သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နမ္မတူမြစ် ရေကာတာ စီမံကိန်းတွေ ရပ်ဆိုင်းထားဖို့ ဒေါ်စုကို တိုက်တွန်း


နမ္မတူမြစ် ( Photo-Shan Human Rights Foundation)
နမ္မတူမြစ် ( Photo-Shan Human Rights Foundation)

နမ္မတူမြစ်ပေါ်မှာ တည်ဆောက်နေတဲ့ ရေကာတာတွေ နဲ့ ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းဖို့ ဒေသခံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။ ဒီရေကာတာတွေ တည်ဆောက်တာဟာ ဒေသခံတွေအတွက် အကျိုးအမြတ်မရှိဘဲ ၊ နစ်နာဆုံးရှုံးမှုတွေပဲ ဖြစ်နေရတာကြောင့် ရပ်တန့်ဖို့တောင်းဆို လိုက်တာဖြစ်တယ် လို့ ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဒီကနေ့ နေ့စွဲနဲ့ ပေးပို့ထားတဲ့ အိတ်ဖွင့်ပေးစားမှာ အခုလို တောင်းဆိုထားတာဖြစ်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေး မှာဖြစ်ပါတယ်။

နမ္မတူမြစ်ပေါ်မှာ နော်ဝေးအစိုးရပိုင် SN Power ကုမ္ပဏီက ဆောက်လုပ်နေတဲ့ အလယ်ရဲရွာ ရေကာတာတည်ဆောက်နေတာနဲ့ ပတ်သက်ပြီး ဒေသခံတွေ နဲ့ ရှမ်းလူမှုအဖွဲ့အစည်းတွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကို အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့လိုက်တာပါ။

ရှမ်းတောင်သူလယ်သမားကွန်ယက်၊ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် နဲ့ ရှမ်းသဘာ၀ ပတ်ဝန်းကျင် အဖွဲ့တွေက ဒီကနေ့ မေလ၂၆ ရက်နေ့စွဲနဲ့ ပေးပို့လိုက်တဲ့ အိတ်ဖွင့်ပေးစာ နဲ့ ပတ်သက်ပြီး ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က စိုင်းခွန်မိုင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

"စာပေးရတဲ့ရည်ရွယ်ချက်ကတော့ အခု နမ္မတူရေကာတာပေါ်မှာ ငါးခုထဲမှာ တခုက ပြီးစီးသွားပြီ။ လေးခု မဆောက်ဖို့အတွက်ရယ် နောက် ရွာသူရွာသားတွေ မြစ်နဘေး မှာနေကြတဲ့ ဒေသခံတွေက သဘောမတူတဲ့အတွက်ကြောင့်မို့လို့ပေါ့လေ တကယ်လို့ ဒီရေကာတာ တည်ဆောက်မယ်ဆိုရင် သူတို့ရွာတင်မကဘူးပေါ့လေ။ သီပေါမြို့ အနီးနားတဘက်မှာ နေကြတဲ့ သီပေါမြို့က ဘေးနားကပါ ပါသွားမယ့်အတွက် ပြည်သူပြည်သားတွေက ကန့်ကွက် တာပေါ့။ ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ်ဆိုတော့ သူက ဒီကကိစ္စကို ဖြေရှင်းနိုင်မယ် လို့ထင်လို့ ကျနော်တို့ အိတ်ဖွင့်စာပေး လိုက်ရခြင်းဖြစ်တာပေါ့။"

ဒီရေကာတာတည်ဆောက်တာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ကလည်း နမ္မတူမြစ်ကို ကာကွယ်စု့ိ ဆိုတဲ့ အစီရင်ခံစာ တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအစီရင်ခံစာ မှာ နမ္မတူမြစ်ပေါ်တည်ဆောက်နေတဲ့ ရေကာတာတွေနဲ့ အလယ်ရဲရွာရေအား လျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေက စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ရေအားလျှပ်စစ်စီမံကိန်းကနေရရှိတဲ့ အကျိုးအမြတ်တွေကို အဲဒီမှာရှိတဲ့ ဒေသခံတွေ ဟာ မခံစားရသလို၊ ဖြစ်ပေါ်လာမယ့် ပြဿနာတွေကိုလည်း တာဝန်ခံပေးမယ့်သူ မရှိဘူးလို့ စိုင်းခွန်မိုင်ကပြောပါတယ်။

" နိုင်ငံတော်က လိုလို့ ဒီရေအားလျှပ်စစ်ကို လုပ်တယ်ဆိုပေမဲ့လည်း အားလုံးက နိုင်ငံခြားသားတွေနဲ့ လုပ်ပြီးတော့ နိုင်ငံခြားမှာ ပြန်ရောင်းတာလေ။ လက်ရှိရှိနေတဲ့ရေကာတာတွေ လုပ်တဲ့ဟာမှာမှ ရေအားလျှပ်စစ် ထုတ်တဲ့ဟာတွေကလည်း မြန်မာနိုင်ငံမှာ အများဆုံး သုံးတာ မဟုတ်ဘူးလေ။ သူများနိုင်ငံပဲ သုံးမယ့်အတွက်လည်း ပါတယ်။ သူများနိုင်ငံအတွက်ပဲ ပိုပြီး ပါတဲ့အတွက်ကြောင့်မို့လို့ နောက်ဖြစ်လာမယ့် ပြဿနာတွေက ဘယ်သူမှ တာဝန်မယူဘူးပေါ့။ တကယ်လို့ တာလုံရွာမှာ ရေအောက်ကို တကယ်နှစ်မြုပ်သွားမယ်ဆိုလို့ရှိရင် သူတို့ကိုပေးမယ့် မြေယာလျော် မှုတွေ နောက်ထပ်နေရာတွေ က အခုအချိန်အထိ နောက်ထပ် ကန့်သတ်ထားမှုတွေ မရှိသေးဘူး။"

ရေကာတာတွေတည်ဆောက်တဲ့နေရာမှာဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုထားခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။ ရေကာတာတည်ဆောက်တဲ့အတွက် မြစ်ကြောင်းတွေပျက်စီးစေသလို၊ အဲဒီပတ်ဝန်းကျင်က လယ်မြေတွေ၊ သစ်တောတွေ၊ သက်ရှိတွေရေအောက် မှာ နှစ်မြုပ် ပျက်စီးကုန်စေတဲ့အပြင် လတ်တလော မှာ ဒေသခံတွေရဲ့ လယ်ယာမြေ ဆုံးရှုံးမှုတွေနဲ့ ကြုံနေရတယ်လို့ ရှမ်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က စိုင်းခေးဆိုင်က ပြောပါတယ်။

" အခုလောလောဆယ်ကတော့ ဒေသခံတွေက သူတို့ လိမ္မော်ခြံနဲ့ သူတို့တောင်ယာတွေကို ပစ်ပြီးတော့ ပြေးရတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ့ဒေသမှာ ရှိနေတဲ့ခြံတွေကတော့ ဖျက်ဖို့ သူတို့ပြောလာတယ်။ ယခင်အစိုးရကတည်းက ရွှေ့ထားခိုင်းတယ်ခင်ဗျ။ လျော်ကြေး မပေးဘူးခင်ဗျ။ လျော်ကြေး မပေးဘူး။ "

ဒါ့အပြင် ရေကာတာတည်ဆောက်ရာမှာ ဆောက်လုပ်ရေးယာဉ်တွေသွားလာဖို့ ပေ ၂၀ ကျယ်လမ်းတွေဖောက်လုပ်တဲ့အတွက် ၊ အဲဒီလမ်းတလျှောက်မှာ ရှိတဲ့သူတွေဟာ မြေယာဆုံးရှုံးမှုတွေဖြစ်ပေါ်နေတယ်လို့ သူကပြောပါတယ်။ အဲဒီ ရေကာတာ တည်ဆောက်တဲ့နေရာဟာ မြန်မာနိုင်ငံမှာ အဆိုးဆုံးဖြစ်ခဲ့တဲ့ ငလျင်ပြတ်ရွေ့ကြော နဲ့ နီးသလို၊ အခုလတ်တလော ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားတဲ့နေရာနားမှာ ဖြစ်တာကြောင့် ရေကာတာဆောက်လုပ်မှုတွေကို ရပ်တန့်စေချင်တယ်လို့ စိုင်းခွန်းမိုင်ကပြောပါတယ်။

"ဒီရေကာတာနဲ့ပတ်သက်ပြီးတော့ ရွာသူရွာသားတွေရော ကျနော်တို့အဖွဲ့ရော နောက်ထပ် ရှမ်းသဘာဝ အဖွဲ့ရော နောက် တောင်သူ လယ်သမား အဖွဲ့ရော အားလုံး ကတော့ ပြည်သူပြည်သားတွေ ကတော့ အဲ့ဒီ့နမ္မတူအပေါ်မှာ တည်ဆောက်မယ့်ရေကာတာအားလုံးကို ရပ်စေချင်တာပေါ့။ ဘာမှ မလုပ်စေချင်ဘူးပေါ့။ သူ့သဘာဝအတိုင်းပဲ ဆက်လက်စီးဆင်းစေချင်တယ်။ ပိုပြီးတော့ရှင်သန်စေဖို့အတွက်ပါ။"

ဒါ့အပြင် နမ္မတူရေကာတာတည်ဆောက်တဲ့နေရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့၊ ဒီကနေဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို ဒေသခံပြည်သူတွေကို အသိပေးပြီး ၊ သဘောတူညီချက် ရယူဖို့ အပြင် သဘာဝသယံဇာတတွေကို ဗဟိုမှချုပ်ကိုင်မှု ရပ်တန့်ဖို့ စတာတွေကိုလည်း တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG