သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သံအမတ်ကြီး ကချင်ခရီး တနင်္ဂနွေစတင်


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Scot Marciel
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Scot Marciel

အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေပြန်ဖြစ်လာနေလို့ စစ်မီးမငြိမ်းနိုင်သေးတဲ့ ကချင်ပြည်နယ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရောက်ရှိလာမယ့်အပေါ် စစ်ပြေးဒုက္ခသည်အရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ အစိုးရတာဝန်ရှိသူတွေကို တွန်းအားပေးနိုင်မယ်လို့ ကချင်အရေး လှုပ်ရှားသူတွေဘက်က အကောင်းမြင်မျှော်လင့်ကြိုဆိုကြပါတယ်။ အမေရိကန်သံအမတ်ကြီး Scot Marciel ဟာ တနင်္ဂနွေနေ့ကစလို့ ကချင်ပြည်နယ်ကို သုံးရက်တာခရီး သွားရောက်မှာဖြစ်ပြီး သူ့ကချင်ပြည်နယ်ပထမခရီးစဉ်တွင်း အမေရိကန်ပြည်ထောင်စု အနေနဲ့ ကချင်ပြည်နယ်မှာ ဘယ်လိုအကူအညီပေးနိုင်မလဲဆိုတာကို ဒေသခံတွေရဲ့ အသံကိုနားထောင်ဆွေးနွေးသွားမယ်လို့ ရန်ကုန်အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပေးပါမယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေချိန်မှာပဲ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ဟာ ကချင်ပြည်နယ်ကို ပထမဆုံးအကြိမ်ခရီးစဉ်အဖြစ် သွားရောက်မှာဖြစ်ပါတယ်။ မနက်ဖြန် တနင်္ဂနွေနေ့ စက်တင်ဘာလ ၂၅ရက်နေ့ကစလို့ သုံးရက်တာကြာမြင့်မယ့် အမေရိကန်သံအမတ်ကြီး Scot Marciel ရဲ့ ကချင်ပြည်နယ်ခရီးစဉ်အတွင်းမှာ ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ ဘာသာရေးအသင်းအဖွဲ့တွေက ခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့တွေ၊ ဒေသခံပြည်သူတွေ နဲ့ တွေ့ဆုံပြီး ကချင်ပြည်နယ်တွင်း အမေရိကန်ပြည်ထောင်စုဘက်က အကူအညီပေးနိုင်ရေးကိစ္စတွေ၊ နောင်အနာဂတ်မှာ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာတွေကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားတာပါ။ ကချင်ပြည်နယ်ကို ပထမအဆုံးအကြိမ်သွားမယ့် အမေရိကန်သံအမတ်ကြီးအတွက် ဘယ်လိုသတင်းစကားတွေပါးချင်လဲ၊ ဘယ်လိုအကြံညဏ်တွေ ပေးချင်ပါသလဲဆိုတာကို အကြံပြုပြောကြဖို့ကိုလည်း ဖိတ်ခေါ်ထားပါတယ်။

အခုလို ကချင်ပြည်နယ်ကို ပထမဆုံးအကြိမ်ရောက်ရှိလာမယ့် အမေရိကန်သံအမတ်ကြီး အနေနဲ့ ကချင်ပြည်နယ်အစိုးရ၊ ဒေသခံပြည်သူတွေ နိုင်ငံရေး၊ လူမှုရေးခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီးတဲ့နောက် ကချင်ပြည်နယ်အရေး ပြည်နယ်အစိုးရနဲ့ပြည်ထောင်စုအစိုးရကို တိုက်တွန်းဖိအားပေးနိုင်တာတွေ ရှိလာမယ်လို့ သူ့ကချင်ပြည်နယ်ခရီးစဉ်အပေါ် အကောင်းမြင်မျှော်လင့်ချက်ရှိပါတယ်။ ကချင်ပြည်နယ် ဒီမိုကရေစီပါတီရဲ့ဥက္ကဋ္ဌ ( Kachin State Democracy Party (KSDP) ဒေါက်တာ တူးဂျာအမြင်ကတော့-

“နိုင်ငံကြီးတခုက သံအမတ်ကြီးဆိုတော့ သူလုပ်နိုင်တာတွေအများကြီးရှိပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဒီပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို တထောင့်တနေရာက အတတ်နိုင်ဆုံး ကူညီနိုင်တဲ့ဘက်က ကူညီဖို့ ဆန္ဒရှိမှာပါ။ ဒါကြောင့်မို့လို့ ဒီမှာ ဖြစ်ပျက်နေတာကို သူအသေအချာလေ့လာပြီးတော့မှာ တကယ်လိုအပ်မှုအပေါ်မှာ အစိုးရကိုရော၊ တပ်မတော်ကိုရော၊ သက်ဆိုင်ရာကို သူအကြံပေးသွားနိုင်ဖို့ ရှိတယ်လို့ ကျွန်တော်ယူဆတယ်။ ဒါကြောင့် သူလာရောက်ခြင်းက အင်မတန်ကောင်းပါတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်အတွက်သာမက ကျွန်တော်တို့ တနိုင်ငံလုံးအတွက် ဒါဟာ ကောင်းတဲ့ခရီးစဉ်တရပ်ဖြစ်တယ်လို့ ကျွန်တော် ခံယူပါတယ်။ “

ကချင်ပြည်နယ် ဒီမိုကရေစီပါတီရဲ့ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာဟာ အမေရိကန်သံအမတ်ကြီးနဲ့ လာမယ့် စက်တင်ဘာလ ၂၇ရက်နေ့ ကချင်ပြည်နယ် မြစ်ကြီးနားမှာ တွေ့ဆုံမှာဖြစ်ပါတယ်။ သူ့အနေနဲ့နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်သမ္မတ အိုဘားမားက စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးလိုက်တဲ့အပေါ် မူအားဖြင့်ကြိုဆိုပေမဲ့လို့ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသေးတဲ့ စိန်ခေါ်အကဲစမ်းမှုတွေနဲ့ပတ်သက်လို့ ဆက်လက်စောင့်ကြည့်ဖိအားပေးသင့်တယ်ဆိုတာကို အဓိက ဆွေးနွေးမယ်လို့ လည်း ဒေါက်တာတူးဂျာက ပြောပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အမေရိကားကို ရောက်တဲ့အခါမှာ သူ့ရဲ့ တင်ပြချက်တွေ၊ လုပ်ဆောင်ချက်တွေအပေါ်မှာ သုံးသပ်ပြီးတော့မှ အမေရိကန်သမ္မတက စီးပွါးရေးပိတ်ဆို့မှု Sanctions တွေရုပ်သိမ်းပေးတာတွေ၊ အဲ့ဒီကိစ္စကို ကျွန်တော်တို့က မူအားဖြင့် ကြိုဆိုပါတယ်။ ဒါပေမယ့်လည်း မယ်မယ်ရရ ခိုင်မာတဲ့ နိုင်ငံရေးသဘောတူညီချက်တခုခုမရရှိသေးပဲနဲ့ ဒါတွေအားလုံးကိုရုပ်သိမ်းလိုက်မယ်ဆိုရင် နည်းနည်းစောသေးသလားဆိုတာကိုတော့ ကျွန်တော်တို့ တင်ပြချင်တာရှိတယ်။“

ဒါ့အပြင် အရပ်သားအစိုးရလက်ထက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မယ်လို့ ကြွေးကြော်ထားတဲ့ ၂၁ရာစုပင်လုံညီလာခံအပြီး ကချင်ပြည်နယ်တွင်းမှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ပြင်းထန်လာတဲ့အပေါ်မှာလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပူးပေါင်းကူညီဆောင်ရွက်မယ်လို့ပြောဆိုထားတဲ့အတွက် ဒီစစ်ရေးတင်းမာမှုတွေအရေးလည်း ထည့်သွင်းဆွေးနွေးမယ်လို့ ဒေါက်တာတူးဂျာကပြောပါတယ်။

“ပြည်တွင်းငြိမ်းချမ်းရေးပို၍ မြန်မြန်ဆန်ဆန်ရလာရှိအောင် ပိုပြီးခိုင်မာလာအောင် တွန်းအားပေးကူဖို့ပေါ့နော်၊ တပ်မတော်ကိုရောပေါ့ “

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ကူညီဆောင်ရွက်ပေးနေတဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကချင်ပြည်နယ်အတွင်း နှစ်နဲ့ချီပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ စစ်ပြေးဒုက္စသည်တွေအရေး ကိုလည်း ဦးစားပေးကူညီဆောင်ရွက်ပေးစေချင်ပါတယ်လို့ ကချင့်အရေးလှုပ်ရှားသူ I Z Aung ကလည်း ပြောပါတယ်။ အခုလက်ရှိဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်တွင်းက စစ်ရေးအခြေအနေနဲ့ စစ်ပြေးဒုက္ခသည်တွေ ကြုံနေရတဲ့အခက်အခဲတွေကို သူက အခုလို ရှင်းပြပါတယ်

“ငြိမ်းချမ်းရေးနေ့မှာကိုကမှာ ကျွန်တော်တို့ လိုင်ဇာအနီးအနားမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်တယ်ပေါ့နော်။ ရဟတ်ယာဉ်တွေသုံးပြီးတိုက်တယ်ဆိုတော့ အစိုးရကနေပြီးတော့ တဘက်က ငြိမ်းချမ်းရေးလုပ်နေတယ် ဆိုပြီးပြောနေတော့ ကျွန်တော်တို့ အတွက်မေးခွန်းထုတ်စရာလည်း ဖြစ်နေပါတယ်။ နောက်ပြီးတော့ အခုရှိနေတဲ့လက်ရှိ IDP (အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရသူတွေ) တသိန်းနီးပါးကို သူကနေပြီးတော့ မပေးသည့်တိုင်အောင်ပေါ့၊ မပေးဘူးဆိုတာက အစားအစာအားဖြင့်သော်လည်းကောင်း၊ ဆေးဝါးအားဖြင့်သော်လည်းကောင်းမပေးသည့်တိုင်အောင် တခြားနိုင်ငံကပေးတဲ့အကူအညီတွေကို လုံး၀ ပိတ်ပင်တားဆီးခြင်းမရှိပဲနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ တန်ဖိုးရှိရှိပေါ့၊ အဲဒါမျိုးလုပ်ပေးမယ်ဆိုရင် ပိုပြီးမှကောင်းပါတယ် ”

နှစ်နဲ့ချီ နေရပ်ရင်းတွေကို စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် ဒေသတွင်း တည်ငြိမ်လာရင် ရေရှည်ဘဝရပ်တည်ရေးနဲ့ လူမှုဘဝပြန်လည် ထူထောင်နိုင်ရေး စတဲ့ အရေးကြီး လိုအပ်ချက်တွေကို ဒီမိုကရေစီ အင်အားစုတွေ ဦးဆောင်မယ့် လွှတ်တော်သစ်၊ အစိုးရသစ်ဘက်က အလေးအနက်ထား ဆောင်ရွက်ပေးဖို့ကိုလည်း လိုလားနေကြတာပါ။ ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းဒေသတွေက တိုက်ပွဲတွေကြောင့် စစ်ရှောင်ထွက်ပြေးရင်း ဒုက္ခရောက်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေ အနေနဲ့ အစိုးရသစ် လက်ထက် ဒေသတွင်း တည်ငြိမ်ငြိမ်းချမ်းရေးရပြီး နေရပ်ရင်းပြန်ရဖို့ မျှော်လင့်နေကြတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေကပြောပါတယ်။ ဒါပေမဲ့လို့ အခုရက်ပိုင်းအတွင်းမှာတော့ ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းဒေသတချို့မှာတော့ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့အကြား တိုက်ပွဲတွေပြန်ဖြစ်နေပြီး ဒေသခံပြည်သူတွေဟာ စစ်ဘေးက တိမ်းရှောင်နေကြဆဲအနေအထားဖြစ်နေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG