သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု ပင်လုံညီလာခံ အလားအလာကောင်းတဲ့ ပထမခြေလှမ်းဖြစ်ကြောင်း ဘန်ကီမွန်းပြော


(MOFA)
(MOFA)

ဒီကနေ့ မနက် စတင်ကျင်းပတော့မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေအားလုံး ပါဝင်နိုင်ဖို့ မဖြစ်နိုင်တော့ပေမဲ့ အစိုးရဘက်က အားလုံးပါဝင်နိုင်ရေး ကြိုးစားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း ၂၁ ရာစု ပင်လုံညီလာခံဟာ အလားအလာကောင်းတဲ့ ပထမအဆင့် ခြေလှမ်းဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

၂၁ ရာစုပင်လုံညီလာခံကို တအာင်းပလောင်၊ ကိုးကန့်၊ ရခိုင် စတဲ့ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်သုံးဖွဲ့တက်ဖို့ အစိုးရဘက်က ဖိတ်ကြားခြင်း မရှိခဲ့သလို၊ လက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း အစိုးရက တောင်းဆိုထားတဲ့အတိုင်း လက်နက်ကိုင်လမ်းစဉ်ကို မူအားဖြင့် စွန့်လွှတ်ဖို့ ဆိုတဲ့ ကြေညာချက် ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။ ဒီအခြေအနေနဲ့ ပတ်သက်လို့ အစိုးရဘက်က ငြိမ်းချမ်းရေးညီလာခံမှာ အားလုံးပါဝင်ရေး အတတ်နိုင်ဆုံးကြိုးပမ်းခဲ့ကြောင်း မနေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ နေပြည်တော်မှာ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့ပါတယ်။

“ကျမကတော့ တတ်နိုင်ရင်တော့ များများတက်နိုင်အောင်လို့ ကျမတို့တတ်နိုင်သမျှ အားလုံး လုပ်ပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ တက်တယ်၊ မတက်တယ်ဆိုတာ နောက်ဆုံး ကာယကံရှင်တွေက ဆုံးဖြတ်ရမှာပါ။”

NLD အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ မျှော်လင့်ချက်အတွက် စတင်လိုက်တဲ့ ခြေလှမ်းဖြစ်ကြောင်း ညီလာခံကို တက်ရောက်လာတဲ့ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

“၂၁ ရာစု ပင်လုံညီလာခံဟာ အလားအလာကောင်းတဲ့ ပထမအဆင့် ခြေလှမ်းဖြစ်ပါတယ်။ ဒီညီလာခံမှာ ပါဝင်သူအားလုံးရဲ့ စိတ်ရှည်သည်းခံမှု၊ စိတ်ဓာတ်ကြံ့ခိုင် သန္ဓိဌာန်ခိုင်မာမှု၊ အလျှော့အတင်း ညှိနှိုင်းလိုတဲ့ စိတ်ဓာတ်တွေကို ကျနော့်အနေနဲ့ ချီးကျူးပါတယ်။”

ဒါ့အပြင် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် NLD အစိုးရမှာ စိန်ခေါ်မှု အများအပြားရှိနေကြောင်းနဲ့ အဲဒီထဲက ရခိုင်ပြည်နယ်ပဋိပက္ခအပေါ်မှာ နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေကို သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့ကြောင်း မစ္စတာ ဘန်ကီမွန်းက အခုလို ပြောသွားပါတယ်။

“ရခိုင်ပြည်နယ်တွင်း နောက်ဆုံးဖြစ်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ အခြေအနေဟာ နက်ရှိုင်းရှုပ်ထွေးတဲ့အတွက် ပြဿနာအရင်းအမြစ်တွေကို ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ အစိုးရဘက်က ကျနော်ကို အခိုင်အမာ ပြောခဲ့ပါတယ်။ IDP စခန်းတွေမှာ နှစ်ပေါင်း လေးနှစ်ကျော်ကြာ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ဆင်းရဲကြပ်တည်းပြီး နေထိုင်နေရတာနဲ့ ပတ်သက်လို့လည်း နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်မှုရှိကြောင်း ကျနော်ဘက်က ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြခဲ့ပါတယ်။ အခြားနေရာတွေမှာ ရှိနေကြတဲ့ လူတွေလိုပဲ လူတိုင်းဟာ အနာဂတ်မျှော်လင့်ချက်နဲ့ လူ့ဂုဏ်သိက္ခာရှိရှိ နေထိုင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ ကိုယ့်ကိုကိုယ် ရိုဟင်ဂျာလို့ ပြောပိုင်ခွင့် ရှိ မရှိ မေးခွန်းထုတ်နေရမယ့် ကိစ္စတခုတည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ဘယ်တိုင်းရင်းသား၊ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် တူညီတဲ့ အခွင့်အလမ်းတွေနဲ့ သဟဇာတကျကျ အတူယှဉ်တွဲ နေထိုင်သင့်ပါတယ်။”

၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်လာတဲ့ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။

သြဂုတ်လ ၃၁ ရက်နေ့ကနေ စက်တင်ဘာလ ၄ ရက်နေ့ထိ နေပြည်တော်မှာ ၅ ရက်ကြာ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို တိုင်းရင်းသားလက်နက်ကိုင် ၂၁ ဖွဲ့ထဲက ၁၈ ဖွဲ့ တက်ရောက်မှာဖြစ်ပြီး ကျန်သုံးဖွဲ့ဖြစ်တဲ့ ရခိုင့်တပ်မတော်၊ ကိုးကန့်နဲ့ တအာင်း-ပလောင် မဟာမိတ်လက်နက်ကိုင် ၃ ဖွဲ့ကတော့ အစိုးရဘက်ကဖိတ်ကြားခြင်း မရှိတဲ့အတွက် တက်ရောက်ဖို့ မရှိပါဘူး။

ညီလာခံအတွင်း တက်ရောက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က တဖွဲ့ချင်းစီအလိုက် ၁၀ မိနစ်ကြာ တင်ပြ ပြောဆိုခွင့်ရမှာဖြစ်ပြီးနောက် ၆ လကြာ ကျင်းပမယ့် ဒုတိယအကြိမ် ညီလာခံကျမှ အပြန်အလှန်၊ ဆွေးနွေးပြောဆိုတာ၊ သဘောတူ ဆုံးဖြတ်ချက် ချမှတ်တာတွေကို ပြုလုပ်မှာဖြစ်တယ်လို့ ညီလာခံဖြစ်မြောက်ရေး တာဝန်ရှိသူတွေဘက်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG