သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်ရင်ဆိုင်


အီဂျစ်သမ္မတ မိုဟာမက်မော်ရ်စီကို ဆန့်ကျင်ကန့်ကွက်တဲ့ လူထုဆန္ဒပြပွဲကို ကိုင်ရိုမြို့မှာ ဒီနေ့ ဗုဒ္ဒဟူးနေ့မှာလည်း ဆက်လက် ဆင်နွှဲနေပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်နေကြဆဲပါ။

ကိုင်ရိုမြို့ရှိ အမေရိကန်သံရုံးအနီးက လမ်းမပေါ်မှာ ခဲတွေနဲ့ပေါက်နေကြတဲ့ ဆန္ဒပြ လူအုပ်ကြီးကို ရဲတွေက မျက်ရည်ယိုဗုံးနဲ့ လူစုခွဲခဲ့ရပါတယ်။ တာဟီရာရင်ပြင်မှာလည်း အီဂျစ်ပြည်သူလူထုက ဒီနေ့ ထိုင်သပိတ်နဲ့ ကန့်ကွက်နေကြပါတယ်။

သမ္မတမော်ရ်စီက နိုဝင်ဘာလ ၂၂ ရက်နေ့က သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကို တိုးသတ်မှတ်လိုက်တဲ့ အမိန့်ပြန်တမ်းအရ တရားရေးစီရင်ရေးအာဏာပိုင်တွေအနေနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို စိန်ခေါ်နိုင်ခွင့် မရှိပါဘူး။

Mr. Morsi က အချုပ်အခြာအာဏာဆိုင်ရာ ကိစ္စရပ်တွေမှာ သူ့ရဲ့လုပ်ပိုင်ခွင့်ကို ကန့်သတ်မှာဖြစ်တယ် လို့ နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး တရားရေးကောင်စီနဲ့ တနင်္လာနေ့တုန်းက တွေ့ဆုံစဉ် ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတမော်ရ်စီက အာဏာကို လုံးဝဥဿုံ ချုပ်ကိုင်တားပြီး အချုပ်အခြာ အာဏာဆိုင်ရာ ကိစ္စရပ်ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆို ထားခြင်း မရှိဘူးလို့ဆိုပါတယ်။

အတိုက်အခံတွေကတော့ သမ္မတမော်ရ်စီဟာ အာဏာရှင်တယောက်လို နိုင်ငံကို ချုပ်ကိုင်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲပြီး အဲဒီအမိန့်ပြန်တမ်းကို ဖျက်သိမ်းဖို့ တောင်းဆိုနေကြပါတယ်။
XS
SM
MD
LG