သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ကော်မရှင်ကို ကန့်ကွက်မှု အစိုးရ လက်မခံ


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan။

လတ်တလော ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင် နဲ့ပတ်သက်လို့ နိုင်ငံရေးပါတီတချို့က စိုးရိမ် ကန့်ကွက်တာတွေ ရှိနေပေမယ့်လည်း ဒီကော်မရှင်ကို ဆက်လက် ထားရှိသွားမှာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတဦးက ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ် အရေးကိစ္စဟာ နိုင်ငံတကာနဲ့ ပတ်သက် ဆက်နွှယ်နေတယ်ဆိုတာ ငြင်းမရနိုင်တဲ့ ကိစ္စဖြစ်တာကြောင့် နိုင်ငံတကာမှာ အတွေ့ အကြုံများပြီး သမာသမတ် ကျတဲ့ နိုင်ငံခြားသားတွေ နဲ့ ရခိုင်ပြည် အကြံပေးကော်မရှင်ကို ဖွဲ့စည်းရ တာဖြစ်ကြောင်း သူက ပြောပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖျက်သိမ်းပေးဖို့ ဒေသခံ ရခိုင်အမျိုးသားပါတီက တောင်းဆိုခဲ့ သလို၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီတို့ကလဲ အမျိုးသား အကျိုးစီးပွားနဲ့ အမျိုးသားလုံခြုံရေးရှုထောင့်ကနေ စိုးရိမ်မှု ရှိကြောင်း သြဂုတ်၂၅ရက်နေ့က အသီးသီး ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ဒီနိုင်ငံရေးပါတီတွေရဲ့ သဘောထားကို နားလည်လက်ခံပေမယ့် ရခိုင်အရေး ကိစ္စဟာ နိုင်ငံတကာနဲ့ ပတ်သက် ဆက်နွယ်နေသလို၊ မြန်မာနိုင်ငံရဲ့နိုင်ငံခြားရေး မူဝါဒတွေကြောင့် အခုလို အတွေ့အကြုံများတဲ့ နိုင်ငံခြားသားတွေနဲ့ ကော်မရှင်ကို ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ဝန်ကြီးဌာန ဒု-ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက VOA မြန်မာ ပိုင်းကို ပြောပါတယ်။

"ဒါကိုပြန်သုံးသပ်မှာလား၊ ရပ်ဆိုင်းမှာလားဆိုတာ ကျနော်တို့က စဖွဲ့ကတည်းကကို အကြံပေးဖို့ အကြံပေးကော်မရှင်ဖြစ်တယ်။ ဒီရခိုင်အရေးကိစ္စက ဒီဟာနဲ့ပတ်သက်ပြီး နိုင်ငံတကာ ဆက်နွယ်ပတ်သက်မှုတွေ ရှိနေတယ် ဆိုတာကတော့ ဒါကတော့ မငြင်းနိုင်တဲ့ အမှန်တရား ဖြစ် တယ်။ နောက် မြန်မာနိုင်ငံ ရဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဆက်ဆံရေး နိုင်ငံခြားရေးမူဝါဒက ဒါတွေနဲ့လည်း ဆက်နွယ် ပတ်သတ်မှုတွေ ရှိနေတယ်။ ရှိနေတဲ့ကိစ္စကို ပြီးခဲ့တဲ့ ငါးနှစ်မှာ လုပ်ခဲ့တဲ့ ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်အတိုင်း အဖြေထွက်သလားဆိုရင် မထွက်ဘူးပေါ့နော်။ မထွက်ခဲ့ဘူးပေါ့။ အဲ့တာကို ပြေလည်သွားအောင် မြန်မာနိုင်ငံ အစိုးရ ရဲ့ပြောကြားချက်နဲ့ ဒီပြည်တွင်းက ပြောကြားချက်နဲ့ မလုံလောက်ဘူး။ မလုံလောက်တဲ့ အတွက် နိုင်ငံတကာက Neutral ဖြစ်ရမယ်။ ဘက်လိုက်မှု ကင်းရမယ်။ အများလေးစားမှုရှိရမယ်။ ကျော်ကြားထင်ရှားတဲ့သူဖြစ်ရမယ်။ အတွေ့အကြုံရှိရမယ်ဆိုတဲ့ ခြုံငုံပြီးတော့မှ ဒါ ဒီကော်မရှင်ကို ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။

ရခိုင်ပြည်အကြံပေးကော်မရှင်ထဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး အခြား ထင်ရှားတဲ့ နိုင်ငံခြား သား နှစ်ဦး လဲ ပါဝင်တာပါ။ ကော်မရှင်ရဲ့ ဥက္ကဋ္ဌအဖြစ် Kofi Annan ကို ရွေးချယ်ရတာနဲ့ပတ်သက်လို့ ဦးဇော်ဌေးက ခုလိုရှင်းပြ ပါတယ်။

"Kofi Annan ဆိုတာက ကမ္ဘာတဝှမ်းလုံးမှာ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက် ပန်းတိုင်ကို ချမှတ်ဆောင်ရွက်ခဲ့တဲ့သူဖြစ်တယ်။ နောက် ၂၀၀၁ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ နောက် ကျန်တဲ့ ကမ္ဘာ အရပ်ရပ်မှာ သူ့ရဲ့ဆောင်ရွက်ချက်တွေ အများကြီးရှိပါတယ်။ အဲ့ဒီ့ဆောင်ရွက် ချက်တွေ အရ သင့်တော်တယ်လို့ ကျနော်တို့က ယူဆတဲ့အတွက် ဒီလိုမျိုး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။"

ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းကလည်း ရခိုင်စုံစမ်းရေးကော်မရှင် ကို ပြည်တွင်းက ပုဂ္ဂိုလ်တွေ နဲ့ ဖွဲ့စည်းလုပ်ဆောင်ခဲ့ပြီး အကြံပေးချက် ၅၀ ကျော် ထွက်လာခဲ့ပေမယ်၊ အဲဒီ အကြံပေးချက်တွေထဲမှာ အကောင်ထည်ဖေါ်လို့ ရတာရော မရတာတွေပါ ပါဝင်ပြီး၊ အစိုးရဘက်က အကောင်ထည် မဖေါ်ခဲ့တာမျိုးလဲ ရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒီရက်ပိုင်း ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်အကြံပေးကော်မရှင်အနေနဲ့ ရခိုင်နဲ့ ဘင်္ဂလားဒေ့ချ် နယ်စပ်ကနေ နိုင်ငံတကာကို ထွက်သွားကြတဲ့ ဒေသခံ မူဆလင် ဒုက္ခသည်တွေ ရင်ဆိုင်ခဲ့ရတဲ့ပြဿနာကို စုံစမ်းရေး၊ ရခိုင်ဒေသကို လူသားချင်း စာနာတဲ့ နိုင်ငံတကာအကူအညီ ရရှိရေးအပါအဝင် ဒေသလုံခြုံရေးစတဲ့ ကိစ္စရပ်တွေမှာ စုံစမ်းသုံးသပ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ထံ အကြံပေးချက် တင်ပြရမှာဖြစ် ပါတယ်။

အဲဒီကမှတဆင့် မြန်မာအစိုးရထံ ဒီအကြံပေးချက်တွေ ဆက်လက် တင်ပြသွားဖို့ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်း အဓိကလိုအပ်နေတဲ့ လူမှု အသိုင်းဝိုင်းနှစ်ဖက်ကြား ပြန်လည်သင့်မြတ်ရေးနဲ့ တည်ငြိမ်အေးချမ်းအတွက် ဆက်လက်ဆောင်ရွက်နေရာမှာ စိန်ခေါ်မှုတွေရှိနေဆဲပဲလို့ ဦးဇော်ဌေးက ပြောပါတယ်။

" အခုအချိန်အထိ ကျနော်တို့ ပြန်လည်သင့်မြတ်ရေးနဲ့ အဲ့ဒီ့တည်ငြိမ်အေးချမ်းရေးပေါ့နော်။ အဲ့တာကို ဆက်လက်ပြီးတော့ တင်းတင်းကျပ်ကျပ်ဆောင်ရွက်နေရတဲ့ အနေအထားမှာပဲ ရှိသေးတယ်။ ဒါကို နှစ်ဦးနှစ်ဖက် ပြေလည်အောင် ဆောင်ရွက်ဖို့ နောက်တဖက်ကလည်း ကျနော်တို့ တည်ဆဲဥပဒေ မူဘောင်တွေထဲမှာ ဝင်ရောက်လာဖို့ ဒီဟာတွေကို လုပ်မယ့် အဆင့်တိုင်း အဆင့်တိုင်းမှာ ကျနော်တို့မှာ စိန်ခေါ်မှုတွေရှိတယ်။ ဥပမာ အမည်နာမလို ကိစ္စ ဒါက ဟိုဘက် ဒီဘက် ပြောကြဆိုကြ သမိုင်းကြောင်းတွေ အထောက်အထားတွေနဲ့ပြောနေကြတယ်။ သို့သော် အစိုးရသစ်လက်ထက်မှာ အသုံးအနှုန်းကိုပြင်ဆင်ပြီးတော့ သုံးစွဲတဲ့အပေါ်မှာ သဘောထားတွေက အမျိုးမျိုးရှိတယ်။ ဒါပေမဲ့ ဒါက ယာယီအားဖြင့်ပဲ ဖြစ်မယ်။ လုံးဝ ပြေလည်သွားမယ့် အနေအထားမဟုတ်ဘူး။ အဲ့ဒီ့တော့ ဒါက ကျနော်တို့က အဖြေရှာရမှာ အဲ့ဒီ့သဘောရှိပါတယ်။"

ရခိုင်ပြည်အကြံပေးကော်မရှင်ကို လူအများလေးစားပြီး အတေ့ွအကြုံများ တဲ့ နိုင်ငံတကာ က ထင်ရှားသူ ၃ဦးနဲ့အတူ မြန်မာနိုင်ငံက ထင်ရှားတဲ့ ပုဂ္ဂိုလ် ၆ ဦးနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ရှေ့လစက်တင်ဘာကစလို့ လုပ်ငန်းတွေကို စတင်ဆောင်ရွက်ကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG