရေး စိုးရိမ်ရတဲ့ အခြေအနေကို ပြောပြသွားတာဖြစ်ပါတယ် အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က တင်ပြပါလိမ့်မယ်။

ကျောက်စိမ်း အဓိက တူးဖေါ်တဲ့ ဖားကန့်ဒေသမှာ KIA ကချင်အမျိုးသား လက်နက်ကိုင် အဖွဲ့နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ပြန်ပေါ်ပေါက် လာပြီးတဲ့နောက် ပြီးခဲ့တဲ့ တလကျော်အတွင်း ဖေါက်ခွဲတိုက်ခိုက်မှု အကြိမ် လေးဆယ်နီးပါး ပေါ်ပေါက်ခဲ့ပေမယ့် ဘယ်အဖွဲ့အစည်းက ပြုလုပ်ခဲ့တယ် ဆိုတာ တိတိကျ မသိရပါဘူး။ ဖားကန့်ဒေသဟာ ဥပဒေမဲ့ နေရာ တခုလို ဖြစ်နေတဲ့အကြောင်း ဖားကန့်မြို့၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၉)၊ အမျိုးသားလွှတ်တော် အမတ် ဦးခင်မောင်မြင့် က ဗွီအိုအေကို ပြောပြသွားပါတယ်။

“ဘယ်ဘက်က ရယ်လို့ စွပ်စွဲလို့တော့ မရဘူးပေါ့။ တပ်တွေ၊ ရဲတွေ အထပ်ထပ်ချထားရဲ့ သားနဲ့ ဖြစ်သွားတာတော့ ဒါက စဉ်းစားစရာလဲ ဖြစ်တယ်လေ။ ကျွန်တော်တို့ ပြောချင်တာကတော့ တရားဥပဒေ စိုးမိုးမှု မရှိတာပဲလေ။ စစ်တပ်က ဘယ်လိုခေါ်မလဲ ဆိုတော့ KIA ကနေ အေးဆေးနေတာကို သွားပြီးတော့ ဝင်ဝင်တိုက်တော့ ပျားအုံကို ဒုတ်နဲ့ ထိုးသလိုပဲပေါ့။ အစစ အရာရာ ဖြစ်လာတော့ ဖားကန့်မှာ ဗုံးတွေ ၊ မိုင်းတွေ ၃၉လုံးလောက် ပေါက် တုန်းက ဖြစ်ပျက်ခဲ့တာကို၊ ပြောမယ် ဆိုရင် ဖားကန့် မြို့ကြီးဟာ ဥပဒေစိုးမိုးမှု မရှိပဲ ဖြစ်သွားတာပေါ့ဗျာ။ လက်နက်ကိုင်တွေ ဆိုတော့ ဘယ်သူမှ ပြောလို့ မရဘူးလေ။ တပ်မတော်လဲ လက်နက်ကိုင်တာပဲ။ KIA လဲ လက်နက်ကိုင်တာပဲ။ ဒီအထဲမှာ ရှမ်းတွေဆိုရင်လဲ လက်နက်ကိုင်တဲ့ အဖွဲ့သစ် ပေါ်လာတယ်။ ပြည်သူ့စစ်အနေနဲ့။ ဒါတွေကတော့ ပြောရမယ်ဆိုရင် တရားဥပဒေ စိုးမိုးမှု မရှိလို့ ဖြစ်တာပဲလို့ မြင်တယ်။ ဒေသခံတွေအတွက် လုံခြုံမှု မရှိသေးတဲ့ အရာဖြစ်လာတာပေါ့ဗျာ။”

တနင်္ဂနွေနေ့က အသတ်ခံခဲ့ရတဲ့ ကချင်ပြည်နယ် ဖားကန့် ဒေသက ဆိပ်မူ ဆိုင်းတောင် ကျေးရွာ အမျိုးသမီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်နန္ဒာလှိုင်ဟာ ဒေသတွင်း ရွာသားတွေရဲ့ အကျိုးစီးပွားကို ဦးဆောင် ဖြေရှင်းပေးနေသူ တဦးဖြစ်တယ်လို့ ဖားကန့် ဒေသခံ တွေက ပြောပါတယ်။

လောင်းကစားမှုတွေ၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေ နဲ့ ဖားကန့် ကျောက်စိမ်းတွင်း ဒေသဟာ လုံခြုံရေး စိုးရိမ်စရာရှိပြီး ဒေသတွင်း တည်ငြိမ်မှုအတွက် သက်ဆိုင်ရာအာဏာပိုင်တွေဘက်က တင်းကျပ်စွာ အရေးယူဆောင်ရွက်ဖို့ အရေးကြီး လိုအပ်တယ် လို့လည်း ဒေသခံတွေက ပြောဆိုထားပါတယ်။ အသစ်ပြန်ဖြစ်လာတဲ့ လက်နက်ကိုင် တိုက်ပွဲတွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေနဲ့ ဆက်စပ်နေတယ်လို့လည်း အမျိုးသား လွှတ်တော် အမတ် ဦးခင်မောင်မြင့် က ပြောပါတယ်။

“အဲဒီမှာ ပါဂျာဆန်ဆိုတာ ရှိတယ်။ ဘိန်း ဘာညာ နှိမ်နှင်းတဲ့အဖွဲ့။ တရားဝင်တော့ မဟုတ်ဘူးပေါ့လေ။ သူတို့ဟာ ကချင် ဘာသာရေး အဖွဲ့ကနေ ဖွဲ့ထားတာ။ အဲဒီအဖွဲ့ကနေ ဆဘော်မော်တို့မှာ ဘိန်းတွေ၊ ရာမတွေ ရောင်းနေတဲ့ ရှမ်းနီ ၇ယောက်ကို ဖမ်းသွားလိုက်တယ်။ ဒီ ၇ယောက်ကို KIA ကနေ ဖမ်းထားတဲ့ အခါကျတော့ ဒီ တပ်မတော်ကနေ ဒီ ၇ယောက်ကို လွှတ်ပေး မပေးရင် အမြှောက်နဲ့ ထုမယ်ဆိုတော့ ဟိုကလည်း စစ်မတိုက်ချင်တာနဲ့ ပေးလိုက်တာပေါ့ဗျာ။ ငါးယောက်။ အဲဒီ ငါးယောက်ကို ကာမိုင်း ရဲစခန်းပို့မယ့် အချိန်မှာ နန်ယမ်းလောက်မှာ ဖြတ်လုပြီးတော့မှ။ ရှမ်းနီတွေကနေပြီးတော့ ဒါငါတို့လူ၊ ငါတို့ ကာကွယ်မယ်။ ငါတို့ ဟာ ငါတို့ လုပ်မယ်ဆိုပြီးတော့ သူတို့က ဖြတ်လုသွားတယ်။ အဲဒီ ငါးယောက်ကနေပြီးတော့ KIA စခန်းကို ပြန်အယူမှာ တိုက်ပွဲ ဖြစ်ကြတာပေါ့ဗျာ။ ”

လက်နက်ကိုင် တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် ဖားကန့်ဒေသကို စစ်အုပ်ချုပ်ရေး အရေးပေါ် ကြေညာဖို့ မြန်မာ စစ်တပ် ဘက်က ပြည်နယ်အစိုးရကို အဆိုပြုခဲ့ပေမယ့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က စစ်အုပ်ချုပ်ရေးကို လက်မခံဘဲ ပယ်ချခဲ့တဲ့ အကြောင်း ဦးခင်မောင်မြင့်က ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း နိုင်ငံရေးခေါင်းဆောင်တွေကတော့ ဖားကန့်ဒေသ အပါအဝင် ကချင်ပြည်နယ်တွင်းမှာ နယ်မြေ တည်ငြိမ် အေးချမ်းရေး နဲ့ ဒေသတွင်းလုံခြုံမှု ရှိစေရေး ကချင်ပြည်နယ်အစိုးရ၊ အစိုးရ စစ်တပ်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က တရားဥပဒေ စိုးမိုးမှုရှိစေရေး စတာတွေကို အလေးထား ဆောင်ရွက်ပေးဖို့ ကိုလည်း တိုက်တွန်း ပြောဆို နေကြပါတယ် ခင်ဗျာ။

ဖားကန့်ဒေသ ဥပဒေစိုးမိုးမှုမဲ့နေ
please wait

No media source currently available

0:00 0:03:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG