သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကဗျာဆရာ စောေ၀ ပြန်လွတ်ပြီ


ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဝေဖန်တယ်ဆိုတဲ့ စွဲဆိုချက်နဲ့ ထောင်ဒဏ် နှစ်နှစ် အပြစ်ပေးခံရတဲ့ ကဗျာဆရာကိုစောေ၀ ဒီကနေ့မနက်မှာ ရမည်းသင်းထောင် ကနေ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါတယ်။ ကဗျာဆရာကိုစောဝေဟာ ထောင်အတွင်းမှာ မျက်စေ့ တိမ်စွဲတဲ့ ရောဂါ ခံစားခဲ့ရတာကြောင့် မကြာမီ ရက်တွေအတွင်းမှာ ခွဲစိတ်ကုသဖို့ ပြင်ဆင်ထားတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။ ဒီသတင်း ကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကဗျာဆရာ ကိုစောဝေရေးသားခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ဆိုတဲ့ ကဗျာရဲ့ အစ စာလုံးတွေကို ဖတ်ကြည့်မယ်ဆိုရင် အာဏာရူးကြီး မှူးကြီး သန်းရွှေဆိုတဲ့ အဓိပ္ပါယ်ထွက်တာကြောင့် အာဏာပိုင်တွေက နိုင်ငံတော် အသရေဖျက်မှု ပုဒ်မ ၅၀၅ (ခ)နဲ့ စွဲဆိုပြီး ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့မနက်မှာတော့ ကိုစောဝေဟာ ရမည်းသင်းထောင်က ပြန်လည် လွတ်မြောက်လာပြီဖြစ်တယ်လို့ ဇနီးဖြစ်သူ မနန်းစန်းစန်းအေးက ပြောပါတယ်။

“လွတ်ပြီ၊ လွတ်ပြီ၊ ဟုတ်တယ်၊ ရမည်းသင်းကနေ ၉ နာရီကျော်ကျော် လောက် ဖုန်းဆက်လာတယ်။ သူထွက်လာပြီတဲ့။”

ကိုစောဝေဟာ ရမည်းသင်းကနေ ရန်ကုန်ကိုအလာ လမ်းခရီးမှာ ရှိနေတာကြောင့် တိုက်ရိုက်ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကိုစောဝေဟာ ထောင်အတွင်းမှာ မျက်စေ့နဲ့အစာအိမ်ရောဂါတွေ ခံစားခဲ့ရတာကြောင့် ဒီရက်ပိုင်းအတွင်းမှာ မျက်လုံးခွဲစိတ်ဖို့ ပြင်ဆင်ထား တယ်လို့ ပြောပါတယ်။

“သူရောက်ပြီးတော့ မျက်စေ့ခွဲမယ်။ Booking လုပ်ထားပြီးပြီ။ တိမ်ပေါ့၊ တိမ်တက်တာကို လွှာထုတ်ရမယ်လို့ ပြောတာပဲ။ အထဲရောက်မှ ဖြစ်တာပေါ့။ အစာအိမ်က အစားအချိန်မှန်စားရင်လည်း သက်သာတယ်။ အစာပျော့ပျော့စားရင်လည်း သက်သာတယ်ပေါ့။ ဆေးလည်း သောက်ရတာပေါ့။”

ကိုစောေ၀ ရေးသားတဲ့ကဗျာဟာ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် အချစ်ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီကဗျာ ပါပြီး နောက် ကိုစောဝေကို အာဏာပိုင်တွေက ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ခဲ့ပါတယ်။ ၂၀၀၈ မေလမှာ စီရင်ချက်ချပြီး နိုဝင်ဘာလမှာ ရမည်းသင်းထောင်ကို ပြောင်းရွှေ့ခဲ့တာပါ။

အာဏာပိုင်တွေက ထောင်ဒဏ် နှစ်နှစ် စီရင်ခဲ့ပေမဲ့ ကိုစောဝေဟာ စတင် အဖမ်းခံရတဲ့နေ့ကနေ ထောင်ထဲမှာ စုစုပေါင်း ၂ နှစ် ၄ လနဲ့ ၅ ရက် နေခဲ့ရတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။

ကဗျာဆရာ ကိုစောဝေဟာ HIV/AIDS ကူးစက်ခံရတဲ့ မိဘမဲ့ကလေးများအတွက် ရန်ပုံငွေရှာဖွေပေးတဲ့ အဖြူရောင်သက်တန့်အဖွဲ့ကို ဦးဆောင်သူတဦးလည်း ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်မှာတော့ ဖိနှိပ်မှုကြားကနေ မိမိအမြင်ကို ရဲရဲရင့်ရင့် ဖော်ထုတ်သူအဖြစ် အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ကနေ Hellman/Hammett ဆုကို အပ်နှင်းခဲ့ပါတယ်။

XS
SM
MD
LG