သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဦးဆောင်မှုအဖွဲ့ အပြောင်းအလဲလုပ်မည်


မြောက်ကိုရီးယားကို ဦးဆောင်မှုပေးမယ့် အဖွဲ့တခုကို ရွေးချယ်ဖို့အတွက် လက်ရှိကွန်မြူနစ်ပါတီ အစိုးရက ရှားရှားပါးပါး အစည်းအဝေး တရပ်ကို ခေါ်ယူလိုက်ပါတယ်။

ပါတီညီလာခံအတွင်း လက်ရှိမြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ် (Kim Jong-il) ရဲ့ အငယ်ဆုံးသား ကမ်ဂျုံအန် (Kim Jong-un) ကို နောက်တက်မယ့်သူအဖြစ် အတည်ပြုပေးလိမ့်မယ်လို့လည်း လေ့လာ ဆန်းစစ်သူတွေက ယုံကြည်နေကြတာပါ။ ကွန်မြူနစ်ပါတီရဲ့ အမြင့်ဆုံးဦးဆောင်အဖွဲ့ကို ရွေးကောက်တင်မြှောက်မယ့် အစည်းအဝေး တခုကို ရှေ့လာမယ့် စက်တင်ဘာလထဲမှာ ကျင်းပမှာ ဖြစ်တဲ့အကြောင်း မြောက်ကိုရီးယားကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ဒီကနေ့ပဲ ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒါဟာဆိုရင် လွန်ခဲ့တဲ့ ၁၉၆၆ ခုနှစ်ကစလို့ ကိုရီးယား အလုပ်သမားပါတီရဲ့ ပထမဆုံးအကြိမ် ညီလာခံဖြစ်လာမှာပါ။

၁၉၈၀ ပြည့်နှစ်က ပါတီညီလာခံကြီးအဖြစ် ကျင်းပခဲ့တုန်းကတော့ လက်ရှိခေါင်းဆောင် ကင်မ်ဂျုံအီးလ် ကို ဦးဆောင်မှုတာဝန်တွေ ပေးအပ်ခဲ့ပြီး၊ ၁၉၉၄ ခုနှစ်မှာ ဖခင်ဖြစ်သူ ကမ်မ်အီဆွန်းဂ် (Kim Il-sung) ကွယ်လွန်ချိန်မှာ ခေါင်းဆောင်အဖြစ် ဆက်ခံနိုင်မယ့် လမ်းကြောင်းပေါ်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ကြေညာချက်ဟာဆိုရင် မကြာသေးခင်က စစ်ဘက်ရာထူးနေရာသစ်တွေ ခန့်အပ်မှုတွေအပြီး ထွက်ပေါ်လာခဲ့တာပါ။ ဒီလဆန်းပိုင်းက ရာထူး အပြောင်းအလဲတွေအတွင်း မြောက်ကိုရီးယား ခေါင်းဆောင်က သူ့ရဲ့ယောက်ဖဖြစ်တဲ့ ဂျန် ဆောင်ထယ် (Jang Song-thaek) ကို သြဇာကြီးမားတဲ့ အမျိုးသား ကာကွယ်ရေး ကော်မရှင်ရဲ့ ဒုဥက္ကဋ္ဌရာထူးနေရာကို တိုးပေးခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG