သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ် မြန်မာအားကစားအဖွဲ့ Rio ရောက်ပြီ


ဘရာဇီးလ်နိုင်ငံမှာ သြဂုတ်လ ၅ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပမယ့် ၂၀၁၆ နွေရာသီ အိုလံပစ်ပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံပေါင်း ၂၀၆ နိုင်ငံက အားကစားသမား ၁ သောင်းကျော်ဟာ ပွဲတော်ကျင်းပမယ့် Rio de Janeiro မြို့ကို သွားရောက်နေကြပါတယ်။

ဒီ ၂၀၁၆ Rio အိုလံပစ် အားကစားပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် မြန်မာအားကစားအဖွဲ့ဟာလည်း အခုအခါမှာ Rio de Janeiro မြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

ဘရာဇီးလ်နိုင်ငံ Rio de Janeiro မြို့မှာ သောကြာနေ့ရောက်ရင် ၂၀၁၆ အိုလံပစ် အားကစားပွဲတော်ကို စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ မနေ့က ဗုဒ္ဓဟူးနေ့မှာတော့ ရက်ပေါင်း ၉၀ ကြာ ဘရာဇီးလ်နိုင်ငံတဝှမ်း လက်ဆင့်ကမ်း သယ်ဆောင်နေတဲ့ အိုလံပစ်မီးရှုးတိုင်ဟာ Rio de Janeiro မြို့ကို သင်္ဘောနဲ့ ဆိုက်ရောက်လာပြီ ဖြစ်ပါတယ်။ ဒီမီးရှုးတိုင်ကို အိုလံပစ်အားကစားပွဲတွေ စတင်ရာ ဂရိနိုင်ငံကနေ ဘရာဇီးလ်နိုင်ငံ ဘရာဇစ်လာမြို့ကို မေလမှာ ဘရာဇီးလ်အိုလံပစ် ကော်မတီဥက္ကဌ Carlos Arthur Nuzman ကိုယ်တိုင် သယ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

အိုလံပစ်ပွဲတော်ကျင်းပမယ့် နေရာကို ဒီမီးရှုးတိုင် ရောက်မလာခင်တရက်မှာပဲ အားကစားပွဲမှာ ပါဝင်ဆင်နွှဲမယ့် အဖွဲ့ဝင် ၁၁ ဦးပါ မြန်မာအိုလံပစ် အားကစားသမား အဖွဲ့ဟာလည်း Rio de Janeiro ကို ရောက်လာကြပြီဖြစ်ပြီး သံရုံးက လိုအပ်တဲ့ အကူညီတွေ ပေးနေပါတယ်လို့ ဘရာဇီးလ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်း က ဗွီအိုအေကို ပြောပါတယ်။

“သူတို့က အားလုံးဗျ အဖွဲ့ခေါင်းဆောင်ရယ်၊ သူတို့ အုပ်ချုပ်မှုအရာရှိရယ်၊ နောက် သူတို့ ဧည့်သည်တော်တယောက်ရယ်၊ သူတို့အားလုံးပေါင်း ၁၁ ယောက်လို့ ကျနော်တို့ သိထားပါတယ်။ သူတို့က Rio ကို ရောက်ကြပါပြီ။ ကျနော့်ဆီက ပထမအတွင်းဝန်တယောက်နဲ့ ဒုတိယအတွင်းဝန်တယောက် နှစ်ယောက်သွားပြီးတော့ သူတို့ လေဆိပ်မှာကြိုတာတို့၊ အားကစားရွာပို့တာတို့၊ လိုအပ်တဲ့အကူအညီတွေ သူတို့ လုပ်ပေးနေပါတယ်။”

မြန်မာအဖွဲ့ကို အားကစားနဲ့ ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလွင်က ဦးဆောင်ပြီး အားကစားသမား ၇ ဦးအပြင် အုပ်ချုပ်သူနဲ့ ရှေ့ပြေးစီစဉ်သူတဦး ပါဝင်သလို တိုက်ကွမ်ဒို အားကစား အတွက် မြန်မာဒိုင်တဦးလည်း ပါဝင်ပါတယ်။ မြန်မာအားကစားအဖွဲ့ဟာ Rio de Janeiro မြို့ကို ကျန်းကျန်းမာမာ ရောက်ရှိလာပြီဖြစ်ကြောင်းနဲ့ အစစ အဆင်ပြေတယ်လို့ မြန်မာအားကစားအဖွဲ့ကို သွားရောက်ကြိုဆိုခဲ့တဲ့ ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယအတွင်းဝန်က ပြောပါတယ်။

“မြန်မာအားကစားသမားအဖွဲ့ ရောက်တာကတော့ မနေ့ကည ၉ နာရီလောက်က ရောက်တာပါခင်ဗျ။ ကျနော်တို့ ဒီ အား/ကာ က ညွှန်ချုပ်ပါပါတယ်။ အားကစားနဲ့ ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလွင်။ သူဦးဆောင်ပြီးတော့ အားကစားသမား ၇ ယောက်နဲ့အတူ အုပ်ချုပ်သူကတော့ ဦးသန့်လွင်ပါခင်ဗျ။ အားကစားနည်းကတော့ ပြေးခုန်ပစ်ရယ်၊ ရေကူးရယ်၊ ဂျူဒိုရယ်၊ မျှားပစ်ရယ်၊ သေနတ်ပစ်ရယ်ပါခင်ဗျ။ ကျနော်တို့က မနေ့က သွားကြိုပြီးတော့ သူတို့က အားကစားရွာကို ဘရာဇီးလ်အိုလံပစ်ကော်မတီရဲ့ အစီအစဉ်နဲ့ အားကစားရွာကို ဆက်ထွက်သွားကြတယ်။ အားလုံး အဆင်ပြေပါတယ်။ အားလုံး ကျန်းကျန်းမာမာပဲ ရှိပါတယ်။ အားကစားအဖွဲ့မှာ ရှေ့ပြေးအဖွဲ့က ဆရာတယောက်လည်း ရှိပါသေးတယ်။ သူ့နာမည်က ဦးခွန်ကြာအောင်ပါ။ သူက ဇူလိုင် ၃၁ ရက်နေ့ကတည်းက ရောက်နေတာခင်ဗျ။ သူကတော့ ရှေ့ပြေးပေါ့။ သူက လိုအပ်တာတွေကို ဘရာဇီးလ်ဘက်နဲ့ ချိတ်ပြီးတော့ အားကစားအဖွဲ့ မလာခင်မှာ ကြိုစီစဉ်ထားတာတွေ ဘာတွေ လုပ်တာပေါ့။ အားလုံးပေါင်း ၁၀ ယောက်ရှိမှာပေါ့။ ဒီဂျီရယ်၊ ရှေ့ပြေးအဖွဲ့က ဦးခွန်ကြာအောင်ရယ်၊ နောက် အုပ်ချုပ်သူတယောက်ရယ်၊ ကျနော်တို့ အားကစားသမား ၇ ယောက်နဲ့ဆို ၁၀ ယောက်ပေါ့။ နောက်ပြီးတော့ ဒီ မနက်ဖြန်လား၊ သန်ဘက်ခါလား မသိဘူး။ ကျနော်တို့ အိုလံပစ်မှာ တိုက်ကွမ်ဒို ဒိုင်လုပ်မယ့် မစိုးစိုးမြဆိုတာ သူလည်း ရောက်လာလိမ့်မယ်။ အရင်တုန်းက ကစားသမားဟောင်းပါပဲ။”

မြန်မာအားကစားအဖွဲ့က ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားနည်း ၅ မျိုးထဲက သေနတ်ပစ် အားကစားနည်းမှာ မြန်မာလက်ရွေးစင် ရဲထွန်းနောင်၊ မြှားပစ်အားကစားနည်းမှာ စန်းယုထွေး၊ ဂျူဒိုပွဲစဉ်မှာ ရန်နောင်စိုး၊ ရေကူးမှာ အိအိသက်နဲ့ သင့်မြတ်တို့ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး ပြေးခုန်ပစ် အမျိုးသားပွဲစဉ်မှာ စန်းနိုင်နဲ့ အမျိုးသမီးပွဲစဉ်မှာ ဆွေလီမြင့်တို့ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ အခုလို အားကစားနဲ့ ဆက်နွယ်ပြီး သွေးစည်းညီညွတ်ဖို့အတွက် ရည်ရွယ်ကျင်းပတဲ့ အိုလံပစ် အားကစားပွဲတော်က နိုင်ငံတကာပြိုင်ပွဲမှာ မြန်မာပါဝင်နိုင်တာအတွက် ဂုဏ်ယူကြောင်း သံအမတ်ကြီးက ပြောပါတယ်။

“ကျနော်တို့နိုင်ငံက ဒီလို ပါဝင်ယှဉ်ပြိုင်နိုင်တယ်ဆိုတဲ့ အခြေအနေကိုက ဘာပဲဖြစ်ဖြစ် ဂုဏ်ယူစရာကောင်းနေပါပြီခင်ဗျ။ အောင်မြင်မှုရတယ်၊ မရဘူးဆိုတာကတော့ ဒါ အခြေအနေတွေနဲ့ ဆိုင်ပါတယ်။ ကျနော်တို့ရဲ့ အနေအထားတွေပေါ့။ လေ့ကျင့်မှုတွေ၊ ကျနော်တို့ရဲ့ အဆင့်အတန်းပေါ့နော် ဒါတွေပေါ်မှာ မူတည်မှာပါ။”

Rio အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ပြီးခဲ့တဲ့ စင်္ကာပူဆီးဂိမ်းပြိုင်ပွဲ အပြီးကတည်းက အားကစားသမားတွေ စတင်လေ့ကျင့်ခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် လန်ဒန်မှာ ကျင်းပခဲ့တဲ့ နွေရာသီ အိုလံပစ်ပွဲတော်တုန်းက မြန်မာအားကစားသမား ၆ ဦးသွားရောက်ခဲ့ပြီး ပြေးခုန်ပစ်၊ ဂျူဒို၊ မြှားပစ်၊ သေနတ်ပစ်နဲ့ လှေလှော်ပြိုင်ပွဲတွေမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ အခု ၂၀၁၆ ရီယို နွေရာသီ အိုလံပစ်ပြိုင်ပွဲဟာ မြန်မာနိုင်ငံပါဝင် ယှဉ်ပြိုင်တဲ့ ၁၇ ကြိမ်မြောက် အိုလံပစ်ပွဲပါ။ ၁၉၄၈ ခုနှစ်က စတင်တဲ့ လေးနှစ်တကြိမ်ကျင်းပတဲ့ နွေရာသီ အိုလံပစ်ပွဲတွေမှာ မြန်မာက နိုင်ငံရေး အခြေနေကြောင့် ၁၉၇၆ ခုနှစ်တုန်းက မသွားရောက်ခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG