သုံးရလွယ်ကူစေသည့် Link များ

ဖိလစ်ပိုင်တောင်ပိုင်းရှိ ကန်တပ်တွေ ရုပ်သိမ်းပေးဖို့ Duterte လိုလား


Laos ASEAN Summit တွင် ဖိလစ်ပိုင် သမ္မတ Duterte စကားပြောစဉ်
Laos ASEAN Summit တွင် ဖိလစ်ပိုင် သမ္မတ Duterte စကားပြောစဉ်

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေအားလုံးကို နိုင်ငံထဲကနေ ထွက်သွားစေချင်တယ်လို့ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ကပြောကြားလိုက်ပါတယ်။

မွတ်ဆလင်အစွန်းရောက်တွေကို တိုက်ခိုက်နေတဲ့ ဖိလစ်ပိုင်တောင်ပိုင်းဒေသခံတပ်ဖွဲ့တွေကို အမေရိကန်တပ်တွေက ကူညီအကြံပေးနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသတွင်းမှာ မွတ်ဆလင်စစ်သွေးကြွတွေ မငြိမ်မသက်ဖြစ်နေတာဟာ အမေရိကန်ကြောင့်လို့ သမ္မတ Duterte က ဖိလစ်ပိုင်အစိုးရသစ်ကို တနင်္လာနေ့က မိန့်ခွန်းပြောစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ သူပုန်တွေကို နှိမ်နှင်းတဲ့ စစ်ဆင်ရေးကို တိုးမြှင့်လုပ်နေချိန်မှာ အမေရိကန်တွေဟာ IS စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွယ်နေတဲ့ Abu Sayyaf သူပုန်တွေအတွက် အကြီးအကျယ် ပြစ်မှတ်ထားစရာ ဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတက ဆိုပါတယ်။

အမေရိကန်တပ်တွေကို ဘယ်တော့နောက်ဆုံးထားပြီး ဘယ်လိုတပ်ရုတ်သိမ်းမှုတွေ လုပ်မှာလဲ ဆိုတာကိုတော့ သူက ပြောကြားခြင်းမရှိပါဘူး။ ခုလို သမ္မတ Duterte ရဲ့ပြောကြားမှုဟာ အမေရိကန်ရဲ့ ဆောင်ရွက်မှုကို အထောက်အကူ မပြုဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနက တုံ့ပြန်ပါတယ်။ အမေရိကန်တွေ ရုပ်သိမ်းပေးဖို့ ဖိလစ်ပိုင်အစိုးရဖက်က တစုံတရာ ဆက်သွယ် ပြောကြားတာမျိုး မကြားသေးဘူးလို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ John Kirby ကပြောပါတယ်။အမေရိကန်အနေနဲ့ မဟာမိတ် ဖိလစ်ပိုင်နိုင်ငံအပေါ် ကူညီဖို့ သဓိဌာန်ချထားတဲ့အတိုင်း ဆက်ပြီးဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူကပြောကြားခဲ့ပါတယ်။

Mr. Duterte ဖိလစ်ပိုင်သမ္မတ ဖြစ်လာတဲ့ June လ ထဲကစလို့ အမေရိကန် လုံခြုံရေးဆိုင်ရာ မူဝါဒတွေကို ပွင့်ပွင့်လင်းလင်းဝေဖန်ခဲ့ပါတယ်။ ဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေးမူဝါဒကို အမေရိကန်အပေါ် အားကိုးနေရတဲ့ မူဝါဒမျိုး မဖြစ်စေရဘူးလို့လည်း ရွေးကောက်ပွဲမဲဆွယ်မှုတွေတုန်းက ကတိပေးခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလဲ သမ္မတ Barack Obama ကိုရည်ညွှန်းပြီး ရင့်ရင့်သီးသီး စော်ကားပြောခဲ့တာကြောင့် လာအိုနိုင်ငံမှာကျင်းပတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲတွေအတွင်း သမ္မတအိုဘားမားနဲ့ သီးသန့်တေ့ွဆုံမယ့်အစီအစဉ်ကို အမေရိကန်ဘက်က ဖျက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG