သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ရေဘေး အစ္စလာမ် စစ်သွေးကြွတို့ အခွင့်ကောင်းယူနိုင်


ပါကစ္စတန်နိုင်ငံမှာ နောက်ထပ် ရေကြီးမှုတွေ ဖြစ်လာနိုင်တဲ့ တောင်ပိုင်းမြို့ ၃ ခုက လူပေါင်း ၄၀၀,၀၀၀ လောက်ကို ဘေးလွတ်ရာ သွားကြဖို့ ပါကစ္စတန် တာဝန်ရှိသူတွေက တိုက်တွန်းနေပါတယ်။

ဆင်းဒ် (Sindh) ပြည်နယ်ထဲမှာ စီးဆင်းနေတဲ့ အိန္ဒု မြစ်ကြောတလျှောက် တာတမံတွေ ကျိုးသွားခဲ့တဲ့နောက် အခုလို သတိပေးချက် တွေကို သက်ဆိုင်ရာက ထုတ်ပြန်ခဲ့တာပါ။

ဆူဂျာဝါလ်၊ မီယာပါ ဘာတိုရိုနဲ့ ဒါရိုမြို့တွေ ရေကြီးနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သတ္တခရိုင်မှာ လူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရေးမှာ အကူအညီပေးဖို့ စစ်တပ်ကို ဆင့်ခေါ်ခဲ့ပါတယ်။

ပါကစ္စတန် တချို့နေရာတွေမှာ ရေတွေ ပြန်ကျနေပေမဲ့ အာရေဗျပင်လယ်ထဲမှာ ဒီရေတက်မှုကြောင့် ဆင်းဒ်ပြည်နယ်မှာ နောက်ထပ် ရေကြီးမှုတွေ ထပ်ဖြစ်နိုင်တဲ့ အလားအလာ များနေတယ်လို့ သက်ဆိုင်ရာက ပြောပါတယ်။

မုတ်သုန်မိုး ရွာသွန်းမှုတွေကြောင့် လွန်ခဲ့တဲ့ တလလောက်ကတည်းက ရေကြီးနေတာဖြစ်ပြီး လူပေါင်း ၁,၆၀၀ လောက် သေဆုံးခဲ့ပါတယ်။ ရေဘေးဒုက္ခဒဏ် ခံနေရတဲ့ လူပေါင်းကလည်း သန်း ၂၀ လောက် ရှိပါတယ်။

ဘေးဒုက္ခ ရောက်နေချိန်မှာ စစ်သွေးကြွတွေက အခြေအနေကို အခွင့်ကောင်းယူသွားမှာကို သတိထားကြဖို့ကိုလည်း ပါကစ္စတန်နဲ့ အမေရိကန် တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ကူညီ ကယ်ဆယ်ရေးတွေ လုပ်ပေးနေကြတဲ့ နိုင်ငံခြားသားတွေကို ပါကစ္စတန် တာလီဘန်တွေက ပစ်မှတ်ထား တိုက်ခိုက်နိုင်တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် တာဝန်ရှိသူ တယောက်က နိုင်ငံတကာ သတင်းဌာနတွေကို ပြောခဲ့ပါတယ်။

ဒီလိုသာ တိုက်ခိုက်မယ်ဆိုရင် လူမဆန်တဲ့ တိုက်ခိုက်မှု ဖြစ်လိမ့်မယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှု အကူအညီ ပေးရေးဆိုင်ရာ ပြောခွင့်ရသူ မော်ရီဇီယို ဂီယူလီယာနို (Maurizio Giuliano) က ပြောပါတယ်။

XS
SM
MD
LG