သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nobel ငြိမ်းချမ်းရေးဆု တစ်ပြေးနေသူတွေ ရှိ


၂၀၁၆ ခုနှစ်အတွက် Nobel ငြိမ်းချမ်းရေးဆုကို အောက်တိုဘာလ ၇ ရက်နေ့မှာ Nobel ဆုပေးရေးအဖွဲ့အစည်းက ကြေညာမှာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် Nobel ငြိမ်းချမ်းရေးဆုအတွက် နာမည်စာရင်းပေးခံရသူ လူပုဂ္ဂိုလ်တဦးချင်း ၂၂၈ ယောက်နဲ့ အဖွဲ့အစည်း ၁၄၈ ခု၊ စုစုပေါင်း ၃၇၆ နာမည်စာရင်း ပေးခံရပါတယ်။

ဒါဟာ Nobel ငြိမ်းချမ်းရေးဆုသမိုင်းမှာ အများဆုံး စာရင်းပေးမှုဖြစ်တယ်လို့ Nobel ဆုပေးရေးအဖွဲ့ကပြောပါတယ်။ ခုလို စာရင်းပေးခံရသူတွေထဲကနေမှ ဆုရှင်ကို နော်ဝေး Nobel ဆုကော်မတီက ရွေးချယ်မှာဖြစ်ပါတယ်။ ဆုရှင်ကို မကြေညာခင် ဘယ်သူတွေ စကာတင် ရွေးချယ်ခံရသလဲ ဆိုတာကိုလည်း Nobel ဆုသမိုင်းမှာ ဘယ်တုန်းကမှ ထုတ်ဖော်ပြောလေ့ မရှိပါဘူး။

နော်ဝေးနိုင်ငံ Oslo မြို့အခြေစိုက် Peace Research Institute ကတော့ ဖြစ်နိုင်ခြေရှိသူတွေကို နှစ်စဉ် ထုတ်ပြန်ထင်ကြေးပေးလေ့ရှိပါတယ်။

အဲဒီထဲမှာ Russia နိုင်ငံက ဒုက္ခသည်တွေ ဒုက္ခသည်အဖြစ်လျှောက်ထားသူတွေအပါအဝင် ရွှေ့ပြောင်းလာသူတွေရဲ့ အခွင့်အရေးကို ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းကိုတည်ထောင်သူ Russia အမျိုးသမီး Svetlana Gannushkina၊ အီရန် Nuclear သဘောတူညီမှုရအောင် ကြိုးပမ်းခဲ့ကြတဲ့ အမေရိကန်စွမ်းအင်ဝန်ကြီး Ernest Moniz နဲ့ အီရန်အနုမြူစွမ်းအင်ဌာန အကြီးအကဲ Ali Akbar Salehi၊ ဆီးရီးယားပြည်တွင်းစစ်တွင်းက စစ်ဘေးဒုက္ခသည်တွေကို အသက်စွန့် ကူညီကယ်ဆယ်ပေးနေတဲ့ White Helmets ဆိုတဲ့ ပရဟိတအဖွဲ့၊ တခါ အမေရိကန်က ပြည်သူတွေအပေါ် ထောက်လှမ်းနေတယ်ဆိုတဲ့ လျှို့ဝှက် ထောက်လှမ်းရေး အစီအစဉ်တွေကို ဖော်ထုတ်ခဲ့သူ Edward Snowden၊ Congo သမ္မတနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် အဓမ္မပြုကျင့်ခံရသူတွေကို အဓိက ကုသပေးနေတဲ့ သွားဖွားမီးယပ်ဆရာဝန် ၃ ယောက်တို့ကို ၂၀၁၆ Nobel ငြိမ်းချမ်းရေးဆု ရနိုင်ခြေရှိသူတွေအဖြစ် Peace Research Institute က နာမည်စာရင်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံက ပထမဆုံးနဲ့ တခုတည်းသော Nobel ငြိမ်းချမ်းရေးဆုကို အဲဒီတုန်းက နေအိမ်အကျယ်ချုပ်ကျနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်မှာ ရရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG