သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် မဲရုံစနစ် ကျားဖြူကန့်ကွက်


ဖားကန့် မဲရုံစနစ် ကျားဖြူကန့်ကွက်
ဖားကန့် မဲရုံစနစ် ကျားဖြူကန့်ကွက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ ၁၅ ခုအတွင်းမှာ မဲရုံထားရှိတာနဲ့ ပတ်သက်ပြီး ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ရုံးကို မနေ့က ကန့်ကွက်စာ တင်လိုက်ပါတယ်။ ဒီလို ကန့်ကွက်တာဟာ ကုမ္ပဏီပိုင်ရှင်တွေက မဲပေးရာမှာ သူတို့ဝန်ထမ်းတွေအပေါ် တစုံတရာ လွှမ်းမိုးတာမျိုးတွေ ရှိနိုင်တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဖားကန့်ဒေသဟာ မြန်မာပြည် အနှံ့အပြားက သောင်းနဲ့ချီတဲ့ ကျောက်တူးသမားတွေနဲ့ ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီ ဝန်ထမ်းတွေ လာရောက် အလုပ်လုပ်ကိုင်ရာ နေရာ ဖြစ်ပါတယ်။ ဖားကန့်ဒေသကို လာရောက် အလုပ်လုပ်သူတွေကို သက်ဆိုင်ရာ ကျောက်ကုမ္ပဏီ အတွင်းမှာပဲ မဲရုံအသစ်တွေ ထားရှိပြီး မဲပေးကြဖို့အတွက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က ဒီရက်ပိုင်းတွေ အတွင်းမှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဒီလို ကြေညာလိုက်တာကို ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ကန့်ကွက်စာ တင်ခဲ့တယ်လို့ ဖားကန့်ဒေသခံ ပါတီ တာဝန်ရှိသူ တယောက်က အခုလို ပြောပါတယ်။

“ကုမ္ပဏီတွေက ကုမ္ပဏီထဲမှာပဲ မဲရုံလုပ်တယ်။ လုံခြုံရေးကတော့ မီးသတ်နဲ့ ရဲကတော့ အပြင်က ထည့်ပေးတာပေါ့၊ ကော်မရှင်က။ ကျန်တာအားလုံး ကုမ္ပဏီကပဲ လုပ်တယ်ဆိုတော့ ပြည်သူတွေကလည်း ဒီအပေါ်မှာ သံသယတွေ ဖြစ်နေတော့ ကျနော်တို့က အဲဒါကို ရှင်းရှင်းလင်းလင်း ပြည်သူတွေလည်း သံသယရှင်းအောင် ဆိုပြီးတော့ ကုမ္ပဏီထဲမှာ မလုပ်ပေးပါနဲ့၊ ဒီ နီးစပ်ရာ မဲရုံမှာ ထည့်ပေးပါ၊ လုပ်ပေးပါ ဆိုပြီးတော့ အဲလိုပဲ ကျနော်တို့က လူနဲ့သွားတွေ့ပြီးတော့ ပြောတဲ့အချိန်မှာ ကော်မရှင်ကနေပြီးတော့ ကျနော်တို့ကို တရားဝင် စာတင်ပေးပါဆိုတော့ အဲဒါနဲ့ ကျနော်တို့က စာကို ဒီနေ့မနက် အစောကြီးမှာပဲ တင်လိုက်တယ်ခင်ဗျ။”

ရွေးကောက်ပွဲ ကော်မရှင်က အခုလို ကုမ္ပဏီတွေ အတွင်းမှာ မဲရုံတွေ ထားရှိတာဟာ သွားလာရတာ ဝေးတာကြောင့်လို့ အကြောင်းပြပေမဲ့ ကုမ္ပဏီအတွင်းက မဲရုံတွေဟာ ပြင်ပမဲရုံတွေနဲ့ အများဆုံး ၃ ဖာလုံလောက်သာ ကွာဝေးတယ်လို့ ဆိုပါတယ်။

အခုလို စာတင် ကန့်ကွက်ရတာကတော့ ကုမ္ပဏီအတွင်းမှာ မဲပေးမယ်ဆိုရင် ကုမ္ပဏီ ဝန်ထမ်းတွေဟာ ကုမ္ပဏီပိုင်ရှင်ရဲ့ အလိုကျ မဲပေးရမယ့် အခြေအနေ ရှိနေပြီး ကုမ္ပဏီ ပိုင်ရှင်တွေကလည်း လက်ရှိ အာဏာပိုင်တွေနဲ့ ဆက်စပ်နေတာကြောင့် ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“သူတို့ရဲ့ ကုမ္ပဏီထဲမှာ မဲရုံ သီးသန့်ဆောက်တယ်။ ဆောက်ပြီးတော့ ကုမ္ပဏီ ဝန်ထမ်းတွေကို တကယ်လို့ ကျနော်တို့ဘက်က ထည့်ချင်တဲ့ မဲဆန္ဒရှင်မျိုး ရှိခဲ့ရင် သူတို့က လောပန်းတွေရဲ့ အိုင်ဒီယာအတိုင်းပဲ သွားရတော့မှာပေါ့။ ဘာလဲဆိုတော့ လောပန်းကလည်း သူတို့နဲ့ အဆက်အစပ်ရှိတယ်။”

အခုလို ကုမ္ပဏီ မဲရုံတွေ အတွင်းမှာ မဲပေးရမယ့် လူကတော့ ဖားကန့်ဒေသမှာ အနည်းဆုံး ၂၀,၀၀၀ လောက်ရှိတာ ဖြစ်ပါတယ်။ အရင်က သူတို့ကို မဲဆန္ဒရှင် စာရင်းအဖြစ် ထည့်သွင်းတာ မရှိခဲ့ဘဲ ဒီရက်ပိုင်းမှ နောက်ဆက်တွဲ စာရင်းအဖြစ် ထည့်သွင်းတာလည်း ဖြစ်တယ်လို့ ပြောပါတယ်။

“ဒီကုမ္ပဏီတွေမှာ စာရင်းမကောက်ဘူး။ သူတို့က မထည့်တော့ဘူး။ အဲလိုပုံစံမျိုးနဲ့ ဒီတိုင်းနေပြီးတော့ အခု ဒီ ၃၀ ရက်နေ့မှ စာရင်းရောက်လာတယ်ဗျာ။ နောက်တိုးစာရင်း ဆိုပြီးတော့။ နောက်တိုးလူစာရင်းက အားလုံး ၃၀,၀၀၀ လောက်ရှိတယ်။ အဲဒီထဲမှာ ၂၀,၀၀၀ လောက်က ကုမ္ပဏီထဲမှာပဲ မဲရုံလုပ်တယ်၊ ၁၇ ခုက၊ အပြင်မှာက ၂ ခု၊ အားလုံးက ကုမ္ပဏီထဲမှာက ၁၅ ခု။”

အခြား ဒေသခံ တယောက်ကတော့ အခုလို ခြောက်သွေ့ရာသီမှာ တခြားဒေသကနေ ဖားကန့်မြို့ကို လာရောက် အလုပ်လုပ်သူ နေ့စဉ် ရာဂဏန်းကနေ ထောင်ဂဏန်းထိ ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမဲ့ လာရောက်သူ အများစုကတော့ စီးပွားရေးကိုသာ စိတ်ဝင်စားပြီး နိုင်ငံရေးကို စိတ်မဝင်စားကြဘူးလို့ ပြောပါတယ်။

“ဒီကတော့ ဘာမှ ထူးထူးခြားခြားတော့ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ စီးပွားရေး နယ်မြေလည်း ဖြစ်တာက တကြောင်းပေါ့ဗျာ။ ဒီ နိုင်ငံရေး အပိုင်းတွေကို စိတ်မဝင်စားတဲ့ သူတွေက များတယ်။ ရှင်းရှင်းပြောမယ် ဆိုရင်တော့ ဒီမဲဆန္ဒကတော့ ကျနော်တို့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေကတော့ အားလုံး စိတ်မဝင်စားဘူးပေါ့ဗျာ။ စီးပွားရေးကိုပဲ စိတ်ဝင်စားတယ်။”

အခုလို နောက်တိုးမဲစာရင်း ထုတ်ပြန်ကြေညာချိန်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံမယ့် အရင် မြောက်ပိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ် အုန်းမြင့် ဖားကန့်ဒေသအတွင်း လာရောက်ပြီး မဲဆွယ် စည်းရုံးရေး ဆင်းနေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

မြန်မာပြည်တဝန်းမှာတော့ မဲပေးရမယ့်သူတွေ စာရင်းကို စက်တင်ဘာလ ၂၀ ရက်နေ့တည်းက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG