သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား ဆီးရီးယားလေကြောင်း တိုက်ခိုက်မှု အိုဘားမား ရှုတ်ချ


Aleppo မြို့ကို လေကြောင်းတိုက်ခိုက်။ (စက်တင်ဘာ ၂၄၊ ၂၀၁၆)
Aleppo မြို့ကို လေကြောင်းတိုက်ခိုက်။ (စက်တင်ဘာ ၂၄၊ ၂၀၁၆)

ဆီးရီးယားနိုင်ငံ၊ အလက်ပိုမြို့အရှေ့ပိုင်းက အရပ်သားတွေ အပေါ် လေကြောင်း တိုက်ခိုက်မှုတွေကို ရုရှားနဲ့ ဆီးရီးယား စစ်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေဆိုပြီး အမေရိကန်သမ္မတ ဘရက်အိုဘားမားက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

ဂျာမန်ဝန်ကြီးချုပ် Angela Merkel နဲ့ မစ္စတာ အိုဘားမားတို့ ကြာသပတေးနေ့က တယ်လီဖုန်းနဲ့ ဆွေးနွေးခဲ့ကြပြီး ဆီးရီးယားနိုင်ငံတွင်း တိုက်ပွဲတွေရပ်တန့်ဖို့နဲ့ လူမှုကူညီရေးပစ္စည်းတွေ ဝင်ရောက်ပေးပို့ခွင့်ပြုဖို့ ရုရှားနဲ့ အာဆတ်အစိုးရမှာ အထူးတာဝန်ရှိတယ်ဆိုတာ ခေါင်းဆောင် ၂ ဦးတို့ သဘောတူညီခဲ့ကြ တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

အလက်ပိုမြို့အရှေ့ပိုင်းက သူပုန်တွေကို ရုရှားက ဆက်ပြီး ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် ရုရှားနဲ့ သံတမန်ရေးနည်းလမ်းအရ ပြောဆိုဆွေးနွေးမှုတွေ ရပ်သွားတော့မယ့် အနေအထားရောက်နေပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က အစောပိုင်းမှာ ပြောသွားပါတယ်။

ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ငံတဝှမ်း အရပ်သားအပါအဝင် လူပေါင်း ၉ ထောင်ထက်မနည်း သေဆုံးသွားတယ်လို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့တဖွဲ့က သောကြာနေ့ကပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအတော်များများလည်း ဒဏ်ရာရ သွားတယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေး အဖွဲ့ကပြောပါတယ်။

အလက်ပိုမြို့တွင်းမှာလည်း အရပ်သား ထောင်ပေါင်းများစွာပိတ်မိနေပြီး တဝက်ကျော်ဟာ ကလေးငယ်တွေဖြစ် ပါတယ်။ရုရှားဘက်က လေကြောင်း တိုက်ခိုက်မှုတွေဆက်လုပ်သွားမယ်လို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက် သူတို့နဲ့ဆက်ပြီး ပြောဆိုဆွေးနွေးဖို့ဆိုတာ အကြောင်းမဲ့ လုပ်ရပ်တွေဖြစ်ပြီး အခြေအနေတွေကို အလေးအနက်ထားစဉ်းစားဖို့ John Kerry ကတိုက်တွန်းပါတယ်။ ရုရှားရဲ့မဟာမိတ်၊ ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်အပေါ် ဖိအားပေးဖို့နဲ့ အပစ်ရပ်ပြီး ကုလသမဂ္ဂရဲ့ လူမှုကူညီရေး ကားတန်းတွေ အလက်ပိုမြို့ကိုဝင်ရောက်ခွင့်ပေးဖို့အမေရိကန်က ရုရှားကို တိုက်တွန်းနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG