သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူကလီးယား နည်းပညာ တင်ပို့မှု အမေရိကန် စိုးရိမ်


မြောက်ကိုရီးယား နျူကလီးယား နည်းပညာ တင်ပို့မှု အမေရိကန် စိုးရိမ်
မြောက်ကိုရီးယား နျူကလီးယား နည်းပညာ တင်ပို့မှု အမေရိကန် စိုးရိမ်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို မြောက်ကိုရီးယား အစိုးရက လိုက်နာမှုရှိမရှိ စောင့်ကြည့်တဲ့ အဖွဲ့က - မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားနဲ့ ဒုံးလက်နက်ဆိုင်ရာ နည်းပညာနဲ့ ပစ္စည်းတွေကို မြန်မာနိုင်ငံအပါအဝင် မူမမှန်တဲ့ နိုင်ငံတွေကို ဖြန့်ဖြူးနေတယ်လို့ အစီရင်ခံစာ ထုတ်ပြန်လိုက်ချိန်မှာပဲ အခုကိစ္စအတွက် စိုးရိမ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း သောင်္ကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းမှာ အန္တရာယ် ဖြစ်စေမယ့် လုပ်ရပ်တွေကို စောင့်ကြည့်သွားမှာ ဖြစ်ပြီး သင့်လျော်တဲ့ ခြေလှမ်းနဲ့ အရေးယူမှုတွေ လုပ်သွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။ အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြောက်ကိုရီးယား နိုင်ငံဟာ တရားဝင်ဖြစ်အောင် ဟန်ပြလုပ်ထားတဲ့ ကုမ္ပဏီတွေနဲ့ နိုင်ငံခြားက ရာဇဝတ်မှု ကွန်ယက်တွေကို အသုံးချပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတချို့ကို နျူကလီးယားနဲ့ ဒုံးလက်နက်ဆိုင်ရာ နည်းပညာနဲ့ ပစ္စည်းအကူအညီတွေ ပေးနေတယ်လို့ အစီရင်ခံစာ ထွက်ပေါ်လာခဲ့တာနဲ့ပတ်သက်ပြီး ဒီလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် (၁၈၇၄) ကို ချိုးဖောက်နေတဲ့ မြန်မာနိုင်ငံလို နိုင်ငံတွေ ရှိနေတဲ့အတွက် အမေရိကန်နိုင်ငံက စိုးရိမ်မကင်း ဖြစ်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပီဂျေ ခရောလေး (P.J. Crowley) က အခုလို ပြောပါတယ်။

“အစီရင်ခံစာမှာ ဖော်ပြခံထားရတဲ့ မြန်မာနိုင်ငံ အပါအဝင် တချို့နိုင်ငံတွေ အနေနဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးထားရှိတဲ့အပြင် ပိတ်ပင်ထားတဲ့ ပစ္စည်းတင်ပို့မှုတွေ ပြုလုပ်နေတာကို အမေရိကန် ပြည်ထောင်စု အနေနဲ့ စိုးရိမ်မကင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ဘက်ကရော၊ တခြား နိုင်ငံတွေကပါ ကုလသမဂ္ဂ ဆုံးဖြတ်ချက် (၁၈၇၄) အရ ဒေသတွင်းရော၊ ကမ္ဘာ့ တခြားနေရာတွေ အတွက်ပါ မတည်မငြိမ် ဖြစ်စေတဲ့ ကန့်သတ်ပစ္စည်းတွေ တင်ပို့ရောင်းဝယ်မှုတွေကို ဟန့်တားဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဆက်ပြီးတော့လဲ လုပ်ဆောင်သွားမှာပါ။”

ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ မြောက်ကိုရီးယား ကမ်နန် သင်္ဘော မြန်မာနိုင်ငံကို ဦးတည်ပြီး သွားနေတာမို့ အမေရိကန် တိုက်ရေယာဉ် USS John McCain က နောက်က ထပ်ချပ်မခွာ လိုက်ပြီး စောင့်ကြည့်ခဲ့တာမို့ သင်္ဘောဟာ မြန်မာနိုင်ငံဘက်ကို ဆက်မသွားဘဲ မြောက်ကိုရီးယားကို ပြန်လှည့်သွားခဲ့ပါတယ်။ အမေရိကန်အနေနဲ့ အခုလို ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အတိုင်း သေသေချာချာ အရေးယူ ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း အန္တရာယ်ဖြစ်စေမယ့် လုပ်ရပ်တွေကို စောင့်ကြည့်ခဲ့သလို သင့်လျော်တဲ့ အရေးယူမှုတွေ လုပ်ဆောင် သွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

“မြောက်ကိုရီးယားရဲ့ ဆက်လက် လုပ်ဆောင်မှုတွေဟာ အိမ်နီးချင်း နိုင်ငံတွေရော။ အခြား ဒေသတွေ အတွက်ပါ အန္တရာယ် ရှိစေပါတယ်။ ပစ္စည်းအတုတွေကို တင်ပို့တာ၊ တရားမဝင် ပစ္စည်းတွေ ရောင်းချတာ၊ အန္တရာယ် ကြီးမားတဲ့ ကုန်ပစ္စည်းတွေကို တင်ပို့မှုတွေ၊ ဒုံးလက်နက်တွေ နျူကလီးယား နည်းပညာတွေနဲ့ တခြား ငွေဝင်မယ့် ပစ္စည်းတွေကို ရောင်းချတာတွေ ပါဝင်ပါတယ်။ ဒါကြောင့် ဒီ အန္တရာယ်တွေကို လျှော့ချဖို့ သင့်လျော်တဲ့ ခြေလှမ်းတွေ အမေရိကန် ပြည်ထောင်စုကရော၊ အိမ်နီးချင်း နိုင်ငံတွေကရော ဆက်လက် လုပ်သွားမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂရဲ့ တားမြစ်ချက်ကို လိုက်နာဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံကို မကြာခင်ကမှ လာရောက်ခဲ့တဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကန့်မ်ဘဲလ် (Kurt Campbell) ကလည်း သတိပေး ပြောကြားခဲ့ပါတယ်။

ကျွမ်းကျင်သူ ၇ ဦးပါအဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ မြောက်ကိုရီးယားက မြန်မာ၊ အီရန်နဲ့ ဆီးရီးယား နိုင်ငံတွေကို နျူကလီးယားနဲ့ ဒုံးကျည် ထုတ်လုပ်မှု နည်းပညာ အကူအညီတွေ ပေးနေတယ်လို့ ဖော်ပြခဲ့တာဟာ မြန်မာစစ်အစိုးရရဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်အောင် ကြိုးစားနေမှုကို အတည်ပြုပေးခဲ့တာလို့ NCGUB အဝေးရောက် ညွှန့်ပေါင်းအစိုးရအဖွဲ့ရဲ့ ကုလသမဂ္ဂ တာဝန်ခံ ဒေါက်တာသောင်းထွန်းက ပြောပါတယ်။

“နအဖက နျူကလီယာစီမံကိန်းတခုကို အကောင်အထည်ဖေါ်နေတယ်။ ရုရှားကနေ ရီအက်တာ (Reactor) ဓါတ်ပေါင်းဖို မရောက်သေး ပေမဲ့လို့ မန္တလေးရဲ့မြောက်ဖက် သပိတ်ကျဉ်းနားမှာ ရီအက်တာထားဖို့ စက်ရုံရော နောက် ယူရေနီယံကို ထပ်ပြီးတော့ ပလူတိုနီယံအဆင့် ရောက်အောင်လုပ်တ စမ်းသပ်မှုတွေကို လုပ်နေတယ်ဆိုတဲ့ သတင်းတွေ၊ တချို့စမ်းသပ်မှုတွေမှာလည်း အရပ်ဘက်ဆိုင်ရာမှာ ရေဒီယို ဓါတ်ကြွမှုတွေနဲ့ ဆေးရုံတင်ကုသရတယ်ဆိုတဲ့ သတင်းတွေလည်း ရနေတယ်ပေါ့နော်။

"နောက်ပိုင်းမှာလည်းပဲ ဂျပန်မှာ ဒုံးပျံနဲ့ဆိုင်တဲ့ မက်ဂနိုမီတာပေါ့လေ။ သံလိုက်ဓါတ် တိုင်းတာမှုဆိုင်ရာ ပစ္စည်းတွေကိုတင်ပို့လို့ ဂျပန်အစိုးရက ဖမ်းလိုက်တယ်ဆိုတဲ့ သတင်းတွေလည်း သိကြပြီးသားပါ။ အထဲမှာလည်းပဲ နအဖအနေနဲ့ ဒုံးပျံတပ်ရင်းတို့ နျူကလီယာတပ်ရင်းတို့ စတဲ့ဖွဲ့စည်းပုံဆိုင်ရာ အပြောင်းအလဲတွေ လုပ်တာတွေကို ကျွန်တော်တို့တွေ့ရတယ်။ ဆိုတော့ ဒီလုံခြုံရေး ကောင်စီက မြောက်ကိုရီးယား စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်တဲ့ Sanction ကောင်မီတီကနေပြီးတော့ မြောက်ကိုရီးယားကနေ ဒီလိုပစ္စည်းတွေကိုတင်ပို့နေတဲ့ အထဲ မြန်မာနိုင်ငံ ပါတယ်ဆိုတာကို သူတို့ အတည်ပြု လိုက်တာပါပဲ။”

မြန်မာနိုင်ငံရဲ့အခုလို လုပ်ဆောင်မှုတွေကြောင့် အရေးယူမှုတွေအပြင် နိုင်ငံတကာကစစ်ဆေးမှုတွေကို ပိုပြီး ခံလာရနိုင်တယ်လို့လဲ ပြောပါတယ်။

“အရေးယူမှုဆိုတာကတော့ အမျိုးမျိုးရှိတာပေါ့နော် သတိပေးတာတွေ၊ ရှုံ့ချတာတွေ၊ ကျန်တာကတော့ သက်ဆိုင်ရာနိုင်ငံရဲ့ လိုက်နာမှု ပေါ်မှာ တည်တာပေါ့နော်။ မြန်မာနိုင်ငံဟာ IAEA နိုင်ငံတကာ နျူကလီယား အေဂျင်စီကနေ နျူကလီယားမပြန့်ပွားရေး ဆိုင်ရာ စာချုပ်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံပါ။ ဆိုတော့ လက်မှတ်ထိုးထားတဲ့ နိုင်ငံတခုအနေနဲ့ဆိုရင် မြန်မာနိုင်ငံရဲ့ နျူကလီယားနဲ့ ဒုံးကျည် နည်းပညာပိုင်း စမ်းသပ်မှုတွေ ပိုပြီးတော့ စစ်ဆေးခံရမယ့် သဘောတွေ ရှိပါတယ်။”

အဝေးရောက် ညွန့်ပေါင်း အစိုးရ ရဲ့ ကုလသမဂ္ဂ တာဝန်ခံ ဒေါက်တာသောင်းထွန်း က ပြောသွားတာပါ။

XS
SM
MD
LG