သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်စစ်ဆင်ရေးအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုစုံစမ်းဖို့ ကုလတိုက်တွန်း


ကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စယန်ဟီးလီ
ကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စယန်ဟီးလီ

ရခိုင်ပြည်နယ် မောင်တောဒေသမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပေမဲ့ ခိုင်မာတဲ့ သက်သေ အထောက်အထား ရဖို့အတွက် အခက်အခဲတွေ ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ မခင်ဖြူထွေးက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ လက်ရှိ ရခိုင်ပြည်နယ်က အခြေအနေနဲ့ပတ်သက်ပြီးတော့ မစ္စ ယန်ဟီးလီ ရဲ့ အဓိက စိုးရိမ်ချက်က ဘာတွေ ရှိနေတာပါလဲ။ အရင်ဆုံး ပြောပြပေးပါရှင့်။

“ကမ္ဘာနဲ့ အဆက်အသွယ် ပြတ်နေတာဆိုတော့ အခင်းဖြစ်ပွားချိန်စကတည်းက အဲဒီမှာဘာတွေ ဖြစ်ပွားနေသလဲ ဆိုတာကို အပြည့်အဝ မသိရပါဘူး။ ဒါပေမဲ့ ကျမတို့ အခြေအနေကိုသိနိုင်ဖို့အတွက် ပြင်ပနဲ့ ဆက်သွယ်နိုင်တဲ့ ဒီခေတ်နည်းပညာတွေလည်း ရှိပါတယ်။ အစိုးရအနေနဲ့ စစ်ဆင်ရေး ဇုံနယ်မြေအဖြစ် ကြေညာနိုင်ပါတယ်။ ဒေသခံတွေအတွက်တော့ ပိုပြီးကန့်သတ်တာ ရှိနိုင်ပါတယ်။ ကုလဝန်ထမ်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အဖွဲ့တွေတောင်မှ အဲဒီမှာ ဘယ်လိုအခြေအနေရှိသလဲ ဆိုတာကို သိနိုင်ဖို့အတွက် သွားလို့မရပါဘူး။”

မေး။ မစ္စယန်ဟီးလီတို့ သိထားတဲ့ အချက်အလက်တွေထဲက အကြောင်းအရာ တချို့ကို ပြောပြပါဦးရှင့်။

“ကျမတို့ကြားသလောက်က လူတွေကို ဖမ်းတာဆီးတာ၊ အိမ်တွေ မီးရှို့ခံရတာရှိတယ်။ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ ရှိနေတယ်။ အသတ်ခံရတာတွေ ရှိတယ်။ အကြောင်းပြချက်ပေးပြီး သတ်ပစ်တာတွေ ရှိတယ်။ ဒါတွေက တရားလက်လွတ် သတ်ဖြတ်မှုတွေ ဖမ်းဆီးမှုတွေ ဖြစ်ပါတယ်။ မတရားပြုကျင့်မှုတွေ၊ လူရှေ့သူရှေ့မှာတင် အဓမ္မပြုကျင့်မှုတွေ ရှိတယ်လို့လည်း ကျမတို့ကြားရပါတယ်။ ”

မေး။ ဘာ သက်သေတွေ ရှိပါလဲရှင့်။

“ဒီအချက်အလက်တွေကို မှန်မမှန် သိဖို့က သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေး မှုတွေ လုပ်ဖို့ လိုပါတယ်။ အခုချိန်မှာတော့ ကျမတို့ သွားလာလို့ မရပါဘူး။ မြန်မာနိုင်ငံသားတွေတောင် အဲဒီနေရာတွေကို သွားလာဖို့ကန့်သတ်ခံထားရပါတယ်။”

မေး။ အချက်အလက်တွေကို မစ္စ ယန်ဟီးလီတို့ ဘယ်လို ရရှိပါသလဲ။ မှန်ကန်တဲ့ အချက်အလက်တွေလို့ ဘယ်လို ယူဆနိုင်ပါသလဲ။

“မြန်မာနိုင်ငံထဲမှာ ကျမတို့ရဲ့လူတွေ ရှိပါတယ်။ သူတို့က ဓာတ်ပုံ အထောက်အထားတွေနဲ့ အချက်အလက်တွေ ပို့ပေးပါတယ်။ ကျမတို့အနေနဲ့ အခု ပြောဆိုခဲ့တဲ့အချက်တွေနဲ့ပတ်သက်ပြီး မမှားအောင် အများကြီး ဂရုစိုက်ရပါတယ်။ မှားယွင်းပြီး စွပ်စွဲတာမျိုးလည်း ကျမတို့ မလုပ်ချင်ပါဘူး။ ဒါကြောင့်လည်း အခုကြားသိရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့ ကျမတို့ တောင်းဆိုနေတာပါ။ ဒီလိုလုပ်ဖို့ ဘာတွေ ဖြစ်နေတယ်ဆိုတာကို သေသေချာချာ သိရဖို့ လေ့လာစမ်းစစ်မှုတွေ အပြည့်အ၀ လုပ်ဖို့ပါတယ်။ အခြေအနေက ဘယ်လောက် အတိုင်းအတာအထိ ဆိုးရွားနေသလဲ ဆိုတာကို သေချာသိဖို့လိုပါတယ်။”

မေး။ မြန်မာအစိုးရကတော့ မစ္စ ယန်ဟီးလီတို့ ပြောသလို လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေး အခြေအနေအောက်မှာ နေအိမ်တွေမီးရှို့တာ၊ တရားလက်လွတ် ဖမ်းဆီးသတ်ဖြတ်တာတွေ ဖြစ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းထားပါတယ်။ အစိုးရအနေနဲ့ တည်ဆဲဥပဒေတွေနဲ့ အညီအရေးယူဆောင်ရွက်နေတယ်လို့ပြော

ပါတယ်ရှင့်။

“ဘယ်လိုဥပဒေမျိုးကို ပြောတာလဲ။ အဲဒါပဲ ကျမ သိချင်တာပါ။ ဘယ်လို ဥပဒေမျိုးကို သူတို့ပြောနေတာပါလဲ။ လူသားချင်းစာနာ ထောက်ထားတဲ့ ဥပဒေလား။ ဘယ်လိုဥပဒေမျိုးလဲ။”

မူစလင်လူဦးရေ အများစုရှိတဲ့ မောင်တောမြို့နယ်တွင်းက စစ်ဆင်ရေးတွေအတွင်းမှာ လက်နက်မဲ့ အရပ်သားတွေအပေါ် မတရားပြုကျင့်တာ၊ ရပ်ရွာတွေကို မီးရှို့တာ ဥပဒေမဲ့ ဖမ်းဆီးမှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ မစ္စယန်ဟီးလီ အပါအဝင် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်တွေက မြန်မာအစိုးရကို မနေ့က ကြေညာချက်ထုတ် တောင်းဆိုခဲ့တာပါ။ မောင်တောမှာရှိတဲ့ လုံခြုံရေးတပ်စခန်းတွေကို အောက်တိုဘာ ၉ ရက်နေ့က တိုက်ခိုက်ခံရပြီးတဲ့နောက် မြန်မာလုံခြုံရေးတပ်တွေက ဒေသတွင်းမှာ စစ်ဆင်ရေးတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ မြန်မာအစိုးရဘက်ကတော့ သူတို့အနေနဲ့ စစ်ဆင်ရေးတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်နေတာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG