သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်ပဉ္စမနေ့ အမေရိကန်ဆုတံဆိပ်အများဆုံးရ


ဘရာဇီးလ်နိုင်ငံ Rio de Janeiro မြို့မှာ ၅ ရက်မြောက်နေ့အဖြစ် ကျင်းပနေတဲ့ နွေရာသီ အိုလံပစ်ပြိုင်ပွဲတွေမှာ အမေရိကန်က ရွှေတံဆိပ် ၁၀ ဆု၊ ငွေတံဆိပ် ၁၁ ဆု၊ ကြေးတံဆိပ် ၉ ဆုနဲ့ စုစုပေါင်း ဆုတံဆိပ် ၃၀ နဲ့ ထိပ်ဆုံးမှာ ရှိနေတာပါ။

ဒုတိယရွှေတံဆိပ်အများဆုံးကတော့ တရုတ်နိုင်ငံဖြစ်ပြီး လက်ရှိ ရွှေတံဆိပ် ၉ ဆု၊ ငွေတံဆိပ် ၄ ဆု၊ ကြေးတံဆိပ် ၈ ဆုနဲ့ စုစုပေါင်း ၂၁ ရရှိထားပါတယ်။ တတိယနဲ့ စတုတ္ထနေရာတွေမှာတော့ ဂျပန်နဲ့ ဟန်ဂေရီနိုင်ငံတို့က ရရှိထားပါတယ်။ ရုရှားက ရွှေတံဆိပ် ၄ ဆုနဲ့ ပဉ္စမလိုက်နေတာ ဖြစ်ပါတယ်။

အားကစားနည်း ၅ မျိုးမှာ ဝင်ရောက်ပြိုင်ဆိုင်နေတဲ့ မြန်မာနိုင်ငံအသင်းက ဒီကနေ့ ကြာသပတေးနေ့မှာ မြားပစ်ပြိုင်ပွဲ၊ သောကြာနေ့မှာ အမျိုးသမီးရေကူးနဲ့ ပြေးခုန်ပစ်ပြိုင်ပွဲတွေမှာ ဆက်ပြီး ပြိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အင်္ဂါနေ့ညက အိုလံပစ်အားကစားပွဲ သတင်းယူကြမယ့် သတင်းထောက်တွေ လိုက်ပါလာတဲ့ ဘတ်စ်ကားတစင်း တိုက်ခိုက်ခံခဲ့ ရပါတယ်။ ဒီဘတ်စ်ကားမှာ လာပါလာတဲ့ အမေရိကန်နိုင်ငံသူ အားကစားသတင်းထောက် Lee Michaelson ကတော့ သေနတ်ပစ်ခတ် တာတွေကို ကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

အမေရိကန်လေတပ် အငြိမ်းစားဗိုလ်ကြီးဖြစ်ပြီး၊ အခုအခါ အမျိုးသမီး ဘတ်စ်ကက်ဘောပွဲအကြောင်း သတင်းယူနေတဲ့ သတင်းထောက် Lee ဟာ သေနတ်နဲ့ပတ်သက်တဲ့ သင်တန်းတွေတက်ခဲ့ဖူးသူဖြစ်သလို၊ လက်နက်မှုတွေမှာ လက်ထောက် အစိုးရရှေ့နေအဖြစ်နဲ့ အမှုထမ်းဖူးသူလည်း ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ သေနတ်ဆောင်ထားသူ ဖြစ်သလို၊ သေနတ်ပစ်ကွင်းတွေမှာ အပျော်တမ်း လေ့ကျင့်ခဲ့ဖူးသူ ဖြစ်တာကြောင့် သေနတ်သံဟာ ဘယ်လိုလဲဆိုတာကို ကောင်းကောင်း သိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG