သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုးပါတီတွင်း စည်းမျဥိး မကိုက်ညီမှု အရေးယူဆောင်ရွက်ဖို့ ဥက္ကဌထံပန်ကြား


၂၀၁၅ ခုနှစ် နိုဝင်ဘာလက ပြုလုပ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ မဲဆွယ် စည်းရုံးရေး လှုပ်ရှားမှု တစ်ခုကိုတွေ့ရစဉ်။ ဓါတ်ပုံ - (AP Photo/Khin Maung Win)
၂၀၁၅ ခုနှစ် နိုဝင်ဘာလက ပြုလုပ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ မဲဆွယ် စည်းရုံးရေး လှုပ်ရှားမှု တစ်ခုကိုတွေ့ရစဉ်။ ဓါတ်ပုံ - (AP Photo/Khin Maung Win)

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ဟာ ပါတီစည်းမျဉ်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ခြင်းမရှိတာကို သုံးသပ်ပေးဖို့ လက်ရှိ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တချို့ အပါအဝင် စုစုပေါင်း ၁၂ ယောက်က ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်ဆီကို အိတ်ဖွင့်ပေးစာပေးလိုက်ပါတယ်၊ မေလ ၃၀ ရက်နေ့စွဲနဲ့ အိတ်ဖွင့် ပန်ကြားလွှာထဲမှာ ၂၀၁၅ သြဂုတ်လ ၁၂ ရက်နေ့တုန်းက ပါတီဌာနချုပ်ရုံးကို လုံခြုံရေး အင်အားသုံးပြီး စီးနင်းရှာဖွေခဲ့တဲ့ ကိစ္စဟာ တည်ဆဲဥပဒေတွေကို လိုက်နာခြင်းမရှိဘူးဆိုတာကို ထပ်မံထောက်ပြထားပြီး၊ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တချို့ဟာ ဒီကနေ့အထိ ပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွေနဲ့ မကိုက်ညီတဲ့ လုပ်ရပ်တွေကို ဆက်တိုက်လုပ်နေတယ်လို့ ဆိုထားပါတယ်။

အဓိကအားဖြင့် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်သစ်တွေကို ရွေးချယ် တင်မြှောက်ရမဲ့အစား တိုက်ရိုက်ခန့်အပ်မှုတွေလုပ်ခဲ့တာကို အိတ်ဖွင့်ပေးစာမှာ ထောက်ပြထားပါတယ်။ ၂၀၁၅ သြဂုတ်လ ၁၂ ရက်နေ့ ညအချိန်မှာ ပါတီဌာနချုပ်ရုံးကို စီးနင်း ရှာဖွေခဲ့ပြီး နောက်တရက် သြဂုတ်လ ၁၃ ရက်နေ့မှတော့ ကြံ့ခိုင်ရေးပါတီတွင်း အထူးအရေးပေါ် အစည်းအဝေး ခေါ်ယူကာ အဲဒီအချိန်က ပါတီ ပူးတွဲဥက္ကဋ္ဌတာဝန်ယူထားတဲ့ သူရဦးရွှေမန်းနဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တချို့ကို တာဝန်ကနေ အနားပေး ဖယ်ရှားခဲ့ပါတယ်။ ပြီးခဲ့တဲ့ April လတုန်းကလဲသူရဦးရွှေမန်းအပါအဝင် သူနဲ့ နီးစပ်တဲ့ ပါတီဝင်တချို့ကို ကြံ့ခိုင်ရေးပါတီဝင် အဖြစ်ကနေ ထုတ်ပယ်ပြစ်ခဲ့ပါတယ်။ ဒီလိုထုတ်ပယ် အနားပေးတဲ့ လုပ်ရပ်မှာ စွဲချက်တွေကို ကာယကံရှင်တွေကို အသိမပေး၊ ခုခံချေပခွင့်မပေးဘဲ မျက်ကွယ်မှာ တဖက်သတ်ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လဲ အိတ်ဖွင့်ပေးထားထဲမှာ ဖော်ပြထားပါတယ်။

နောက်တချက်ကတော့ ကြံခိုင်ရေးပါတီတွင်း အရေးပေါ် ပါတီညီလာခံခေါ်ပေးဖို့ ဗဟိုကော်မတီဝင် ၆၂% က တင်ပြတောင်းဆိုခဲ့ပေမဲ့ ပျက်ကွက်ခဲ့တဲ့အပြင်၊ ညီလာခံကိုယ်စားလှယ်အသစ်တွေကို စိတ်ကြိုက်ရွေးချယ်ပြီး ဒုတိယအကြိမ် ပါတီညီလာခံကို August လထဲမှာ ကျင်းပဖို့ ပြင်ဆင်နေတာဟာ ပါတီစည်းမျဉ်းတွေကို မလိုက်နာတာဖြစ်တယ်လို့လဲ ဆိုထားပါတယ်။ ခုလို အိတ်ဖွင့်ပေးစာထဲမှာ ထောက်ပြထားတဲ့ ကိစ္စတွေဟာ ပါတီတွင်းကိစ္စဖြစ်ပေမဲ့ နိုင်ငံနဲ့ ပြည်သူတွေအပေါ် တနည်းနည်းနဲ့ ရိုက်ခတ်စေတဲ့အတွက် ပါတီတွင်းဆောင်ရွက်ချက်တွေကို ပြန်လည်သုံးသပ်ပေးဖို့ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်ကို တောင်းဆိုထားပါတယ်။

အိတ်ဖွင့်ပေးစာမှာ လက်မှတ်ရေးထိုးထားသူ ၁၂ ယောက်ထဲမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ လက်ရှိနဲ့ အရင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေနဲ့ ပါတီဝင်တွေပါဝင်ကြပါတယ်။ သူရဦးရွှေမန်းဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်နေတဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ထဲမှာ ပါဝင်ကြသူတွေလဲဖြစ်ကြပါတယ်။ ပါတီဥက္ကဋ္ဌဦးသိန်းစိန်ဆီကို အိတ်ဖွင့်ပေးစာပေးလိုက်တဲ့ မေလ ၃၀ ရက်နေ့၊ တနင်္လာနေ့မှာပဲ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဟောင်းတချို့က ဒီကိစ္စနဲ့ပါတ်သက်လို့ နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ် ခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG