သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝ ကိုယ်စားလှယ်အဖွဲ့ကို ရှင်းပြတောင်းပန်ဖို့ ဒေါ်စုညွှန်ကြား


ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံကို ဆက်မတက်ဘဲ ထွက်ခွာသွားတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ကိုယ်စားလှယ် အဖွဲ့ကို ဖြစ်စဉ်တွေကို ရှင်းပြ တောင်းပန်ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွန်ကြားလိုက်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံမှာ တန်းတူခွင့်မရဘူးဆိုပြီး၀ ပြည်သွေးစည်းညီညွှတ်ရေးတပ်ဖွဲ့ ကိုယ်စားလှယ်တွေ ညီလာခံကို ဆက်မတက်ဘဲ ထွက်ခွာသွားကြပါတယ်။မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံမှာ တန်းတူညီမျှ ဆက်ဆံမခံရဘူးဆိုပြီး ညီလာခံ ဒုတိယနေ့မှာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်ရဲ့ နိုင်ငံရေး အဖွဲ့အစည်း ဝပြည် သွေးစည်းညီညွတ်ရေးပါတီ ကိုယ်စားလှယ် အဖွဲ့က ညီလာခံကို ဆက်မတက်ဘဲ ထွက်ခွာသွားတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်စဉ်ကို ပြန်လည်ရှင်းပြ တောင်းပန်ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားလိုက်တယ်လို့ သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး အခုလို ပြောဆိုပါတယ်။

"ကျနော်တို့ ၀ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နေ့လည်ထဲက တာဝန်ရှိသူ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သတင်းပို့ပါတယ်။ သတင်းပို့ပြီး ဖြစ်စဉ် အစအဆုံးကို ရှင်းပြပါတယ်။ ခုနက ဒေါက်တာ လျန်မုန်း ရှင်းပြတဲ့ အတိုင်းပါဘဲ။ အဲတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောတာကတော့ ဒါကို ဖြစ်စဉ် အမှန်အတိုင်း ရှင်းပြပေးဖို့၊ နောက် ဘယ်သူ့ ဘယ်သူမှ အပြစ်မတင်ပါနဲ့။ ဒါဟာ ဖြစ်တတ်တဲ့ ဟာလေးတွေပေါ့နော်။ နည်းပညာဆိုင်ရာ လွဲမှားမှုတွေ ရှိခဲ့တယ်။ အဲဒီအတွက်နဲ့တော့ ကျနော်တို့သွားနေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မထိခိုက်အောင် ဆောင်ရွက်သွားဖို့ပေါ့နော်။ အဲဒါလေးကို လမ်းညွှန်ပါတယ်။ သူလည်း အကုန်လုံးသိပြီးသွားပြီ။ အကုန်လုံးလည်း ရှင်းပြပြီးပြီ။ ဒါ ဘယ်သူ့အပြစ်မှ မဟုတ်ဘူးပေါ့နော်။ ဖြစ်တတ်တဲ့ဟာလေးတွေ ဖြစ်သွားတဲ့ အပေါ်မှာ သူတို့ကို နားလည်မှု ရှိရှိ ကျနော်တို့ ပြန်တောင်းပန်ဖို့။ အလားတူ မိုင်းလားမှာလည်း ဖြစ်သွားတယ်။ ဒါလေးတွေ အကုန်လုံး ရှင်းပြဖို့။ ဒါပေမယ့် ဒါတွေဟာ ဘယ်သူ့အပြစ်မှ မဟုတ်ဘူး။ နားလည်မှုလွဲမှားအောင် လုပ်သလို ဖြစ်သွားပါတယ်။ ဒီအတွက်တော့ ကျနော်တို့ သွားနေတဲ့ Peace Process (ငြိမ်းချမ်းရေး လုပ်ငန်းစဉ်) ကို ကြီးကြီးမားမား မထိခိုက်အောင်ပေါ့နော် ကျနော်တို့ဘက်က ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ "

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို တက်ရောက်လာတဲ့ ဝပြည် သွေးစည်းညီညွတ်ရေး ပါတီ UWSP ကိုယ်စားလှယ်တွေဟာ ညီလာခံမှာ UWSA ရဲ့ လိုလားချက် အသေးစိတ် ဖော်ပြထားတဲ့ စာတမ်း ဖတ်ဖို့ ပြင်ဆင်ထားတာပါ။ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ကော်မတီ အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မုန်း ဆာခေါင် ကတော့ ဝပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ကို တခြားတိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တန်းတူ အခွင့်အရေး ပေးခဲ့တဲ့ အကြောင်း ဖြေရှင်းပါတယ်။

"ဖွင့်ပွဲနေ့မှာ သူတို့ အနေနဲ့ ရှေ့ဆုံးနေရာမှာ နေရာလိုချင်တယ် ၀ နဲ့ မိုင်းလား က သူတို့ အနေနဲ့ တောင်းဆိုပါတယ်။ ဆိုတော့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးက ၁၇ ဖွဲ့ ရှိတဲ့ အပေါ်မှာ သူတို့ကို အထူးဦးစားပေးပြီးတော့ ရှေ့ဆုံးက ခုံ ၂ ခုံကို ၀ နဲ့ မိုင်းလား အတွက် ကျနော်တို့ ချန်ထားပေးတယ်။ ဆိုတော့ ကျန်တဲ့ ၆ ခုံကို DPN ဘက်က ၃ ခုံ ယူတယ်။ ကျနော်တို့ လက်မှတ်ရေးထိုးထားတဲ့ ၈ ဖွဲ့က ၃ ခုံ ယူတယ်။ အဲလိုနဲ့ ကျနော်တို့ အတတ်နိုင်ဆုံး မျှမျှတတ ဆောင်ရွက်ပြီးတော့ သူတို့ကိုလည်း ရှေ့ဆုံးမှာ နေရာပေးတယ်။ နောက်ပြီးတော့ သူတို့ကိုလည်း ကျနော်တို့ ကျင်းပရေး ကော်မတီမှာ ယနေ့ အထိ အဲလို ပြောတာမျိုး တခုမှ မရှိသေးဘူး။ ပြီးတော့ သူတို့ကို လေ့လာသူ အနေနဲ့ တက်ခွင့်ပေးတယ်ဆိုတာကလည်း လုံး၀ မမှန်ဘူး။ ကျနော်တို့ ဒီ ကျင်းပရေး ကော်မတီမှာ ၁၇ ဖွဲ့ကို ၁၇ ဖွဲ့ဆိုတဲ့ နေရာမှာ လက်မှတ်ရေးထိုးထားတဲ့ ၈ ဖွဲ့ ရှိတယ်။ DPN က ၇ ဖွ့ဲ ရှိတယ်။ ၀ နဲ့ မိုင်းလား ရှိတယ်။ အားလုံးကို ကျနော်တို့က တရားဝင် တက်ရောက်ခွင့် အဖြစ်နဲ့ တက်ရောင်ခွင့် သူတို့ကို ပေးတဲ့ အတွက်လည်း ရှေ့ဆုံးမှာ ထိုင်ခွင့်ရတာ ဖြစ်ပါတယ်။ "

ညီလာခံ ကျင်းပရေး ကော်မတီက အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးကတော့ ငြိမ်းချမ်းရေး ညီလာခံကို ဝပြည်သွေးစည်းညီညွတ်ရေး ပါတီကို တရားဝင် တက်ရောက်သူ အဖြစ် ဖိတ်ကြားခဲ့တာ ဖြစ်ပေမယ့် မနေ့က ဖွင့်ပွဲမှာတော့ ၀ ကိုယ်စားလှယ်တွေ အတွက် လေ့လာသူ ဝင်ခွင့်ကတ်တွေကို ယာယီ သဘော ထုတ်ပေးခဲ့တာ ဖြစ်ပြီး ဒီအပေါ်မှာ နားလည်မှု လွဲတာလို့ ဆိုပါတယ်။ ညီလာခံ ကျင်းပရေး ကော်မတီဘက်က သွားရောက်ညှိနှိုင်းခဲ့ကြပေမယ့် မအောင်မြင်ပါဘူး။ ဝပြည်သွေးစည်းညီညွတ်ရေး အဖွဲ့ UWSA ရဲ့ ပြောခွင့်ရ ယေ့ဗ်နမ်ဆွမ် ကတော့ အခြေအနေကို မသိရသေးဘူးလို့ ဗွီအိုအေကို ပြောပါတယ်။

"ဟုတ်ကဲ့ရှင့်။ ကျမတို့ အဲဒါတော့ ဘာမှ သေသေချာချာ ပြောလို့ မဖြစ်သေးဘူး။

ကျမလည်း သေသေချာချာ မသိသေးဘူး အဲဒီကိစ္စ။ ဟုတ်ကဲ့ရှင့်။ လောလောဆယ် ဒီမှာတော့ ဘာမှ အဲလို ဘာအကြောင်းရယ်လို့ သေသေချာချာ တိတိကျကျ မပြောသေးဘူး။ အဲလိုဘဲ သတင်းတွေ ဖြစ်သေးတာ။ "

တိုင်းရင်းသား လက်နက်ကိုင် အားလုံးပါဝင်ခွင့်ရရေး ကြိုးပမ်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံမှာတော့ လက်ရှိမှာတော့ အပစ်ရပ်နဲ့ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့က ကိုယ်စားလှယ်တွေ ညီလာခံမှာ ဆက်လက် ပါဝင် တက်ရောက်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG