သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကို ပင်လယ်ကွေ့ ရေနံယိုထွက်မှု အောင်မြင်စွာ ပိတ်ဆို့နိုင်ပြီ


ရေနံစိမ်းယိုထွက်မှု မရှိစေရန် ပိတ်ဆို့ပြီးနောက် ဗွီဒီယိုတွင် တွေ့ရပုံ။ ဇူလိုင် ၁၅၊ ၂၀၁၀။
ရေနံစိမ်းယိုထွက်မှု မရှိစေရန် ပိတ်ဆို့ပြီးနောက် ဗွီဒီယိုတွင် တွေ့ရပုံ။ ဇူလိုင် ၁၅၊ ၂၀၁၀။

မက္ကဆီကို ပင်လယ်ကွေ့မှာ ဧပြီလတုန်းက ကမ်းလွန်ရေနံတွင်း တူးစင်ကြီး ပေါက်ကွဲခဲ့ပြီး ပင်လယ်ရေအောက် ရေနံပိုက်လိုင်းက ရေနံစိမ်းတွေ တလဟော ယိုထွက်နေတာကို ပထမဆုံးအကြိမ် အောင်မြင်စွာ ပိတ်ဆို့နိုင်ခဲ့တယ်လို့ BP ဗြိတိသျှ ရေနံကုမ္ပဏီက ပြောဆိုလိုက်ပါတယ်။

ပင်လယ်ရေအောက် ရေနံတွင်းဝမှာ အဖုံးသစ် တပ်ဆင်နိုင်ခဲ့ပြီး အဆို့ရှင်တွေအားလုံး လုံခြုံစွာ ပိတ်ပစ်နိုင်ခဲ့တယ်လို့ BP ရေနံကုမ္ပဏီရဲ့ ပြောခွင့်ရသူ ကန့်တ် ဝဲလ်စ် (Kent Wells) က ပြောပါတယ်။

အဲဒီ ရေနံတွင်း ပိုက်ဝရဲ့ အဖုံးသစ်ဟာ အတွင်းက ရေနံစိမ်း တွန်းအားဒဏ် ခံနိုင်ရည်ရှိမရှိ နာရီအတော်ကြာ စောင့်ကြည့်ဖို့ သိပ်အရေးကြီးတယ်လို့ BP တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီတွင်းကနေ တနေ့ကို ရေနံစည်ပေါင်း ၆၀,၀၀၀ ယိုထွက်ခဲ့တာလို့ ခန့်မှန်းခဲ့ကြပါတယ်။

အမေရိကန်သမိုင်းမှာ အဆိုးရွားဆုံး ရေနံယိုထွက်မှုကြီးကို ပိတ်ဆို့နိုင်ဖို့အတွက် နောက်ဆုံးကြိုးပမ်းမှု ဖြစ်ပါတယ်။ အဲဒီ ပိတ်ဆို့နိုင်လိုက်တဲ့ ရေနံတွင်းက ရေနံစိမ်းတွေကို လမ်းကြောင်းလွှဲ ကဲ့ယူနိုင်ဖို့အတွက် နောက်ထပ် တွင်းသစ် ၂ ခု ဆောက်လုပ်နေတာ လာမယ့် သီတင်းပတ်တွေအတွင်း အပြီးသတ်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ရေနံစိမ်းတွေ တလဟော ထွက်နေတာကို ပိတ်ဆို့နိုင်လိုက်တဲ့ မြင်ကွင်းဟာ ကျက်သရေရှိပေမဲ့ အောင်ပွဲခံကြဖို့ အချိန်မတန်သေးဘူးလို့ BP အရာရှိတဦးဖြစ်သူ ဒေါက် ဆပ်တဲလ်စ် (Doug Suttles) က ပြောပါတယ်။

သမ္မတ အိုဘားမားက ဒီလို ပိတ်ဆို့နိုင်လိုက်တာကို အပြုသဘောဆောင်တဲ့ လက္ခဏာအဖြစ် ကြိုဆိုလိုက်ပေမဲ့ စမ်းသပ်တဲ့ အဆင့်မှာပဲ ရှိနေသေးတဲ့အတွက် သတိကြီးစွာနဲ့ စောင့်ကြည့်ဖို့ လိုတယ်လို့ ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG