သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဘောလုံးသမားများ အရေးယူခံရမှု FIFA စုံစမ်း စစ်ဆေး


တောင်အာဖရိကနိုင်ငံမှာ ကျင်းပပြီးစီးသွားတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ အရေးနိမ့်ခဲ့တဲ့အတွက် မြောက်ကိုရီးယား ဘောလုံးအသင်းနဲ့ နည်းပြတို့ကို ပြည်တော်ပြန်သွားပြီးတဲ့နောက် အပြစ်ပေးတာ၊ ဒါမှမဟုတ်ရင်လည်း လူပုံအလယ်မှာ အရှက်တကွဲ ဖြစ်အောင် လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က စုံစမ်းစစ်ဆေးနေပါတယ်။

မြောက်ကိုရီးယား ဘောလုံးအဖွဲ့ချုပ်ကိုလည်း ဒီသတင်းနဲ့ ပတ်သက်လို့ ရှင်းလင်းချက် ပေးဖို့အတွက် စာတစောင် ပေးပို့ထားတယ်လို့ FIFA ဥက္ကဋ္ဌ ဆပ် ဘလတ္တာ (Sepp Blatter) က ဒီကနေ့ပဲ စင်ကာပူနိုင်ငံမှာ ပြောဆိုခဲ့တာပါ။

တောင်ကိုရီးယားနိုင်ငံက ဟွန်ဒေးကုမ္ပဏီ ဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ လက်ရှိ တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်တဲ့ ချွန် မွန်ဂျွန်း (Chung Mong-joon) ထံကနေ အပြစ်ပေးလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အသစ်တွေ ထပ်မံရရှိခဲ့ပြီးတဲ့နောက် အခုလို ရှင်းလင်းချက် တောင်းခံရတာလို့လည်း ဆိုပါတယ်။

ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် မြောက်ကိုရီးယား ဘောလုံးသမားတွေကို စင်မြင့်တခုပေါ်မှာ ၆ နာရီကြာ မတ်တပ်ရပ်ခိုင်းထားပြီး သဘောတရားရေး မိန့်ခွန်းတွေနဲ့ ဝေဖန်ပြစ်တင်တာ ခံခဲ့ရတယ်လို့ ပြီးခဲ့တဲ့ လထဲမှာပဲ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ သူတို့ရဲ့ နည်းပြကို ဝေဖန်ဖို့အတွက်လည်း ဘောလုံးအသင်းသားတွေကို အတင်းအကျပ် စေခိုင်းတာ ခံခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG