သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု ပင်လုံညီလာခံအတွက် ဖိတ်စာတွေ ပို့နေပြီ


၂၁ ရာစု ပင်လုံညီလာခံအကြို နိုင်ငံရေး မူဘောင်ဆွေးနွေးပွဲကို ရန်ကုန် NRPC ခန်းမ မှာကျင်းပစဉ် (ဓါတ်ပုံ-ဦးလှမောင်ရွှေ)
၂၁ ရာစု ပင်လုံညီလာခံအကြို နိုင်ငံရေး မူဘောင်ဆွေးနွေးပွဲကို ရန်ကုန် NRPC ခန်းမ မှာကျင်းပစဉ် (ဓါတ်ပုံ-ဦးလှမောင်ရွှေ)

ဒီလကုန်မှာ စတင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်မယ့် အစု အဖွဲ့ဝင်တွေ၊ ပါတီ၊ အဖွဲ့အစည်းတွေကို ဖိတ်ကြားစာတွေ ပေးပို့ထားပြီဖြစ်ပါတယ်။ လောလောဆယ်မှာတော့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေထဲက ၁၈ ဖွဲ့ကို ဖိတ်ကြားထားပြီး နိုင်ငံရေးပါတီအစုအဖွဲ့ကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီ ၂၂ ပါတီကို ဖိတ်ကြားထားပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၃၁ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံအတွက် တက်ရောက်မယ့် ကိုယ်စားလှယ်တွေကို ဒီရက်ပိုင်းအတွင်းမှာ ဖိတ်ကြားစာတွေ ပေးပို့ထားပြီ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့၈ဖွဲ့မှာ အပါအဝင်ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းက ညီလာခံအတွက် ဖိတ်ကြားစာကို မနေ့က ရရှိကြောင်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စိုင်းလှက အခုလို ပြောပါတယ်။

“လက်ခံရရှိပါပြီခင်ဗျ။ နောက်ဆုံးအကြိမ်ထပ်မံရောက်ရှိလာတာ ကျနော်တို့ DDKC ရုံးက ထပ်ရောက်လာတာ မနေ့ညကဖြစ်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံတက်ဖို့ပေါ့နော်။ DDKC ရုံးကနေ တဆင့်ပို့လာတာပေါ့ တရားဝင်သွားကြမှာတော့ အားလုံးသွားမှာက ၃၀ ရက်နေ့အရောက်သွားရမှာဖြစ်ပါတယ်။”

NCA ကို လက်မှတ်မရေးထိုးသေးတဲ့ UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ် ကောင်စီ အဖွဲ့ဝင်၇ဖွဲ့ကိုတော့ ညီလာခံပူးတွဲကျင်းပရေးကော်မတီမှာ ပါဝင်တဲ့ ကိုယ်စားလှယ်တွေက ဦးဆောင် ဖိတ်ကြားဖို့ စီစဉ်ထားကြောင်း UNFCရဲ့ တွဲဘက်အတွင်းရေးမှုး ဦးထွန်းဇော်က ပြောပါတယ်။

“ဖိတ်ကြားစာကတော့ ကျနော်တို့ ကျင်းပရေးပူးတွဲကော်မတီမှာပါဝင်ပြီးဖြစ်တဲ့အတွက်လေ။ ဖိတ်စာကတော့ ကျင်းပရေးပူးတွဲကော်မတီကနေ တာဝန်ခွဲပြီးတော့မှ ပို့ကြတာပေါ့နော်။ အစိုးရဘက်က ဖိတ်တဲ့ပုံစံမဟုတ်ပဲနဲ့ ပူးတွဲကော်မတီဘက်က ဖိတ်ကြားတဲ့ ပုံစံလုပ်ပါတယ်။ လုပ်တော့ဖိတ်စာမှာ ကျနော်တို့ကိုယ်တိုင်ပါဝင်ဖို့အတွက်ပေါ့လေ။ တဖွဲ့ချင်းစီကို UNFC ကနေပြီးတော့မှ တာဝန်ယူပြီးဖိတ်ကြားသွားမယ်ပေါ့လေ။ UNFC ဝင်အဖွဲ့အစည်းတွေကိုပေါ့ အဲဒီလိုစနစ်နဲ့သွားဖို့ ရည်ရွယ်ပါတယ်။”

လောလောဆည်မှာတော့ အစိုးရတပ်မတော်နဲ့ စစ်ရေးပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့ PSLF/TNLAခေါ် တအာန်း(ပလောင်) တပ်ဖွဲ့၊ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့နဲ့ AAခေါ်ရခိုင်တပ်ဖွဲ့တွေ ပါဝင်တက်ရောက်ရေးဟာ မရေမရာရှိနေဆဲဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ NDAA ခေါ်မိုင်းလားအဖွဲ့ကနေတဆင့် ဒီအဖွဲ့၃ဖွဲ့ကို ဖိတ်ကြားစာပေးပို့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ မိုင်းလားအဖွဲ့ကတော့ အခုချိန်ထိ ဖိတ်ကြားစာမရသေးကြောင်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်ပြောပါတယ်။

“အစိုးရတက်လာတာ ဆက်သွယ်ပြီးနောက်ဆွေးနွေးတာကတော့ရှိတယ်။ ဖိတ်ကြားတာကတော့ အဲဒီစာကတော့ မတွေ့သေးဘူး ကျနော်တို့ဆီမှာ မရဘူး။”

ဆက်လက်ဖြစ်ပွားနေတဲ့ PSLF/TNLAခေါ် တအာန်း(ပလောင်) အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှုး တာဘုန်းကျော်ကတော့ ဖိတ်ကြားမယ်ဆို သူတို့ ၃ဖွဲ့အနေနဲ့ တက်ရောက်ဖို့ ရှိကြောင်း ပြောပါတယ်။

“ဖိတ်ကြားလာမယ်ဆိုရင်တော့ ကျနော်တို့ ၃ ဖွဲ့စလုံးတက်ဖို့ရှိပါတယ်။ ဖိတ်ကြားလာမယ်ဆိုရင်။”

၂၁ရာစုပင်လုံကို တက်ရောက်ဖို့ ဆုံးဖြတ်တာကတော့ ငြိမ်းချမ်းရေးကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ဖို့ဖြစ်ပြီး ရက်ကပ်ပြီးမှ ဖိတ်ကြားလာရင်တော့ ခရီးသွားလာရေးအတွက် အခက်အခဲရှိနိုင်ကြောင်း ပြောပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC)ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို ဖိတ်ကြားဖို့ ရှိကြောင်း သတင်းထုတ်ပြန်ထားတာရှိပါတယ်။

နိုင်ငံရေးပါတီအစုအဖွဲ့ကတော့ အဓိက ၂၀၁၅ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီတွေကို ဖိတ်ကြားထားပြီဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) နိုင်ငံရေးအစုအဖွဲ့ရဲ့ အတွင်းရေးမှုး စိုင်းကျော်ညွှန်က အခုလို ပြောပါတယ်။

“နိုင်ငံရေးပါတီ အစုအဖွဲ့ကတော့ ကျနော့်ကို ဖိတ်ခိုင်းလိုက်တာနဲ့ ကျနော်လှမ်းဖိတ်ထားတာပေါ့လေ။ ၂၂ ပါတီ ပါပဲ။”

၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်မရတဲ့ ပါတီ ၇၀ကတော့ ကိုယ်စားလှယ် ၅ဦးသာတက်ရောက်ဖို့ အစိုးရက သတ်မှတ်ခဲ့တာကို လက်မခံဘဲ တစ်ပါတီ ကို ကိုယ်စားလှယ်တယောက် တက်ရောက်ခွင့်ရဖို့အတွက် တင်ပြထားပါတယ်။ ဒီကနေ့အထိတော့ အစိုးရဖက်က ဒီတင်ပြချက်နဲ့ပတ်သက်ပြီး တစုံတရာ တုံပြန်တာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG