သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက် ဗုံးခွဲတိုက်ခိုက်မှုအပေါ် သမ္မတအိုဘားမား တုံ့ပြန်


သမ္မတအိုဘားမား
သမ္မတအိုဘားမား

နယူးယောက်မြို့မှာဗုံးဖောက်ခွဲတဲ့သူကို ဖမ်းဆီးရမိလိုက်ပြီးအဲဒီအကြမ်းဖက်သမားတွေနဲ့ ပတ်သက်လို့ သမ္မတအိုဘားမားရဲ့ သဘောဘယ်လိုရှိသလဲဆိုတာကို မခွာညိုက ပြောပြပေးပါမယ်။

တနင်္လာနေ့က နယူးယောက်မြို့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက်နေတဲ့ သမ္မတအိုဘားမားက စနေနေ့ညက ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ - နယူးယောက်နဲ့ New Jersey တို့မှာ ဗုံးခွဲတိုက်ခိုက်သူနဲ့ Minnesota မှာ ဓားနဲ့တိုက်ခိုက်သူတို့ကြား ဆက်စပ်မှုရှိမရှိ မသိရသေး ကြောင်းပြောခဲ့ပြီး ဒီတိုက်ခိုက်မှုတွေဟာ IS အကြမ်းဖက်အုပ်စုကို မြေပြင်မှာရော အွန်လိုင်းကပါ ချေမှုန်းမယ့်သူ့ရဲ့သံန္နိဌာန်ကို ပိုပြီး ခိုင်မာသွားစေတယ်လို့ ပြောပါတယ်။

“သူတို့တွေဟာ အပြစ်မဲ့တဲ့လူတွေကို ထိခိုက်ဖို့ ကြိုးစားနေကြတဲ့ အပြင် ကျနော်တို့အားလုံးကို အကြောက်တရားရစေချင်ကြပါတယ်။ နေ့စဉ်နေထိုင်မှုဘဝအပြင် ကျနော်တို့ရဲ့ စံတန်ဖိုးတွေကိုပါ ဖျက်ဆီးချင်ကြတယ်။ ဒါကြောင့် အခုလို အဓိပ္ပာယ်မဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဟန့်တားနိုင်ဖို့အပြင် ဒီတိုက်ခိုက်မှုတွေကို ကျူးလွန်သူတွေကိုလည်း တရားဥပဒေအရ အရေးယူနိုင်ဖို့ ကျနော်တို့ အမြဲ သတိရှိကြမယ်၊ ဖိဖိစီးစီး နှိမ်နင်းရမယ်။ ကျနော်တို့တတွေ အကြောက်တရားကို လက်မြှောက်အရှုံးမပေးကြဖို့ နိုင်ငံသားအားလုံးမှာ တာဝန်တွေ ရှိပါတယ်။”

အခုလို အင်တာနက်ကနေ တိုက်ခိုက်မှုတွေကို လှုံ့ဆော်နေတဲ့ IS အဖွဲ့ကို ချေမှုန်းရာမှာ နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ကိုလည်း အမေရိကန်က ဆက်ပြီးဦးဆောင်သွားမှာဖြစ်ကြောင်း သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။ အကြမ်းဖက်မှု တန်ပြန်ချေမှုန်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ကျွမ်းကျင်သူတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုကို ကာကွယ်ဖို့ အဆင့်တိုင်းမှာ - ၂၄ နာရီပတ်လုံး တာဝန်ထမ်းဆောင်နေကြကြောင်းနဲ့ အဲဒီလိုကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် အကြမ်းဖက်တိုက်ခိုက်မယ့် အစီအစဉ်အများအပြားကို ဖျက်ဆီးပြီး အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

နယူးယောက်နဲ့ New Jersey ဗုံးခွဲမှုတွေနဲ့ဆက်နွယ်နေတဲ့ အသက် ၂၈ နှစ်အရွယ် Ahmad Rahami ကို တနင်္လာနေ့မှာ ရဲတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ပြီးနောက် ဖမ်းဆီးလိုက်နိုင်ပြီလို့ ရဲအရာရှိတွေက ပြောပါတယ်။ ဒီဗုံးဖောက်ခွဲမှုတွေကို စုံစမ်းစစ်ဆေးရေး မပြီးဆုံးခင်မှာ သတင်းဌာနတွေအနေနဲ့ သတင်းကို ဦးအောင်မရေးကြဖို့၊ မခိုင်လုံတဲ့သတင်းတွေကို မဖော်ပြကြဖို့ကိုလည်း သမ္မတအိုဘားမားက သတိပေးထားပါတယ်။

စနေနေ့ညက ဗုံးပေါက်ကွဲချိန်ဟာ နယူးယောက်မြို့ Manhattan အရပ်မှာ ဒီသီတင်းပတ်ထဲကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ လည်း တိုက်ဆိုင်နေပါတယ်။ ညီလာခံတက်ရောက်ဖို့ သမ္မတအိုဘားမားအပါအဝင် မြန်မာနိုင်ငံက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေလည်း နယူးယောက်မြို့မှာ ရောက်ရှိနေကြတာဖြစ်ပါတယ်။ ဗုံးပေါက်ကွဲတဲ့နေရာဟာ ကုလသမဂ္ဂညီလာခံကျင်းပမယ့်နေရာနဲ့ ၂ မိုင်ပဲ ကွာဝေးတဲ့ Chelsea မြို့မှာ ဖြစ်ပြီး လမ်းတွေအတော်များများ ပိတ်ထားပြီး လုံခြုံရေး တင်းကြပ်ထားတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ဖြစ်နေပါတယ်။

နယူးယောက်မြို့ Chelsea အရပ်မှာ ဗုံးပေါက်ကွဲတဲ့နေရာနားမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီး မစံပယ်က ဗုံးပေါက်ကွဲမှုနောက်ပိုင်း လုံခြုံရေးအခြေအနေကို သူမြင်တွေ့ရတဲ့အတိုင်း အခုလို ပြောပြပါတယ်။

“6th Avenue လမ်းမတလျှောက်လုံးကို သံဇကာတွေနဲ့ block တိုင်းကို ပိတ်ထားတဲ့အပြင်ကိုမှ ၂၅ လမ်းထောင့်မှာကတော့ လုံခြုံရေးက ရဲတွေ အယောက် ၁၀၀ လောက်ရှိမယ်ထင်တယ်။ ဟိုဘက်ကားလမ်း ဒီဘက်ကားလမ်းထောင့်မှာ လုံးဝရပ်ပြီးတော့ကို အများကြီးပဲ ရပ်ပြီးတော့ သူတို့စောင့်နေတာ တကြောလုံးမှာ သူတို့ရဲကားတွေက အဆင်သင့် အဲဒီလိုမျိုးစောင့်နေတာပေါ့နော်။ ညနေဘက်ကျတော့ ဒီလမ်းမတလျှောက်က clear ဖြစ်သွားပြီလို့ပြောတယ် ။ ဒါပေမယ့် သူတို့ block လုပ်ထားတာတွေတော့ မဖွင့်သေးဘူး။ ပြီးတော့ ရထားက ၂၃ လမ်းဘူတာပေါ့နော်။ 6th Avenue ၂၃ လမ်းဘူတာ အဲဒီမှာက ရထားလုံးဝမရပ်ဘူး။ ပေါက်သွားတဲ့ ၂ ဘလောက်စာလောက်မှာကတော့ လုံးဝပိတ်ထားတယ် လူပါ လမ်းလျှောက်လို့မရဘူး။ သူတို့ ရဲတွေအဲဒီမှာတော့ ပိုများတာပေါ့နော်- ညီမအလုပ်က အဲဒီလမ်းမပေါ်မှာပဲ ၁ ဘလောက်ပဲ ခြားတာကို။ အပေါ်မှာဆိုရင်လည်း ရဟတ်ယာဉ်က တချိန်လုံးပျံနေတာ သတင်းယူဖို့ကော ရှာဖို့ကော ပျံနေတယ်။”

တာဝန်ကျအရာရှိတွေက သူတို့အနေနဲ့ လုံခြုံရေးအတွက် အစစပြင်ဆင်ထားပြီးဖြစ်ကြောင်းနဲ့ အခု ပိုပြီး အရှိန်မြှင့်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG