သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပထမဆုံးအသုတ် ကရင်ဒုက္ခသည်တွေ နေရပ်ပြန်


ထိုင်းနိုင်ငံမှရောက်ရှိလာသောမြန်မာဒုက္ခသည်များ၊ ၂၆ အောက်တိုဘာ၊ ၂၀၁၆။
ထိုင်းနိုင်ငံမှရောက်ရှိလာသောမြန်မာဒုက္ခသည်များ၊ ၂၆ အောက်တိုဘာ၊ ၂၀၁၆။

ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်စခန်းမှာ ဆယ်စုနှစ် ၃ ခုကျော် ခိုလုံနေကြတဲ့ ဒုက္ခသည် ၁ သိန်းကျော်အနက် နို့ဖိုးစခန်းက ဒုက္ခသည်(၆၅)ဦးဟာ ဒီကနေ့မှာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR)နဲ့ ကရင်ပြည်နယ် အစိုးရ အဖွဲ့တို့အစီအစဉ်နဲ့ ပထမဆုံးတရားဝင်နေရပ်ရင်းကို ပြန်လည်ပို့ဆောင် ခဲ့တာပါ။ ဒုက္ခသည်တွေကို မြဝတီမြို့ တောင်ဘက် လေးကေကော်မြို့သစ်မှာ ယာယီနေရာချထားပေးမှာဖြစ်ပြီး နေရပ်ရင်းပြန်နိုင်ဖို့အတွက် ဆောင်ရွက်သွား မယ်လို့ အစိုးရအဖွဲ့ကနေ ဒီကနေ့ကြိုဆိုပွဲအခန်းအနားမှာပြောဆိုခဲ့ပါတယ်။ အကြောင်းစုံကိုတော့ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန် ကသတင်း ပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခမ်းမှာနေထိုင်တဲ့ ဒုက္ခသည်အထဲက (၆၅)ဦးကို ဒီကနေ့မှာပထမအသုတ်အနေနဲ့ပြည်တွင်းကိုပို့ဆောင်လိုက်ပြီးဖြစ်ပါတယ်။ ပြည်တွင်းပြန်ဒုက္ခသည်တွေကို ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေကနေ မြဝတီမြို့မှာ ကြိုဆိုလက်ခံခဲ့သလို မြဝတီမြို့ တောင်ဘက် လေးကေကော်မြို့သစ်မှာယာယီနေရာချထားပေးမှာဖြစ်ပြီး နေရပ်ရင်းပြန်နိုင်ဖို့အတွက် ဆောင် ရွက်သွား မယ်လို့ အစိုးရအဖွဲ့ကပြောဆိုခဲ့ကြောင်း အခန်းအနားတက်ရောက်ခဲ့သူ မြဝတီမြို့ခံ စာသိန်းမြင့် ကပြောပါတယ်။

“သူတို့ပြောတာကတော့ တစ် တချက်ကတော့ဒီမှာ ယာယီခဏထားထားမယ်ပေါ့၊ ၂ ရက်၊ ၃ရက်လောက်ပေါ့နော်၊ ပြီးရင်သူတို့ကို လေးကေကော်ဆိုတဲ့နေရာမှာ အိမ်တွေဘာတွေဆော်ကထားဖို့စီစဉ်ထားပါတယ်။ ဒါပေမယ့်လည်း ဒုက္ခသည်တွေရဲ့ဆန္ဒအရဘယ်နေရာ၊ ဘယ်ဒေသကိုပြန်မယ်ဆိုတာကတော့ အခုလောလောဆယ်တော့သူတို့တွေအချက်အလက်တွေလိုက်ပြီးမေးမြန်းနေတုန်းပဲ။ လိုအပ်တဲ့အကူအညီတွေ ပေးသွားမယ်။ UNHCR ရဲ့အကူအညီတွေ၊ ICRC ကအကူအညီတွေကိုအခြေခံပြီးတော့ပေါ့နော်။ သူတို့တွေကို ဒုက္ခသည်တွေရဲ့ဆန္ဒအရ သူတို့လိုက်လုပ်ရမှာလို့ ပြောသွားပါတယ်။ “

ဒီဒုက္ခသည်တွေကို မြဝတီပြန်လည်ကြိုဆိုရေးစခန်းမှာ သုံးရက်တာတည်းခိုစေပြီးနောက်ပိုင်းမှာ လေးကေကော်မြို့သစ်နဲ့ရန်ကုန်၊ ပဲခူးတိုင်းဒေသတွေကို ပို့ဆောင်ပေးသွားမယ်လို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ကပြောပါတယ်။ နေရပ်ပြန်ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေကနေ လိုက်ပါပို့ဆောင်ပေးနေတာဖြစ်ပြီး ကရင်ပြည်နယ်အစိုးရ အဖွဲ့က နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင် ဦးဆောင်အဖွဲ့ကနေလက်ခံ ကြိုဆိုခဲ့တာပါ။ နို့ဖိုးဒုက္ခသည်စခမ်းနေမစန်းစန်းအေးကတော့နေရပ်ကိုပြန်ရတဲ့အကြောင်း အခုလိုပြောပါတယ်။

“ ဒုက္ခသည်စခန်းမှာကျတော့ UNHCR တတိယနိုင်ငံမှာ အခြချဖို့မရှိတော့ဘူး။ မိမိနေရပ်ဌာနကိုပြန်ရမယ်။နေရပ်ဌာနကလည်း အခု အကူအညီရောအကုန်လုပ်ပေးမယ်ပြောလို့ပြန်လာတာပေါ့နော် “

ကရင်ပြည်နယ်ဝန်ကြီးချုပ်ကတော့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်အောင် UNHCR နဲ့ပြည်နယ်အစိုးရ တို့ပူးပေါင်းကြိုးပမ်းခဲ့ရတာ ဖြစ်တဲ့အကြောင်းပြောဆိုခဲ့ပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး တာဝန်ရှိသူတွေကတော့နေရပ်ပြန်ရေးအစီအစဉ်မှာ ပါဝင်သူတွေဟာ ကိုယ့်သဘော ဆန္ဒအလျောက် ပြန်ကြမှာဖြစ်တဲ့အကြောင်း ပြောဆိုထားတာပါ။

ဒါပေမဲ့လည်း ကရင်ဒုက္ခသည်ကော်မီတီ KRC ဘဏ္ဍာရေးအကြံပေးဖြစ်တဲ့ နော်ဘလူးမင်းနိုက်ဇန် ကတော့ နေရပ် ရင်းပြန်ပို့ရေး အစီအစဉ်တွေဟာ ဒေသတွင်းမှာ ငြိမ်းချမ်းရေးအာမခံချက် ရှိမှသာ ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။

“ဒါက မိမိဆန္ဒအလျောက် မိမိဘာသာဆုံးဖြတ်ပြီး ပြန်တဲ့အပိုင်းမှာတော့ ကျမတို့ KRC အနေနဲ့ကတော့ မကန့်ကွက်ဘူး။ ဒါပေမယ့် ကျမတို့ကအားလည်းမပေးပါဘူး။ ကျမတို့ ရပ်တည်နေတာက အခြေအနေအားလုံး၊ ပြည်တွင်းစစ် ငြိမ်းချမ်းပြီးတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးပေါ်ပေါက်လာမယ်၊ နောက်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲပြီးတဲ့အခါမှာ အာမခံချက်၊ နောက်ပြီးတော့ လုံခြုံမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊လုံးဝမရှိတော့တဲ့အခြေအနေမျိုးမှ ပြန်ဖို့၊ ပြန်လို့ရမယ်ဆိုတဲ့ အတိုင်းအတာပေါ်မှာ ကျမတို့ရပ်တည်တယ်။ ဒါကြောင့်ဖြစ်တယ်။ ဒါပေမယ့် လက်ရှိအခြေအနေနဲ့ ပြန်လို့မဖြစ်သေးတဲ့ အခြေအနေပါပဲလို့ ကျမတို့ ရပ်တည်တယ်ပေါ့နော်။”

လက်ရှိနိုင်ငံရေးအခြေအနေတည်ငြိမ်မှုမရှိသေးဘဲ စစ်ရေးပဋိပက္ခတွေဆက်လက်ရှိနေဆဲ အခြေအနေတွေကြောင့် ဒုက္ခ သည် တွေနေရပ်ရင်းပြန်ပို့ဖို့မသင့်တော်သေးဘူးလို့ ကရင်ဒုက္ခ သည်ကော်မီတီKRCကနေ သဘောထားရှိ နေပါတယ်။

ထိုင်းနယ်စပ်ရှိမြန်မာဒုက္ခသည်စခန်းတွေဖြစ်တဲ့ ထမ့်ဟင်၊ ဘန့်ဒုံယမ်း၊ နို့ဖိုး၊ အုန်းဖျန်၊ မယ်လ၊ မယ်လာအူး၊ ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) နှင့်အမှတ် (၂) စတဲ့ စခန်း(၁၁)ခုနေဒုက္ခသည် ၁ သိန်းကျော်ရဲ့ ကျန်းမာရေး ပညာရေး လူမှုရေးအပါအဝင် စားဝတ်နေရေးကိစ္စအ၀၀ကို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) အပါအဝင် အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းနဲ့ နိုင်ငံတကာအလှူ ရှင်တွေကနေ ကူညီထောက်ပံ့ပေးထားပါတယ်။

ဒီဒုက္ခသည်စခမ်းနေသူအများစုဟာ ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတပ်မတော်တို့အကြား ဖြစ်ပွါးခဲ့တဲ့စစ်ရေးပဋိပက္ခအတွင်း နေရပ်ရင်းကိုစွန့်ခွါထွက်ပြေး နေရသူတွေဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG