သုံးရလွယ်ကူစေသည့် Link များ

ပါကစ္စတန် တောင်ပိုင်း ရေဘေး အန္တရာယ်နဲ့ ရင်ဆိုင်နေရ

  • ဗွီအိုအေ (မြန်မာဌာန)

ပါကစ္စတန်နိုင်ငံ ရေကြီးမှုဟာ နိုင်ငံ အနောက်မြောက်ပိုင်းကနေ တောင်ပိုင်းကို ဆက်သွားနေတဲ့အတွက် နိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံး နေရာတွေက လူပေါင်း ထောင်ပေါင်းများစွာဟာ ရေဘေးလွတ်ရာ ထွက်ပြေးနေကြပါတယ်။

မုတ်သုန်မိုး ဆက်ရွာဖို့ ခန့်မှန်းထားတာကြောင့် ပန်ဂျပ်ဘ် (Punjab) ပြည် အလယ်ပိုင်းနဲ့ ဆင်းဒ် (Sindh) ပြည်နယ် တောင်ပိုင်းက ပြည်သူတွေကို စစ်တပ်က ဘေးလွတ်ရာ ကူညီ ပြောင်းရွှေ့ပေးနေပါတယ်။

နိုင်ငံ အနောက်မြောက်ပိုင်းမှာ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၃,၀၀၀,၀၀၀ ကျော်လောက် အိုးအိမ်နဲ့ စိုက်ခင်းတွေ ပျက်စီး ဆုံးရှုံးခဲ့ပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေ ရှားပါးမှုတွေကို ရင်ဆိုင်နေကြရပါတယ်။ ရေကြီးမှုကြောင့် အနည်းဆုံး လူပေါင်း ၁,၅၀၀ လောက် သေဆုံးခဲ့ပါတယ်။

ပါကစ္စတန်အစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ကက်ရှ်မီးယား (Kashmir) ဒေသမှာလည်း ရေလျှံနေတဲ့ ချောင်းထဲ ဘတ်စ်ကား ၁ စီး ထိုးကျသွားတဲ့အတွက် လူ ၂၀ ထက်မနည်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ကုလသမဂ္ဂ အဖွဲ့ကို သွားရောက် အားဖြည့်ဖို့ အထူးသံတမန် Jean-Maurice Ripert ကို အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပါကစ္စတန်ကို စေလွှတ်ထားပါတယ်။

အစိုးရရဲ့ ရေဘေးကယ်ဆယ်ရေး လုပ်ငန်း နှေးကွေးနေတယ်လို့ ဒေသခံတွေက ပြောဆို ဝေဖန်နေတဲ့အပေါ် ပါကစ္စတန် ခေါင်းဆောင်တွေက အမျက်ထွက်နေကြပါတယ်။ အခုလို အရေးပေါ် အခြေအနေကြားမှာ သမ္မတ အဆစ်ဖ် အလီ ဇာဒါရီ (Asif Ali Zadari) က ဥရောပ ခရီးစဉ်ကို မဖျက်ဘဲ သွားနေတဲ့ အပေါ်လည်း အများက မေးခွန်းထုတ်နေကြပါတယ်။

XS
SM
MD
LG