သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သမ္မတ ဒူတာတေး သားဆက်ခြားရေး အစွမ်းကုန်ကြပ်မတ်မည်


 သမ္မတရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ Rodrigo Duterte
သမ္မတရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ Rodrigo Duterte

ဖိလစ်ပိုင်နိုင်ငံရဲ့ ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ Rodrigo Duterte က တိုင်းပြည်မှာ သန္ဓေသား တားမြစ်တာတွေကို အရှိန်မြင့် လုပ်ဆောင်သွားမယ်လို့ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

သန္ဓေသားတားမြစ်ဆေး အသုံးပြုတာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့ တိုင်းပြည်မှာ သြဇာအရှိန်အဝါကြီးတဲ့ ကက်သလစ်အသင်းတော်နဲ့ အတိုက်အခံ လုပ်ရလည်း ဒါကိုရင်ဆိုင်မယ်လို့ ဆိုပါတယ်။

လာမယ့် ကြာသပတေးနေ့ကျရင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတော့မယ့် Duterte က - ကလေးတွေ အများအပြား ရှိတာဟာ မိသားစုတွေကို ဆင်းရဲတွင်းထဲ ပိုရောက်စေတယ်လို့ ဆိုပြီး တအိမ်ထောင်မှာ အများဆုံး ကလေး ၃ ယောက်ပဲ မွေးဖို့ ဖိလစ်ပိုင် နိုင်ငံသားတွေကို သူ အကြံပြုတဲ့အကြောင်း ထပ်မံ ပြောဆိုလိုက်တာပါ။

ခပ်ကြမ်းကြမ်း စကားလုံးတွေနဲ့ သုံးနှုန်းပြောသူအဖြစ် လူသိများတဲ့ Duterte က အခုကိစ္စမှာလည်း မနာခံတဲ့ယောက်ျားတွေရဲ့ လိင်အင်္ဂါကို ဖြတ်ပစ်မယ်လို့ ခပ်ကြမ်းကြမ်း ခြိမ်းခြောက်ထားပါတယ်။

တောင်ပိုင်း Davao မြို့တော်ဝန်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့ချိန်အတွင်း ကိုယ့်ဆန္ဒနဲ့ကိုယ် သားကြောဖြတ်ကြတဲ့ အမျိုးသားတွေကိုရော၊ သားကြောဖြတ် ပေးတဲ့ ဆရာဝန်တွေကို ဆုလာဘ်တွေ ပေးတာတွေလုပ်ခဲ့တဲ့ သူ့ရဲ့ သားဆက်ခြား မိသားစု စီမံကိန်းအကြောင်း Duterte က ဥပမာပေး ပြောပါတယ်။ ဒီစီမံကိန်းလိုပဲ တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်သွားမှာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။

သမ္မတ ရွေးကောက်ပွဲဝင်ဖို့ သူ့ကို အားပေးထောက်ခံခဲ့တဲ့ သမ္မတဟောင်း Fidel Ramos ကိုလည်း ၁၉၉၂ ခုနှစ်ကစလို့ တိုင်းပြည့်ရဲ့ ပထမဆုံး Protestant ဘာသာဝင်တယောက် အနေနဲ့ သန္ဓေတားဆေး ပိုမိုသုံးစွဲရေး ရဲရဲဝံ့ဝံ့ လုပ်ဆောင်ခဲ့တဲ့အပေါ်မှာ Duterte က ချီးကျူးပြောဆို သွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG