သုံးရလွယ်ကူစေသည့် Link များ

ကရင်လူငယ်ခေါင်းဆောင် စရှိုင်း ဖဒိုမန်းရှာဆုရ


ကရင်လူငယ်ခေါင်းဆောင် စရှိုင်း ဖဒိုမန်းရှာဆု လက်ခံယူစဉ်။ (Photo Credit to Phan Foundation )

ဒေသခံလူထုကို အကျိုးပြုနေတဲ့ လူငယ်ခေါင်းဆောင်တွေကိုရွေးပြီး ဖန်း ဖောင်ဒေးရှင်းက နှစ်စဉ် ပဒိုမန်းရှာဆု ချီးမြှင့်ပေးနေတဲ့ အထဲမှာ၂၀၁၅ခုနှစ်အတွက် ပဒိုမန်းရှာဆုကို ရသွားသူကတော့ ကရင်လူငယ်ခေါင်းဆောင် စရှိုင်းဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို မအိသန့် စင်က ပြောပြပေးမှာပါ။

စရှိုင်းဟာ ဘားအံလူငယ်ကွန်ယက်အဖွဲ့ ကို ပူးပေါင်းထူထောင်ခဲ့သူဖြစ်ပြီး လူမှုရေးနဲ့ ပညာရေးဖွံ့ ဖြိုးမှုဆိုင်ရာကိစ္စတွေအပြင်၊ လူငယ်တွေ လုပ်ငန်းခွင် အခွင့်အလမ်းတွေ ပိုရစေဖို့ ကြိုးပမ်းပေးနေသူလည်းဖြစ်ပါတယ်။ စရှိုင်းရဲ့ လုပ်ဆောင်မှုကြောင့် ကရင်လူငယ်အချို့ ဟာလည်း ပညာဆက်သင်ယူဖို့  ပညာသင်ဆုတွေ ရလာကြတာပါ။

ဒေသတွင်း လူမှုအသိုင်းအ၀ိုင်းတွေနဲ့  လက်တွဲပြီး ဒေသခံတွေရဲ့ အကျိုးကို ရှေးရှုတဲ့ လုပ်ရပ်တွေလုပ်ဆောင်တဲ့ စံပြလူငယ်ခေါင်းဆောင်ဖြစ်ရမယ်ဆိုတဲ့ စံသတ်မှတ်မှု နဲ့  ပြည့်စုံတဲ့ သူတွေရဲ့ အမည်စာရင်း တင်သွင်း လာတဲ့ အထဲကနေ ရွေးချယ် ဆုပေးတာလို့  ဖန်း ဖောင်ဒေးရှင်းက နန့် ဇိုရာဖန်းက ပြောပြပါတယ်။

"ဒီနှစ်က စရှိုင်းကဒီဆုကိုရပါတယ်။ ကျမတို့ အဓိက ရွေးတဲ့အချက်အလက်ပေါ့နော်။ အဓိက က သူက ဘားအံမှာပေါ့နော် လူငယ်ခေါင်းဆောင်တယောက်ဖြစ်တယ်။ သူက အမျိုးသား အတွက် အများအတွက် အနစ်နာခံပြီးတော့ အောင်မြင်စွာ လုပ်ဆောင်နိုင်တဲ့ အရည်အချင်းတွေ ရှိတယ်။ ပြီးတော့ သူ့မှာလည်း တခြားလူငယ် တွေအတွက် စံနမူနာဖြစ်ပြီးတော့ အတုယူလောက်တဲ့ လူငယ်ခေါင်းဆောင်ဖြစ်တယ် ပြီးတော့ သူ့ရဲ့လုပ်ဆောင်ချက်တွေက ကျမတို့အနေနဲ့ အသိအမှတ်ပြုတယ်။ နောက်တခါ သူ့ရဲ့လှုပ်ရှားမှုတွေ ထောက်ပံ့နိုင်ဖို့အတွက် ကျမတို့ အမေရိကန်ဒေါ်လာ ၂၀၀၀ ကျမတို့အဖွဲ့အစည်းက ချီးမြှင့်တာလည်းရှိပါတယ်။"

ဒီပဒိုမန်းရှာဆုရသူအနေနဲ့  အသိအမှတ်ပြုမှတ်တမ်းအပြင် သူရဲ့ ဒေသတွင်း လူမှုအသိုင်းအ၀ိုင်းဖွံ့ ဖြိုးရေးဆိုင်ရာ လုပ်ငန်းတွေ ဆက်လုပ်နိုင်ဖို့ ထောက်ပံ့ငွေ အဖြစ် ဒေါ်လာ ၂၀၀၀လည်း ချီးမြှင့်ခံရတာဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ရဲ့ ခေါင်းဆောင် တစ်ဦးလည်းဖြစ်ခဲ့တဲ့ ပဒိုမန်းရှာ လားဖန်းဟာ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့ မှာ လုပ်ကြံခံခဲ့ပြီး သေဆုံးသွားခဲ့တာပါ။

သူ့ ရဲ့ သားသမီး မောင်နှမ၄ ယောက်တို့ က ဆုံးသွားတဲ့ မိဘနှစ်ပါးကို ဂုဏ်ပြုတဲ့ အနေနဲ့ သူတို့  ရှိစဉ်ထဲက လုပ်ဆောင်ခဲ့တဲ့ လူမျိုးရေး၊ လူ့ အခွင့်အရေး ကိစ္စတွေကို ဆက်ပြီးတော့လုပ်ချင်တဲ့အတွက် ဖန်းဖောင်ဒေးရှင်းလို့ ဖွဲ့ စည်းပြီး ကရင်လူမှုရေး ကိစ္စတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပဒိုမန်းရှာဆုကို ချီးမြှင့်ပေးနေခဲ့တာ ခုဆို ၈နှစ်မြောက် ရှိနေပါပြီ။ ဖန်းဖောင်ဒေးရှင်း က ကရင်တိုင်းရင်းသားတွေရဲ့ ဆင်းရဲမှု လျှော့ချရေး၊ ပညာရေး၊ လူ့ အခွင့်အရေး ရပိုင်ခွင့်တွေနဲ့ ယဉ်ကျေးမှု ထိန်းသိမ်းရေးတို့ ကို ထောက်ပံ့ လုပ်ဆောင်နေ တာ ဖြစ်ပါတယ်။

XS
SM
MD
LG