သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု အရေးကြီးကြောင်း ဒေါ်စု မှတ်ချက်ချ


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွေ့ဆုံ (Myanmar State Counsellor Office)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွေ့ဆုံ (Myanmar State Counsellor Office)

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ NCA အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က ယခုအကြိမ်မှာ ငြိမ်းချမ်းရေးကို အောင်မြင်အောင်လုပ်စေလိုကြောင်းနဲ့ မအောင်မြင်ရင်နောက်တကြိမ်အတွက် စောင့်ဆိုင်းရချိန်မှာ တိုင်းပြည်ထိခိုက်နစ်နာမယ့် အချက်တွေကို စဉ်းစားစေလိုကြောင်း နှုတ်ခွန်းဆက် စကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ဆွေးနွေးပွဲမှာတော့ အားလုံးပါဝင်ရေးမူကို ဆက်လက်ညှိနှိုင်းခဲ့ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက်ကိုမိုးဇော်က တင်ပြထာပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)တို့ဟာ ဒီကနေ့မနက် ၁၀နာရီက နေပြည်တော် မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲ နှုတ်ခွန်းဆက်စကားမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အဓိက လိုအပ်ချက်ဟာ ယုံကြည်မှုပင်ဖြစ်ကြောင်း၊ ယုံကြည်မှု ရှိမှပြဿနာတွေကို ဖြေရှင်းနိုင်ကြောင်း၊ ယုံကြည်မှု မရင် စာချုပ်တွေ ချုပ်ဆိုထားပေမယ့် အဟောသိကံ ဖြစ်သွားနိုင်ကြောင်းပြောကြားခဲ့သလို ယခုအကြိမ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အောင်မြင်အောင်လုပ်ဆောင်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။

“နိုင်ငံတနိုင်ငံရဲ့ သမိုင်းကြောင်းဆိုတာ အင်မတန်မှ ရှ ည်ပါတယ်။ အဲဒီတော့ အခွင့်အရေးတခါ လွှတ်သွားမယ်ဆိုရင် ပြန်လာနိုင်ပါတယ်။ ဒါပေမယ့် အဲဒီကြားထဲမှာ အဟောသိကံဖြစ်သွားတဲ့အခြေအနေ လူတွေရဲ့ အခြေအနေအများကြီးရှိပါတယ်။ အဲဒါကြောင့် ကျမတို့က ဒီကြားထဲမှာ အဟောသိကံမဖြစ်သွားစေချင်ဘူး။ ကျွန်မတို့ရဲ့ အချိန်တွေ ပြည်သူလူထုနဲ့ ငြိမ်းချမ်းရေးမှာ ပါနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အရည်အချင်းတွေ ၊ အချိန်တွေ အလကား အဟောသိကံဖြစ်သွားနိုင်တယ် အလကားအတွက် ဖွဲ့စည်းတာမျိုးမဖြစ်သွားစေချင်ပါဘူး။ ဒါကြောင့်မို့ကျမတို့ အောင်မြင်အောင် လုပ်ချင်တယ်။ အောင်မြင်အောင် လုပ်နိုင်ရင် ကျမတို့နိုင်ငံအတွက် အများကြီး အကျိုးရှိနိုင်တယ်။ ဒီတစ်ခါ မအောင်မြင်နိုင်ဘူးဆိုရင် နောင် ဘယ်လောက်ထိ တောင် စောင့်နေတဲ့ အချိန်အတွင်းမှာ ကျမတို့နိုင်ငံ ဘယ်လောက်ထိခိုက် နစ်နာမလဲဆိုတာ ကျမ စဉ်းစားစေချင်တယ်။”

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးမရတာကြောင့် ကမ္ဘာမှာသာမက ဒေသတွင်းမှာပါ ဖွံ့ဖြိုးတိုးတက်မှု့နောက်ကျခဲ့ရကြောင်းလည်း ထောက်ပြခဲ့ပါတယ်။

ဒီကနေ့ဆွေးနွေးပွဲမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံမှာ အဖွဲ့အစည်းအားလုံးပါဝင်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဝင် ဦးခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ ဒီ ၂၁ ရာစုပင်လုံ ညီလာခံကို ချောမောအောင်မြင်စွာ ကျင်းပနိုင်ရေးနဲ့ NCA ပြဌာန်းချက်တွေကို အကောင်ထည်ဖော်ဆောင်ရွက်တဲ့အခါမှာ ကျနော်တို့ တန်းတူရည်တူပူးတွဲပြီးတော့ အကောင်အထည်ဖော်နိုင်ရေးအတွက်ကို အဲဒါကို အဓိကထားဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒီအားလုံးပါဝင်နိုင်ရေးမူအတွက်ကတော့ လက်မှတ်မရေးထိုးသေးတဲ့ သူတွေပါဝင်ရေးအတွက်ကိုပေါ့လေ NCA ရဲ့ ပြဌာန်းချက်တွေ အတိုင်း ဆောင်ရွက်တဲ့ အခါမှာ ကျနော်တို့ NCA ရဲ့ ပြဌာန်းချက်တွေကို အဓိပ္ပာယ် ဖွင့်ဆိုတဲ့အခါမှာ ကျနော်တို့ သဘောထားကြီးကြီးနဲ့ ဖွင့်ဆိုဆောင်ရွက်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့ အားလုံးပါဝင်ရေးမူကိုတော့ အခြေခံထားပြီးတော့ ကျနော်တို့ ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။”

လောလောဆည်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက NCA ကိုလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ဖွဲ့နဲ့ လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့ ၁၀ဖွဲ့လောက်ပါဝင်တက်ရောက်ဖို့ ရှိနေပြီး တအာန်းခေါ် ပလောင်၊ ကိုးကန့်နဲ့ AA ခေါ် ရခိုင်လက်နက်ကိုင်အဖွဲ့တွေပါဝင်ရေးကတော့ တိကျတဲ့သဘောထားထုတ်ပြန်တာမရှိသေးပါဘူး။

အင်္ဂါနေ့ကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်တရပ်ရပ်မှာ အရွေးခြယ်မခံရတဲ့ နိုင်ငံရေးပါတီ ၇၀ကိုယ်စား ကိုယ်စားလှယ် ၅ဦး ရွေးချယ်ရာမှာတော့ နိုင်ငံရေး ပါတီ ၇၀က လက်မခံခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG