သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ရေဘေး ဒုက္ခသည်တွေအတွက် အကူအညီလိုအပ်နေဆဲ


ပါကစ္စတန် ရေဘေးဒုက္ခသည်တွေအတွက် လှူဒါန်း ကူညီကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ဆက်လက်ပြီးတော့ ပံ့ပိုးပေးကြဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ သန်းပေါင်းများစွာသော ရေဘေးဒုက္ခသည်တွေကို ကယ်တင်ဖို့ ပါကစ္စတန်နိုင်ငံက ရုန်းကန် ကြိုးစားနေကြပါတယ်။

ကုလသမဂ္ဂက ခန့်မှန်းတဲ့ အကူငွေ ဒေါ်လာသန်းပေါင်း ၄၆၀ ရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို ပေးလှူခဲ့ကြပြီးတော့ ပေးလှူကြဖို့ ကတိကဝတ် ပြုခဲ့ကြပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က အလှူရှင်တွေကို ကျေးဇူးတင်စကား ပြောကြားပါတယ်။ ရေဘေးကယ်တင်ရေး အထွေထွေ ညီလာခံကြီးကို သောကြာနေ့မှာ ဆက်လက် ကျင်းပပြီးတော့ မစ္စတန် ဘန်ကီမွန်းက ပါကစ္စတန်နိုင်ငံဟာ သီတင်းပတ်သာမက လနဲ့ချီ နှစ်နဲ့ချီပြီးတော့ အကူအညီတွေ လိုအပ်နေမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

အားကြီးတဲ့ မုတ်သုန်မိုးကြောင့် အခုလို ရေဘေးကြီး ဖြစ်လာပြီး ပါကစ္စတန်နိုင်ငံရဲ့ ငါးပုံတစ်ပုံလောက် ရေလွှမ်းမိုးသွားပါတယ်။ လူ သန်းပေါင်း ၂၀ ကျော်လောက် ဒုက္ခရောက်ကြရပြီး ၁,၆၀၀ လောက် အသက်ဆုံးရှုံးကြရပါတယ်။ ရွာတွေ၊ လမ်းတွေ၊ တံတားတွေ၊ အခြေခံ အဆောက်အဦးတွေ၊ ကောက်ပဲသီးနှံတွေနဲ့ ကျွဲတွေနွားတွေ ရေထဲမျောပါကုန်ပါတယ်။

လူပေါင်း ၈ သန်းလောက်ကို အရေးပေါ် လူလူချင်း စာနာမှု အကူအညီတွေ ပေးဖို့ လိုနေပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ အဲဒီအထဲက လူအများစုဟာ ရေဘေးလွတ်ရာကို အဝတ်တထည် ကိုယ်တခုနဲ့ ပြေးကြရတာဖြစ်ပါတယ်။ အိန္ဒိယက ပါကစ္စတန် ရေဘေးအတွက် သောကြာနေ့မှာ ဒေါ်လာ ၅ သန်း အကူအညီပေးပါတယ်။ ဒီနှစ်နိုင်ငံဟာ နှစ်ရှည်လများ ရန်ဘက်တွေ ဖြစ်ခဲ့ကြပြီး စစ်ပွဲကြီး ၃ ပွဲ ဖြစ်ခဲ့ကြရပါတယ်။ အခုလို အိန္ဒိယက အကူအညီပေးခြင်းဟာ ကောင်းမြတ်တဲ့ ချစ်ကြည်ရေး လက္ခဏာတရပ်ပဲ ဖြစ်ပါတယ်။

XS
SM
MD
LG